၁၉၅၅ ဇူလိုင် ၁ မှစ၍ ဗိုလ်လောင်းများကို တပ်ခွဲအသွင် ဖွဲ့စည်း လေ့ကျင့်ပေးခဲ့သော်လည်း လက်ခံပတ် အမှတ်စဉ် ၁ ဗိုလ်လောင်းများ စတုတ္ထနှစ်ရောက်သည့် ၁၉၅၈ ခုနှစ်မှ စ၍ ဗိုလ်လောင်းများကို အချင်းချင်း လက်တွေ့ ကွပ်ကဲ အုပ်ချုပ်စေခဲ့သည်။ တပ်ခွဲလိုက် တာဝန်ကျ ဗိုလ်လောင်းများမှာ-
အနော်ရထာတပ်ခွဲ
တပ်ခွဲမှူး ဗလသန့်စင်
တပ်စုမှူး ဗလမောင်လတ်
တပ်စုမှူး ဗလတင်လှိုင်
တပ်စုမှူး ဗလဘိုရှိန်း
တပ်ခွဲအရာခံဗိုလ် ဗလဥာဏ်လင်း
တပ်ခွဲတပ်ကြပ်ကြီး ဗလတင်အေး
ဘုရင့်နောင်တပ်ခွဲ
တပ်ခွဲမှူး ဗလမောင်သောင်း
တပ်စုမှူး ဗလတင်ဦး
တပ်စုမှူး ဗလမောင်မောင်
တပ်စုမှူး ဗလကြည်လွင်
တပ်ခွဲအရာခံဗိုလ် ဗလအောင်ကို
တပ်ခွဲတပ်ကြပ်ကြီး ဗလခင်မောင်မြင့်
အပတ်စဉ် ၁ မှ ကျန်ဗိုလ်လောင်းများ အားလုံးသည် တပ်ကြပ်ကြီး တာဝန်ကျများ ဖြစ်သည်။
၁၉၇၅-၇၆ ပညာသင်နှစ်တွင် ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ခင်မောင်တင့်က ဗိုလ်လောင်းတပ်ရင်း တည်မြဲအမိန့်နှင့် လုပ်ထုံးလုပ်နည်း စနစ်များ စာစောင်တွင် ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်ခြင်း ပဲ့ပြင်ဆုံးမခြင်း မိမိပြစ်ချက်ကို ရဲဝံ့စွာ ဝန်ခံတတ်ခြင်း စနစ်တို့ကို အကောင်အထည် ဖော်ထုတ်ပေးရမည်။ သို့သော် ဗိုလ်လောင်းအချင်းချင်း အုပ်ချုပ်မှု စနစ်သည် ဗိုလ်လောင်းတပ်ရင်း တည်မြဲအမိန့်နှင့် လုပ်ထုံးလုပ်နည်း စနစ်များ ဘောင်အတွင်းမှသာ လိုက်နာ လုပ်ဆောင် ကြရမည်။ ရိုက်နှက်ခြင်း ဆဲရေးတိုင်းထွာခြင်းနှင့် လူ့ကျင့်ဝတ်နှင့် မသင့်လျော်သော ပြစ်ဒဏ်မျိုး လုံးဝ ပေးနိုင်ခွင့်မရှိ။ အရာရှိများက အမြဲတမ်း စစ်ဆေး ကြပ်မတ်၍ ဗိုလ်လောင်းများကို ပဲ့ပြင် သွန်သင် ဆုံးမ ပြုပြင် နေရမည်။ စစ်စွမ်းရည် ထက်မြက်ရေးနှင့် နိုင်ငံရေး အသိဥာဏ် တိုးတက် မြင့်မားစေရေးအတွက် ဗိုလ်လောင်းများအား ဦးဆောင်မှု ပေးသွားရမည်ဟု မူတစ်ရပ် ချမှတ်ပေးခဲ့ပါသည်။
ဗိုလ်လောင်းအချင်းချင်း ကွပ်ကဲ အုပ်ချုပ်ရာတွင် စည်းကမ်းတကျ ဖြစ်စေရေးအတွက် ၁၉၉၀ ပြည့်နှစ် နိုဝင်ဘာလ ၁-၂ ရက်များတွင် ထိုစဉ်က တွဲဖက် စစ်ရေးချုပ်ဖြစ်သူ ဗိုလ်မှူးချုပ် မင်းသိမ်း ဥက္ကဌအဖြစ် ဆောင်ရွက်သော အဖွဲ့က စစ်တက္ကသိုလ်သို့ လာရောက် အစည်းအဝေး ပြုလုပ်ကာ နည်းလမ်း ရှာဖွေခဲ့သည်။
စစ်တက္ကသိုလ် ပထမနှစ်အတွက် ပဏာမ ရွေးချယ်ရောက်ရှိလာသော ဗိုလ်လောင်းများကို ပြင်ဦးလွင်မြို့ အမှတ် ၁ အခြေချ စစ်ဆေးရုံတွင် ဆေးစစ်ပြီး အောင်မြင်သောအခါ ဗိုလ်လောင်းတပ်ခွဲများသို့ ခွဲဝေ ဖွဲ့စည်းလေ့ ရှိသည်။ တပ်ခွဲသွင်း၍ ဗိုလ်လောင်းအချင်းချင်း အောက်တွင် ထားရှိသောကြောင့် အချို့ နှစ်ကြီး ဗိုလ်လောင်းများသည် ပထမနှစ် ဝင်ရောက်စ ဗိုလ်လောင်းများကို ကွပ်ကဲ ကြပ်မတ်ရာတွင် လွဲမှားစွာ ပြုမူခဲ့မှုများ ရှိသည်။ စစ်တက္ကသိုလ်ရောက်စ ဗိုလ်လောင်းများ စိတ်ဓာတ်ရေးရာတွင် ကျဆင်းမှုများ ရှိနိုင်သောကြောင့် ၁၉၈၄ ခုနှစ် အမှတ်စဉ် ၂၉ ဗိုလ်လောင်းသင်တန်း ပထမနှစ်တွင် ဆေးစစ် အောင်မြင်ပြီးချိန် တပ်ခွဲများသို့ ခွဲဝေ စေလွှတ်ခြင်း မပြုဘဲ သီးခြားထား၍ လေ့ကျင့်ရေး အရာရှိများက တိုက်ရိုက် အုပ်ချုပ် ကွပ်ကဲခဲ့သည်။ ဗိုလ်လောင်း အသိအမှတ်ပြု စစ်ရေးပြ အခမ်းအနား ပြီးသောအခါမှ တပ်ခွဲများသို့ ခွဲဝေစေလွှတ်ခဲ့သည်။ ၁၉၈၅ အမှတ်စဉ် ၃၀ ဗိုလ်လောင်းသင်တန်း ပထမနှစ် မှစပြီး ဆေးစစ်ပြီးချိန် တပ်ခွဲများသို့ ခွဲဝေစေလွှတ်ပြီး ဗိုလ်လောင်းအချင်းချင်း ကွပ်ကဲ အုပ်ချုပ်စေရန် ဆောင်ရွက်ခဲ့ပါသည်။ အမှတ်စဉ် ၃၃ ဗိုလ်လောင်း သင်တန်း ပထမနှစ်ထိ ဖြစ်သည်။
၁၉၈၉ ခုနှစ် အမှတ်စဉ် ၃၄ နှင့် ၁၉၉၀ ပြည့်နှစ် အမှတ်စဉ် ၃၅ ဗိုလ်လောင်းသင်တန်း ပထမနှစ် ဝင်ရောက်လာချိန်တွင် အရာရှိများ တိုက်ရိုက်ကွပ်ကဲပြီး ၁၉၉၁ အမှတ်စဉ် ၃၆ နှင့် ၁၉၉၂ အမှတ်စဉ် ၃၇ ပထမနှစ်ကို တပ်ခွဲများသို့ ခွဲဝေ ပေးပို့ခဲ့ပါသည်။ ၁၉၉၃ ခုနှစ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၃၈ တွင် သီးခြားထားရှိကာ အရာရှိများ အုပ်ချုပ်မှုစနစ် ပြန်လည် ပြောင်းခဲ့ပါသည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments:
Post a Comment