မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်တွင် ရဲဘော်သုံးကျိပ် ဘဝနှင့် စစ်ရေး လေ့ကျင့်စဉ်က ကြံစည် စိတ်ကူးခဲ့သော စစ်တက္ကသိုလ်ကို အကောင်အထည်ဖော် ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ကြသည်။ စစ်ရုံးချုပ်က လေ့လာရေး မစ်ရှင် အဖွဲ့သုံးဖွဲ့ ဖွဲ့စည်းပြီး အိန္ဒိယ ပါကစ္စတန် ဗြိတိသျှ ယူဂိုစလားဗီးယား အမေရိကန်ပြည်ထောင်စုနှင့် ဥရောပ နိုင်ငံများသို့စေလွှတ်၍ စစ်ကျောင်းကြီးများ ဖွင့်လှစ်နိုင်ရေး လေ့လာစေခဲ့သည်။ လေ့လာရေးအဖွဲ့များ ပြန်လည် ရောက်ရှိလာသောအခါ စစ်ကျောင်းများ ဖွဲ့စည်းတည်ထောင်ရေး ဆပ်ကော်မတီ ကို စစ်ဦးစီးဌာနက ဖွဲ့စည်းပေးခဲ့သည်။ ထိုကော်မတီက လေ့လာရေး အဖွဲ့များ၏ အစီရင်ခံစာများ အကြံပြုတင်ပြချက်များ မှတ်တမ်းများကို အခြေခံပြီး မြန်မာ့ တပ်မတော်အတွက် လေ့ကျင့်ရေးဆိုင်ရာ မူဝါဒများ ရေးဆွဲခဲ့ပါသည်။
၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့တွင် ဗမာ့တပ်မတော်အတွက် စစ်ကျောင်းကြီးများ ဖွဲ့စည်းနိုင်ရေး ဆွေးနွေးမှုကို စစ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည်။ သဘာပတိ ဒုတိယ ဗိုလ်မှူးကြီး အောင်ကြီး၊ အတွင်းရေးမှူး ဗိုလ်မှူးထွန်းအုံ ဖြစ်ပြီး ဗိုလ်မှူးကြီး မောင်မောင်၊ ဒုတိယ ဗိုလ်မှူးကြီး သောင်းကြည်၊ ဒုတိယ ဗိုလ်မှူးကြီး ကျော်ဦး၊ ဒုတိယ ဗိုလ်မှူးကြီး သန်းစိန်၊ ဒုတိယ ဗိုလ်မှူးကြီး ဘသန်းနှင့် ဗိုလ်ကြီး မောင်မောင်လေးတို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် စစ်တက္ကသိုလ် ဖွဲ့စည်းတည်ထောင်ရေးအတွက် ဆွေးနွေးရာတွင် တပ်မတော်စစ်တက္ကသိုလ် ကို တပ်မတော် ဗိုလ်သင်တန်းကျောင်းအား အခြေပြု၍ ၁၉၅၃ ခုနှစ်အတွင်း ဖွင့်လှစ်ရန် စစ်တက္ကသိုလ် ဝင်ခွင့် အရည်အချင်း သင်တန်းကာလ သင်ကြားပေးမည့် စာပေပညာ အဆင့်အတန်းများကို ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ စစ်ကျောင်းကြီးများ ဖွဲ့စည်းရေး စီမံကိန်း တစ်ရပ် ရေးဆွဲ တင်ပြရန် အမှတ်(၁) ခြေလျင်တပ်မဟာ တပ်ပေါင်းစု တပ်မင်း ဗိုလ်မှူးကြီး မောင်မောင် ဦးဆောင်သော လေ့လာရေး အဖွဲ့ကို ဖွဲ့စည်း တာဝန် ပေးအပ်ခဲ့သည်။
ဗိုလ်မှူးကြီး မောင်မောင် ဦးစီးသော လေ့လာရေး အဖွဲ့သည် ၁၉၅၂ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စစ်ရုံးအရာရှိရိပ်သာ အသစ်တွင် အစည်းအဝေး ကျင်းပခဲ့သည်။ စစ်တက္ကသိုလ်ကို ပြင်ဦးလွင်မြို့ မြန်မာ့တပ်မတော် ဗိုလ်သင်တန်းကျောင်းကို အခြေပြု၍ အနီးစခန်း လေယာဉ်ကွင်းအနီးတွင် ဖွင့်လှစ်ရန် ကြည်းရေလေ အမြဲတမ်း ပြန်တမ်းဝင် အရာရှိများ ဖြစ်လာမည့် ဗိုလ်လောင်းများကို ခေါင်းဆောင်မှု ကွပ်ကဲမှု အခြေခံများ ပညာအရည်အချင်းများ ပြည့်စုံအောင် လေ့ကျင့်ပေးရန် ဝိဇ္ဇာ သိပ္ပံနှင့် ညီမျှသော တက္ကသိုလ်ပညာကို စစ်တက္ကသိုလ်တွင် ၄ နှစ် သင်ကြားပေးရန် ဝိဇ္ဇာ သိပ္ပံ ပညာရပ်များအပြင် လူမှုရေးသိပ္ပံ နိုင်ငံရေးသိပ္ပံ ဘောဂဗေဒ ဘာသာစကား စစ်သမိုင်းဘာသာရပ်နှင့် အခြေခံ စစ်သင်တန်းများကိုပါ ထည့်သွင်း သင်ကြားပေးရန် တပ်မတော်(လေ၊ရေ) အတွက် ဒုတိယနှစ် အပြီးတွင် မြန်မာနိုင်ငံ သို့မဟုတ် ဗြိတိန်နိုင်ငံတွင် သက်ဆိုင်ရာ ဘာသာရပ်များ လေ့လာဆည်းပူးနိုင်ရေး စေလွှတ်ပေးရန် စစ်တက္ကသိုလ် သင်တန်းဌာနတွင် ဗိုလ်လောင်းအင်အား ၄၀၀ ခန့် ဗိုလ်သင်တန်းဌာနတွင် ဗိုလ်လောင်း ၃၀၀ ခန့် လေ့ကျင့် သင်ကြားပေးရန် ဆုံးဖြတ်ခဲ့ကြသည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments:
Post a Comment