Tuesday, August 28, 2012

စစ်တက္ကသိုလ် ဖွင့်လှစ်ခြင်း

    စစ်တက္ကသိုလ် ဖွင့်လှစ်ရန် နေရာကို ပြင်ဦးလွင်မြို့ အနီးစခန်း လေယာဉ်ကွင်းအနီးဟု လျာထားသတ်မှတ်ခဲ့သော်လည်း အမှန်တကယ် ဖွင့်လှစ်သောအခါတွင် ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့အနီး၌ ဗထူးတပ်မြို့ နေရာကို ရွေးချယ်ခဲ့သည်။ ၁၉၅၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၄ ရက် ဗထူးတပ်မြို့ ဖွင့်ပွဲအခမ်းအနားတွင် စစ်တက္ကသိုလ် ဖွင့်ပွဲ အခမ်းအနားကို ဝန်ကြီးချုပ် ဦးနု တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
    ၁၉၅၅ ခု ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့တွင် စစ်တက္ကသိုလ်၏ ပထမဆုံး ယာယီကျောင်းအုပ်ကြီး အဖြစ် ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ် ( Imperial Japanese Academy) သင်တန်းဆင်းသော ကြည်း ၃၅၂၆ ဒုတိယ ဗိုလ်မှူးကြီး ကျော်စိုးနှင့် လေ့ကျင့်ရေးမှူးချုပ်အဖြစ် ဒုတိယ အပတ် ဗိုလ်သင်တန်းကျောင်းဆင်း ကြည်း ၅၅၈၀ ဗိုလ်ကြီး ဝင်းဖေတို့ကို ခန့်အပ် တာဝန်ပေးခဲ့သည်။ စစ်တက္ကသိုလ် စာပေဌာနအတွက် ၁၉၅၅ ဇွန်လအတွင်း စာပေညွှန်ကြားရေးမှူး ဦးဘိုးသုန် အပါအဝင် အင်အား ၃၀ ကို သတ်မှတ် တာဝန်ပေးခဲ့သည်။
    ကျောင်းဌာနချုပ်ရုံးတွင် ကျောင်းအုပ်ကြီး ဒုလက်ထောက် စစ်ရေးနှင့် စစ်ထောက်ချုပ် နှင့် တပ်ရေးဗိုလ်ကြီးတို့ ရှိပြီး ကျောင်းဌာနချုပ် အောက်တွင် လေ့ကျင့်ရေးဌာန (Training Wing)၊ စာပေဌာန (Academic Wing)၊ အုပ်ချုပ်မှုဌာန (Administrative Wing) ဟူ၍ ဌာနကြီး သုံးခု ရှိသည်။ လေ့ကျင့်ရေးဌာနကို လေ့ကျင့်ရေးမှူးချုပ် (Chief Instructor) က အုပ်ချုပ်၍ လက်လောက်တွင် တပ်ခွဲတစ်ခွဲ ရှိသည်။ စာပေဌာနကို စာပေညွှန်ကြားရေးမှူး (Director of Studies ) က အုပ်ချုပ်၍ မြန်မာစာဌာန၊ အင်္ဂလိပ်စာဌာန၊ သင်္ချာဌာန၊ ရူပဗေဒဌာန၊ ဓာတုဗေဒဌာန၊ ရာဇဝင်ဌာန၊ ပထဝီဝင်ဌာန၊ ဘောဂဗေဒဌာန ဟူ၍ ဌာနကြီး ၈ ခု ရှိပါသည်။ အုပ်ချုပ်မှုဌာနကို အုပ်ချုပ်မှု ဌာနမှူးက အုပ်ချုပ်ပါသည်။ ကျောင်းဌာနချုပ်ရုံးတွင်  ဒုလက်ထောက် စစ်ရေးနှင့် စစ်ထောက်ချုပ်မှာ ဗိုလ်ကြီးလှမောင် ဖြစ်ပြီး အုပ်ချုပ်မှု ယာယီတပ်ခွဲမှူး တွဲကိုင်ပါသည်။ တပ်ရေးဗိုလ်ကြီးမှာ ဗိုလ်ကြီး ခင်မောင်လေး ဖြစ်ပါသည်။
    လေ့ကျင့်ရေးဌာနတွင် ယာယီ လေ့ကျင့်ရေးမှူးချုပ်မှာ ဗိုလ်ကြီး ဝင်းဖေ ဖြစ်၍ ဗိုလ်လောင်း တပ်ခွဲမှူးတာဝန်ကိုပါ ပူးတွဲထမ်းဆောင်ပါသည်။ အင်္ဂလန် ဘုရင့် စစ်တက္ကသိုလ် (ပထမပတ်) ဆင်း ဗိုလ်ကြီး ကျော်ဇောက ဒုတပ်ခွဲမှူး တာဝန် ယူပါသည်။ နောင် ဗိုလ်ကြီး ကျော်ဇောက တပ်ခွဲမှူး ဖြစ်လာပြီး ဒုတပ်ခွဲမှူးမှာ အင်္ဂလန် ဘုရင့်စစ်တက္ကသိုလ် အပတ်စဉ် ၈ ဆင်း ဗိုလ်ကြီး ချစ်ဆွေ ဖြစ်လာပါသည်။ တပ်စုမှူးများမှာ တပ်စု ၁ မှူး အင်္ဂလန် ဘုရင့် စစ်တက္ကသိုလ် အပတ်စဉ် ၉ ဆင်း ဗိုလ်ဝင်းမောင် (ခြေလျင်တပ်ဖွဲ့)၊ တပ်စု ၂ မှူး အင်္ဂလန် ဘုရင့်စစ်တက္ကသိုလ် အပတ်စဉ် ၁၀ ဆင်း ဗိုလ်သောင်းထိုက် (အမြောက်တပ်ဖွဲ့) နှင့် တပ်စု ၃ မှူး အင်္ဂလန် ဘုရင့်စစ်တက္ကသိုလ် အပတ်စဉ် ၁၀ ဆင်း ဗိုလ်ခင်မောင်တင့် (သံချပ်ကာယန္တရားတပ်ဖွဲ့) တို့ဖြစ်ကြပါသည်။ ကြံ့ခိုင်ရေး အရာရှိအဖြစ် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၉ ဆင်းပြီး အင်္ဂလန်နိုင်ငံ (Aldershot Physical Training School) မှ ကြံ့ခိုင်ရေးနည်းပြ သင်တန်း တက်ခဲ့သော ဗိုလ်ကျော်အေးက တာဝန်ယူပါသည်။
    စာပေဌာနတွင် ဦးဘိုးသုန်က စာပေညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူပြီး လက်ထောက် စာပေညွန်ကြားရေးမှူးမှာ ဗိုလ်ကြီး ဘသေင်း (မောင်သုတ) ဖြစ်သည်။ စစ်တက္ကသိုလ် စာပေဌာနအတွက် အရာရှိများကို ၁၉၅၅ ခု ဧပြီလနှင့် မေလများတွင် ရန်ကုန်မြို့၌ ခေါ်ယူခန့်ထားပြီး ဗထူးသို့ မပို့မီ မှီငြမ်းပြုစုရမည့် စာအုပ်များ စုဆောင်းခြင်း ရန်ကုန်တက္ကသိုလ် ဆိုင်ရာ စာပေဌာနမှူးများနှင့် တိုင်ပင်၍ စစ်တက္ကသိုလ်အတွက် သင့်လျော်မည့် သင်ရိုးဇယားများ ရေးဆွဲခြင်း နှင့် လက်တွေ့ပြသရန် သင်ခန်းစာ အစီအစဉ်များ ရေးဆွဲခြင်း ကိစ္စရပ်များကို ဆောင်ရွက်ပြီး ၁၉၅၅ ခု ဇွန်လအတွင်း ဗထူးမြို့သို့ ပို့ပေးခဲ့ပါသည်။
    လက်ခံပတ် ၁ ဖွင့်ချိန်တွင် စာပေဌာန အရာရှိများမှာ မြန်မာစာဌာနတွင် လထ ကထိက ဦးမြင့်ကြည်၊ နည်းပြ ဦးတင်မောင်၊ နည်းပြ ဦးလှမိုး၊ အင်္ဂလိပ်စာဌာနတွင် လထကထိက မစ္စတာ ဒါးဘား၊ နည်းပြ ဗိုလ်ကြီး မောင်မောင်၊ နည်းပြ ဗိုလ်မျိုးအောင်၊ ပထဝီဝင်ဌာနတွင် လထကထိက ဦးကျော်၊ နည်းပြ ဗိုလ်စိန်ဘန်း၊ ရာဇဝင်ဌာနတွင် လထကထိက ဗိုလ်မှူးမြအောင်(ရေ)၊ နည်းပြ ဗိုလ်ကြီး မြကျော်၊ နည်းပြ ဦးတင်မောင်ရင်၊ ဘောဂဗေဒ ဌာနတွင် လထကထိက မစ္စတာဝူးဟား၊ နည်းပြ ဗိုလ်ကြီး လှရွှေ၊ သင်္ချာဌာနတွင် နည်းပြ ဗိုလ်ကြီး ထွန်းလွင်၊ ဓာတုဗေဒ ဌာနတွင် နည်းပြ ဗိုလ်ကြီး စောအောင်၊ နည်းပြ ဗိုလ်ကြီး စောမြင့်နှင့် ရူပဗေဒ ဌာနတွင် လထကထိက ဦးအေးသိန်း၊ နည်းပြ ဗိုလ်ကြီး မီးလင်းတို့ ဖြစ်ပါသည်။
    အုပ်ချုပ်မှု ဌာနတွင် တပ်ခွဲမှူးအဖြစ် ဗိုလ်ကြီး လှမောင်က ပူးတွဲကိုင်ပြီးနောက်ပိုင်းတွင် ဗိုလ်ကြီး ပီတာအောင်ဝင်း၊ ဒုတပ်ခွဲမှူး ဗိုလ်ကြီး ဖေကြည်၊ တပ်ထောက်နှင့် မော်တော်ယာဉ် အရာရှိ ဗိုလ်ကြီး ခင်မောင်ကျော်နှင့် ကျောင်းအရာခံဗိုလ် အရာခံဗိုလ် မောင်ကျော်တို့ ဖြစ်သည်။ အုပ်ချုပ်ရေးဆိုင်ရာ အရာထမ်း အမှုထမ်းတို့သည် ၁၉၅၅ ခု မတ်လတွင် ဗထူးသို့ ရောက်ရှိတာဝန် ထမ်းဆောင်ခဲ့ပါသည်။   
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments: