၁၉၈၄ ခုနှစ်တွင် စစ်တက္ကသိုလ်၌ ကွန်ပျူတာများ သုံးစွဲနိုင်ရေး စီစဉ်ဆောင်ရွက်ရန် ညွှန်ကြားချက် ရရှိသည်။ ထို့ကြောင့် ရန်ကုန် တက္ကသိုလ်များ ကွန်ပျူတာဌာနတွင် ၁၀-၆-၈၄ မှ ၁၆-၁၀-၈၄ အထိ ဖွင့်လှစ်သော အခြေခံ ကွန်ပျူတာသင်တန်း အမှတ်စဉ် ၁ ကို သင်္ချာဌာနမှ ဗိုလ်မှူးမြင့်အောင် ဗိုလ်မှူးတိုးတိုး ဗိုလ်မှူးတိုက်စံနှင့် ရူပဗေဒဌာနမှ ဗိုလ်ကြီးထွန်းမြင့် ဗိုလ်ကြီးသောင်းရွှေတို့ ၅ ဦးကို စေလွှတ်ပြီး တက်ရောက်စေခဲ့သည်။
၁၇-၃-၈၆ တွင် စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ်က လက်ဆောင်ပေးသော Lingo PC-88XT အမျိုးအစား ကွန်ပျူတာတစ်လုံး လေ့ကျင့်ရေး ညွှန်ကြားရေးမှူးရုံးကတစ်ဆင့် စစ်တက္ကသိုလ်သို့ ရောက်ရှိလာသည်။ စာကြည့်တိုက်တွင် လေအေးစက်တပ် ကွန်ပျူတာအခန်း ပြုလုပ်ပြီး သုံးစွဲခဲ့သည်။ သင်္ချာဌာနမှ ဗိုလ်မှူး တိုးတိုး (ဒုမှူးကြီး ဇော်ထက်) သည် ထိုကွန်ပျူတာကို အသုံးပြုပြီး A Myanmar Character Printing Program ရေးဆွဲခဲ့သည်။ ၁၅-၂-၉၀ တွင် Sakata KGB Colour Monitor တစ်လုံးနှင့် ဆက်စပ် ပစ္စည်းများ Panasonic KXB 1081 Printer နှစ်လုံး ထပ်မံ ရောက်ရှိလာခဲ့သည်။ သင်္ချာဌာနက တာဝန်ယူပြီး တတိယနှစ်နှင့် စတုတ္ထနှစ် ဗိုလ်လောင်းများအား Computer Science ဘာသာရပ်ကို စတင် သင်ကြားနိုင်ခဲ့သည်။
စစ်တက္ကသိုလ် ဖွဲ့စည်းပုံဇယား ကဖ-၁၀၅ ခ(၉၁) အရ ကွန်ပျူတာဌာနကို သီးခြား ဖွဲ့စည်းခွင့် ရရှိခဲ့သည်။ ၆-၄-၉၁ ရက်နေ့တွင် ကွန်ပျူတာ ၁၅ လုံး ဝယ်ယူခွင့် ရရှိသောကြောင့် စာကြည့်တိုက် အဆောက်အုံတွင် တိုးချဲ့ ဆောက်လုပ် နေရာချထားပြီး ၁၉၉၂ တွင် ကွန်ပျူတာ ဌာနမှူးအဖြစ် သင်္ချာဌာနမှ ဗိုလ်မှူးတိုက်စံကို တာဝန်ပေးခဲ့သည်။ ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၃၄ မှ စပြီး ကွန်ပျူတာ ဘာသာရပ်ကို တစ်ပတ် ၄ ကြိမ် တိုးချဲ့ သင်ကြားပေးနိုင်ခဲ့သည်။ တတိယနှစ် သင်တန်းသားများကို ဒုတိယနှစ်ဝက် ပညာသင်ကာလနှင့် စတုတ္ထနှစ် သင်တန်းသားများ၏ ပထမနှစ်ဝက် ပညာသင်ကာလတွင် ကွန်ပျူတာ ဘာသာရပ်ကို စာတွေ့ လက်တွေ့ သင်ကြား နိုင်ခဲ့သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments:
Post a Comment