Tuesday, August 28, 2012

စစ်တတ္ကသိုလ်တည်ထောင်ရန် စိတ်ကူးနှင့် ဆွေးနွေးမှု

          မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု ကာလအတွင်း ရဲဘော်သုံးကျိပ် အဖွဲ့သည် ၁၉၄၁ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှ အောက်တိုဘာလ ၅ ရက်နေ့ထိ ဟိုင်နန်ကျွန်း စန်ယ တောင်သူလယ်သမား သင်တန်းကျောင်း (The Sanya Peasants Training Center In Hainan)တွင် စစ်ပညာများကို သင်ကြားခဲ့ကြသည်။ စစ်ပညာကို လေ့ကျင့်သင်ကြား နေစဉ်အတွင်း ဂျပန်နိုင်ငံတွင် ရှိသော စစ်တက္ကသိုလ်များ၏ အခြေအနေကို တစ်စေ့တစ်စောင်း လေ့လာ အကဲခတ် ခဲ့ကြသည်။ ဂျပန်နိုင်ငံတွင် ကြည်း ရေ လေ စစ်တက္ကသိုလ်များ သီးခြား တည်ထောင် လေ့ကျင့်ပေးနေသောကြောင့် ဂျပန် တပ်မတော်အတွင်း လက်ရုံးတပ်ဖွဲ့ တစ်ခုနှင့် တစ်ခု မနာလို ဝန်တိုစိတ်များ ထားရှိမှု၊ ဂုဏ်တုဂုဏ်ပြိုင်စိတ်များ ကိန်းအောင်းမှုတို့ကို လေ့လာသုံးသပ်မိသည်။ ထိုဖြစ်ရပ်ကို သင်ခန်းစာယ၍ နောင်အနာဂတ် မြန်မာ့ တပ်မတော်တွင် တာဝန်ထမ်းဆောင်မည့် အရာရှိများသည် စည်းလုံးညီညွတ်မှု ရှိစေရန် အတွက် ကြည်း ရေ လေ လက်ရုံးတပ် အရာရှိများကို စစ်ကျောင်း တစ်ကျောင်းတည်း ထားရှိ လေ့ကျင့်ပေးလျှင် ပို၍ အဆင်ပြေမည်ဟု ဆွေးနွေးတိုင်ပင် မိကြသည်။ စစ်တက္ကသိုလ် ဖွင့်လှစ်တည်ထောင်ရန် စိတ်ကူးမှုသည် မြန်မာတပ်မတော်၏ အစဖြစ်သော ဗမာ့လွတ်လပ်ရေး တပ်မတော် (Burma Independence Army) မဖွဲ့စည်းမီကပင် သန္ဓေတည်ခဲ့သည်ဟု ဆိုနိုင်ပါသည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments: