Tuesday, August 28, 2012

စစ်ပညာ စာပေပညာ လေ့ကျင့်သင်ကြားမှု စာမေးပွဲ စစ်ဆေးမှု

    အရာရှိငယ်သင်တန်း အဆင့်နှင့် တူမျှသည့် စစ်ဘက် လေ့ကျင့်ရေးသင်တန်းကို လေ့ကျင့် သင်ကြားပေးသည်။ အထူးသဖြင့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်ရေးကို အဓိကထား၍ သင်ကြားပေးသည်။ စစ်ဘက်လေ့ကျင့်ရေးနှင့် တွဲဖက်၍ စစ်စည်းကမ်းကို အထူးအလေးထား သင်ကြား လိုက်နာစေပါသည်။ ကြံ့ခိုင်ကျန်းမာရေးနှင့် ပတ်သက်၍ ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများ သင်ကြား လေ့ကျင့်စေသည့်ပြင် နှစ်သက်ရာ အားကစားများကို လေ့ကျင့်နိုင်ရန် ပစ္စည်းကိရိယာ အစုံအလင် ထားရှိပေးသည်။ စစ်တက္ကသိုလ် သင်တန်းကာကလတွင် စစ်ပညာရပ်နှင့် ပတ်သက်၍ နှစ်စဉ် စစ်ရေးပြ လက်နက်ငယ် မြေပုံဖတ် စစ်ဥပဒေ စစ်သမိုင်း စိတ်ဓာတ်နှင့် ခေါင်းဆောင်မှု အုပ်ချုပ်မှု ဖွဲ့စည်းပုံ အခြေခံစစ်ပညာရပ်များနှင့် စစ်ပရိယာယ်များ အခြားလက်ရုံးနှင့် ဝန်ထမ်းတပ်များ လေ့ကျင့်ရေးပြင်ပ လေ့ကျင့်မှုများ ဗိုလ်လောင်းများ၏ ဟောပြောမှုများ ပါဝင်သည်။ စစ်ပညာနှင့် ပတ်သက်၍ စနစ်တကျ သုတေသနပြု၍ သင်ခန်းစာ လေ့လာပြုစုရန် ၁၉၅၅ ဇူလိုင်တွင် စစ်ရေးပြနှင့် စစ်ဥပဒေကော်မတီ လက်နက်ငယ်သင်တန်းနှင့် မြေပုံဖတ်နည်း ကော်မတီ စစ်သမိုင်း ခေါင်းဆောင်မှုနှင့် အထွေထွေကော်မတီ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်မှု ကော်မတီဟူ၍ ကော်မတီများ ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
    စာပေပညာကို ထိုခေတ်ကာလက ခေတ်ပညာဟု သုံးစွဲခဲ့သည်။ ထိုခေတ်ကာလ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်းတစ်ဦး နေထိုင် သင်ကြားရမည့် အချိန် ၄ နှစ်တကာကာလကို ၂ ပိုင်း ခွဲခြား၍ ပထမပိုင်း ၂ နှစ်ကို အောက်တန်း ပထမနှစ် နှင့် အောက်တန်း ဒုတိယနှစ် (Junior one and Junior two) ဟုခေါ်၍ ရန်ကုန်တက္ကသိုလ်၏ ဥပစာတန်း အဆင့်အတန်းနှင့် ညီမျှသော ပညာရပ်များကို သင်ကြားပို့ချပေးသည်။ ဒုတိယပိုင်း ၂ နှစ်ကို အထက်တန်း ပထမနှစ် နှင့် အထက်တန်း ဒုတိယနှစ် (Senior One and Senior Two) ဟု ခေါ်၍ ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာ သိပ္ပံ အဆင့်အတန်းနှင့် ညီမျှသည့် ပညာရပ်များကို သင်ကြား ပို့ချပေးသည်။
    အောက်တန်း ၂ နှစ်တွင် မြန်မာစာ အင်္ဂလိပ်စာ သင်္ချာ ဓာတုဗေဒ ရူပဗေဒ နိုင်ငံသမိုင်း ပထဝီဝင် နှင့် ဘောဂဗေဒတို့ကို သင်ကြားပေးသည်။ မြန်မာစာနှင့် အင်္ဂလိပ်စာကို ဗိုလ်လောင်းတိုင်း သင်ကြားရသည်။ ကျန် ၆ ဘာသာတွင် သင်္ချာ ဓာတုဗေဒ ရူပဗေဒ ကို ဘာသာတွဲတစ်ခု သမိုင်း ပထဝီဝင် ဘောဂဗေဒ ဘာသာတွဲ တစ်ခုထားသည်။ ဗိုလ်လောင်း တစ်ဦးသည် ပထမ အတွဲဖြစ်သော သိပ္ပံဘာသာရပ်များကို ပင်ရင်းဘာသာ ယူ၍ ဝိဇ္ဇာဘာသာရပ်များကို အရန်ဘာသာအဖြစ် ယူရသည်။ ဒုတိယ ဘာသာတွဲဖြစ်သော ဝိဇ္ဇာဘာသာရပ်ကို ပင်ရင်း ဘာသာယူသော ဗိုလ်လောင်းသည်လည်း သိပ္ပံ ဘာသာရပ်များကို အရန်ဘာသာအဖြစ် သင်ရသည်။ ဘာသာရပ်အားလုံးကို အနှံ့အစပ် သိရှိနိုင်ရန် ဖြစ်သည်။ စစ်တက္ကသိုလ်မှ အောင်မြင်ပြီး၍ လက်ရုံးတပ်ဆိုင်ရာ မည်သည့် အဆင့်မြင့် ပညာသင်တန်းများကိုမဆို ဆက်လက်ဆည်းပူးချိန်တွင် အခက်အခဲ မရှိရန် ဖြစ်သည်။
    အထက်တန်းနှစ်တန်းတွင် သင်ကြားပို့ချသော ဘာသာရပ်များမှာ မြန်မာစာ အင်္ဂလိပ်စာ စစ်ပထဝီဝင် နိုင်ငံရေးဗေဒ စစ်သမိုင်း ဥရောပသမိုင်း ဘောဂဗေဒ သင်္ချာ ဓာတုဗေဒ ရူပဗေဒ နှင့် စစ်သုံးသိပ္ပံ ဖြစ်သည်။ ဘာသာတွဲကို အောက်တန်းတွင်ယူခဲ့သော ဘာသာရပ်အလိုက် သင့်တော်ရာ ဘာသာတွဲကို ယူခွင့်ပြုသည်။
    ရန်ကုန်တက္ကသိုလ် ပါမောက္ခများ၏ သတ်မှတ် ကြီးကြပ်သည့် သင်ရိုးဇယားအတိုင်း သင်ကြားပြီး ရန်ကုန်တက္ကသိုလ် စာစစ်အဖွဲ့ကပင် အောင်ရှုံး စိစစ်ဆုံးဖြတ်ပေးသည်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်က ချီးမြှင့်သော ဝိဇ္ဇာ သိပ္ပံ ဘွဲ့များကို ခံယူကြရသည်။ စစ်တက္ကသိုလ်တွင် သင်ကြားပို့ချသော ဆရာ အရာရှိများသည် ဝိဇ္ဇာ သိပ္ပံ (ဂုဏ်ထူး)၊ မဟာဝိဇ္ဇာ မဟာသိပ္ပံ ဘွဲ့ရများ ဖြစ်ကြသည်။ ၁၉၅၉ ခုနှစ် ကာလအထိ ဗိုလ်လောင်း ၁၅၀ ခန့်သာရှိပြီး ဆရာ ၄၀ ကျော် ဖြစ်သောကြောင့် ဆရာ ဗိုလ်လောင်း အချိုးမှာ သုံးချိုးတစ်ချိုး ခန့် ရှိသည်။
    ၁၉၅၇-၅၈ လေ့ကျင့်ရေးနှစ် မတိုင်မီ မြန်မာစာ ဘာသာရပ်မှလွဲ၍ ကျန်ဘာသာရပ် အားလုံးကို အင်္ဂလိပ်လိုသာ ပို့ချသည်။ ၁၉၅၇-၅၈ လေ့ကျင့်ရေးနှစ်မှ စ၍ သိပ္ပံသာသာရပ်များမှအပ ကျန်ဘာသာရပ် အားလုံးကို မြန်မာဘာသာဖြင့်သာ ပို့ချသည်။ အောက်တန်း ပထမနှစ်ကိုပါ မြန်မာဘာသာဖြင့် သင်ကြား ပို့ချပါသည်။
    လက်ခံပတ် ၁ အောက်တန်း ပထမနှစ် စာမေးပွဲကို စစ်တက္ကသိုလ် စာပေဌာနက ကြီးကြပ် စစ်ဆေးခဲ့သည်။ သို့သော် ၁၉၅၆-၅၇ ပညာသင်နှစ်မှစ၍ ၁၉၆၃-၆၄ ပညာသင်နစ်ထိ စစ်တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ စာမေးပွဲများ အားလုံးကို ရန်ကုန်တက္ကသိုလ်က စစ်မေးခဲ့ပါသည်။
    စစ်တက္ကသိုလ်သည် ၁၉၆၄-၆၅ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်၏ လက်အောက်ခံ တက္ကသိုလ်ဘဝမှ သီးခြား တက္ကသိုလ်တစ်ခု ဖြစ်လာခဲ့သည်။ စာမေးပွဲ မေးခွန်းထုတ်ခြင်း စစ်မေးခြင်းတို့ကို စစ်တက္ကသိုလ် စာပေဌာနက ဆောင်ရွက်ခဲ့သည်။
          ၁၉၈၈ အရေးအခင်း ဖြစ်ပေါ်လာသည့် ကာလတွင် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ အားလုံး ပိတ်ထားခဲ့ ရသော်လည်း စစ်တက္ကသိုလ်သည် အရှိန်အဟုန်မပျက် ဖွင့်လှစ် သင်ကြားနိုင်ခဲ့သည်။ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တိုင်းပြည်ကို ထိန်းသိမ်းတာဝန်ယူပြီး နိုင်ငံရေး စီးပွားရေး မူဝါဒများ ပြောင်းလဲ ကျင့်သုံး လာသည့်အခါ စစ်တက္ကသိုလ်၏ ရည်ရွယ်ချက် သင်ရိုးညွှန်းတမ်းကို ပြင်ဆင် ပြောင်းလဲခဲ့သည်။
    စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ နိုင်ငံတော် လွတ်လပ်ရေးနှင် အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးကို ကာကွယ်မည့် ပြည်သူ့တပ်မတော်အတွက် လက်ရုံးရည် နှလုံးရည် ပြည့်ဝသော အရာရှိကောင်းများ လေ့ကျင့် မွေးထုတ်ပေးရန် ဟူ၍ ပြင်ဆင်ခဲ့သည်။
    ၁၉၈၇ ခုနှစ်တွင် အခြေခံပညာ အထက်တန်း အောင်မြင်သော ကျောင်းသူ ကျောင်းသားများသည် ဘာသာရပ် အများစုတွင် အင်္ဂလိပ်ဘာသာဖြင့် သင်ကြား ပြောဆိုခဲ့ရသည်။ ထို့ကြောင့် အရပ်ဘက် တက္ကသိုလ်များတွင် ၁၉၈၇ ခုနှစ် စာသင်နှစ်က စပြီး ဘာသာရပ်အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် သင်ရန် သင်ရိုးညွှန်းတမ်း အသစ် ရေးဆွဲပြီး တက္ကသိုလ်များ ဗဟိုကောင်စီ အစည်းအဝေး ၂/၈၇ တွင် တင်ပြ အတည်ပြု ပြဌာန်းချက် ရယူခဲ့သည်။ ၁၉၈၈-၈၉ ပညာသင်နှစ်မှ စပြီး အတည်ပြု သင်ရိုးညွှန်းတမ်းအတိုင်း အင်္ဂလိပ်ဘာသာဖြင့် သင်ကြားခဲ့သည်။
    ၁၉၈၈ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူချိန်မှ စပြီး စစ်တက္ကသိုလ်တွင် ယခင်က သင်ရိုးဇယားတွင် ပါဝင်သည့် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် သဘောတရား ဘာသာရပ်ကို အခြားဘာသာရပ်ဖြင့် အစားထိုး သင်ကြားခြင်း ဘောဂဗေဒ သမိုင်း ဘာသာရပ်များတွင် ဆိုရှယ်လစ် နိုင်ငံ တည်ဆောက်ရေး ဆိုရှယ်လစ် ဘောဂဗေဒ ဘာသာရပ်တို့ကို အလေးပေး သင်ကြားမှု လျှော့ပေးခဲ့သည်။

(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments: