စစ်တက္ကသိုလ် ဖွဲ့စည်းပုံအမိန့် ရရှိရေးအတွက် ၁၉၅၄ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှ စတင် ဆောင်ရွက်ခဲ့သည်။ နိုင်ငံတော် သမ္မတ၏ ခွင့်ပြုချက် ရရှိသောကြောင့် ၁၉၅၄ ခု သြဂုတ်လ ၂၈ ရက်နေ့တွင် ကာကွယ်ရေး စစ်တက္ကသိုလ် (ပထမဆင့်) ကို ဖွဲ့စည်းတည်ထောင်ခွင့်ပြုကြောင်း စစ်ရုံး အမြဲတမ်းအတွင်းဝန်ဌာနက စစ်ဦးစီးချုပ်ရုံး (တာဝန်နှင့် စီမံဌာန)ကို အကြောင်းကြားခဲ့သည်။ စစ်ဦးစီးချုပ်ရုံး တာဝန်နှင် စီမံဌာနက ၁၉၅၄ သြဂုတ်လ ၁၀ ရက်နေ့တွင် စစ်တက္ကသိုလ် ဖွဲ့စည်းခွင့် အမိန့်အာဏာကို စစ်ရေးချုပ်ဌာနသို့ ထုတ်ပြန်ပေးခဲ့သည်။ စစ်ရေးချုပ်ဌာနက ကာကွယ်ရေး စစ်တက္ကသိုလ် ဖွဲ့စည်းရမည့်နေ့နှင့် ကာလ အပိုင်းအခြားကို ၁၉၅၄ သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ပေးခဲ့သည်။ အမိန့်စာတွင် ကာကွယ်ရေး စစ်တက္ကသိုလ်ကို ၁၉၅၄ ခုနှစ် သြဂုတ်လ ၁ ရက်နေ့ သို့မဟုတ် ထို့ထက် နောက်ကျသော အမှန်တကယ် ဖွဲ့စည်းသည့် နေ့ရက်မှ စတင် ဖွဲ့စည်းရန် ပါရှိခဲ့သည်။ ထို့ကြောင့် ၁၉၅၄ခုနှစ် သြဂုတ်လ ၁ ရက်နေ့ကို စစ်တက္ကသိုလ် စတင် သန္ဓေယူသောနေ့ဟု သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။
မူလက စစ်တက္ကသိုလ် အမည်ကို Defence Services Military Academy ဟု သုံးနှုန်းခဲ့သော်လည်း အပြီးသတ် အမည်ပေးရေးအတွက် စဉ်းစားကြရာတွင် အင်္ဂလိပ်လို အက်ဥပဒေ ထည့်သွင်းရေးအတွက် Defence Services Academy ဟု ခေါ်ရန်နှင့် မြန်မာလို သင့်တော်သလို နောက်မှ ပြန်ယူရန် ၁၉၅၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ကျင်းပသော စစ်တက္ကသိုလ် အကောင်အထည်ဖော်ရေးအဖွဲ့၏ ဒုတိယအကြိမ် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။ စစ်ရုံး စစ်ဦးစီးဌာနက ဖွဲ့စည်းခွင့် အမိန့်ထုတ်ပြန်ရာတွင် ကာကွယ်ရေးစစ်တက္ကသိုလ် ဟု သုံးစွဲခဲ့သည်။
၁၉၅၄ ခု စက်တင်ဘာလ ၁၀ ရက်နေ့တွင် စစ်ရုံး စစ်ဦးစီးဌာနက စစ်ရေးချုပ်ဌာနသို့ စစ်တက္ကသိုလ် ဖွဲ့စည်းခွင့် အမိန့်အာဏာ ထုတ်ပြန်ခဲ့သည်။ ဖွဲ့စည်းခြင်း၌ မူတည်ရန် ဖွဲ့စည်းပုံဇယား ပထမဆင့် ဖွဲ့စည်းပုံတွင် အရာရှိ ၁၂ ယောက် အခြားအဆင့် ၂၄၅ ယောက် တွဲဖက် ၄ ယောက် ပေါင်း ၂၆၁ ဦးပါရှိသည်။ ကျောင်းအုပ်ကြီးမှာ ဒုတိယဗိုလ်မှူးကြီး အဆင့်သာဖြစ်ပြီး သင်တန်းသား ဗိုလ်လောင်း ၁၀၀ ကို ဖွဲ့စည်းပုံ အင်အားတွင် မထည့်သွင်းခဲ့ပါ။ စစ်ဘက် အာဏာပိုင်များနှင့် တက္ကသိုလ် အာဏာပိုင်များ သဘောတူညီချက်အရ စစ်တက္ကသိုလ် စာပေဌာနခွဲ ၈ ခု (အင်္ဂလိပ်၊ မြန်မာ၊ ရာဇဝင်၊ ပထဝီဝင်၊ ဘောဂဗေဒ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ) ဖွဲ့စည်းပုံ အပြင်တွင် သီးသန့် ၃၀ ယောက် ခန့်အပ်ခဲ့ပါသည်။
၁၉၅၅ ခု မတ်လ ၂၃ ရက်နေ့နှင့် ၁၉၅၅ ခု ဇွန်လ ၆ ရက်နေ့တွင် စစ်ရေးချုပ်ဌာန ဖွဲ့စည်းပုံ ၂ ကြိမ် ပြင်ဆင်ခဲ့ပါသည်။ စုစုပေါင်း အခြားအဆင့်အင်အား ၂၄၀ ဖြစ်လာပါသည်။ ထပ်မံ၍ ၁၃-၈-၅၆ တွင် ပြင်ဆင်ချက် ၁၊ ၂၅-၇-၅၇ တွင် ပြင်ဆင်ချက် ၂ နှင့် ၁-၁၂-၅၉ တွင် ပြင်ဆင်ချက် ၃၊ ၉-၁-၆၁ တွင် ပြင်ဆင်ချက် ၄၊ ၉-၈-၆၁ တွင် ပြင်ဆင်ချက် ၅ တို့ကို စစ်ရေးချုပ်ရုံးမှ အတည်ပြုပေးခဲ့သည်။ ထိုသို့ ပြင်ဆင်ခြင်း ၂ ကြိမ်၊ ပြင်ဆင်ချက် ၅ ကြိမ်အပြီးတွင် စစ်တက္ကသိုလ် ဖွဲ့စည်းပုံမှာ အရာရှိ ၁၉၊ အခြားအဆင့် ၃၀၄၊ ဗိုလ်လောင်း ၂၀၀ စုစုပေါင်း ၅၂၃ ယောက် ရှိလာပါသည်။ ထို့ပြင် သင်ကြားရေး အရာရှိ ၁၀၃၊ အခြားအဆင့် ၁၆ ပေါင်း ၁၁၉ ယောက် ဖြစ်လာပါသည်။ ကျောင်းအုပ်ကြီးသည် ဗိုလ်မှူးကြီးအဆင့် ဖြစ်လာပါသည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments:
Post a Comment