Wednesday, August 29, 2012

သမ္မတတပ်ခွဲ၊ အောင်စစ်သည်တပ်ခွဲ

 
          စစ်တက္ကသိုလ်တွင် ဖွဲ့စည်းထားသော တပ်ခွဲအချင်းချင်း ယှဉ်ပြိုင်စေခြင်းဖြင့် ဗိုလ်လောင်းတိုင်း၏ အရည်အသွေး ပိုမို တိုးတက်လာစေရန် ရည်ရွယ်၍ ၁၉၅၇-၅၈ လေ့ကျင့်ရေးနှစ်မှ စ၍ သမ္မတတပ်ခွဲ ပြိုင်ပွဲ ပြုလုပ်ခဲ့သည်။ စာပေပညာ စစ်ပညာ ကိုယ်လက်ကြံ့ခိုင်ရေး စစ်ရေးပြ ခေါင်းဆောင်မှု စည်းလုံးညီညွတ်စွာ ဆောင်ရွက်မှု အားကစား စသည်တို့ကို ယှဉ်ပြိုင်စေခဲ့သည်။ ထိုသို့ ယှဉ်ပြိုင်၍ အနိုင်ရရှိသော တပ်ခွဲကို သမ္မတအလံတော် အပ်နှင်း၍ သမ္မတတပ်ခွဲ ဟူသောအမည်ကို သင်တန်းနှစ် တစ်ခုလုံး ခံယူစေခဲ့သည်။ သမ္မတတပ်ခွဲ ပြိုင်ပွဲတွင် ပထမဆုံး အနိုင်ရသော ဘုရင့်နောင် တပ်ခွဲအား ၁၉၅၉ မေလ ၁၁ ရက်တွင် နိုင်ငံတော် သမ္မတ မန်းဝင်းမောင်ကိုယ်တိုင် ကြွရောက်ပြီး သမ္မတအလံတော် ချီးမြှင့်ခဲ့ပါသည်။ သမ္မတတပ်ခွဲအလံမှာ အဝါရောင်အောက်ခံ အလယ်တွင် အစိမ်းရောင် ကဒေါင်းပုံပါသော ငါးပေ သုံးပေ အလံ ဖြစ်သည်။ သမ္မတတပ်ခွဲ အလံပြိုင်ပွဲ သမ္မတအလံတော်ဟူ၍ ၁၉၆၁-၆၂ ပညာသင်နှစ်ထိ သုံးနှုန်းခေါ်ဆိုခဲ့ပြီး ၁၉၆၂-၆၃ ပညာသင်နှစ်မှစ၍ အောင်စစ်သည်တပ်ခွဲ ပြိုင်ပွဲဟု အမည်ပြောင်းခဲ့သည်။ အောင်စစ်သည်တပ်ခွဲ အလံမှာ အောက်ခံ ကြက်သွေးရောင်အလယ်တွင် အစိမ်းရောင် ကဒေါင်းပုံ ပါရှိသည်။ ယနေ့တိုင်အောင် အောင်စစ်သည်အလံကို အောင်စစ်သည်တပ်ရင်း တပ်ခွဲတို့တွင် အသုံးပြုလျက် ရှိပါသည်။
    အောင်စစ်သည်တပ်ခွဲ ပြိုင်ပွဲအတွက် သင်တန်းနှစ်အလိုက် ပြိုင်ပွဲများနှင့် သင်တန်းနှစ် အားလုံး စုပေါင်းပါဝင်ရသော ပြိုင်ပွဲများရှိသည်။ အောက်တန်းပထမနှစ် ဗိုလ်လောင်းများသည် ခံနိုင်ရည် ဇွဲ စိတ်ဓာတ်ရှိရန် နယ်ကျော်ပြေးပြိုင်ပွဲ အောက်တန်း ဒုတိယနှစ် ဗိုလ်လောင်းများသည် ကိုယ်လက်ကြံ့ခိုင်ရေး ကျွမ်းဘားပြိုင်ပွဲ အထက်တန်း ပထမနှစ်(တတိယနှစ်) ဗိုလ်လောင်းများသည် သေနတ်ပစ်ပြိုင်ပွဲ အထက်တန်းဒုတိယနှစ် (စတုတ္ထနှစ်) ဗိုလ်လောင်းများသည် ချေမှုန်းရေးပြိုင်ပွဲများကိုသင်တန်းနှစ်အလိုက် ယှဉ်ပြိုင်ရသည်။ တပ်ခွဲအတွင်းရှိ သင်တန်းနှစ်အားလုံး အဖွဲ့အစည်းအလိုက် စုပေါင်းပါဝင် ယှဉ်ပြိုင်ရသော ပြိုင်ပွဲများမှာ ဘော်လီဘော ဘတ်စကက်ဘော ဘောလုံး လက်ဝှေ့ ပြေးခုန်ပစ် စသော အားကစား ပြိုင်ပွဲများ အိပ်ဆောင်စည်းကမ်း စစ်ရေးပြပြိုင်ပွဲများနှင့် ဗိုလ်လောင်း တစ်ဦးချင်းအလိုက် ရရှိသော စာပေပညာ စစ်ပညာ ရမှတ်များ ယှဉ်ပြိုင်ခြင်းများ ပါဝင်သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments: