Showing posts with label သိမှတ်ဖွယ်ရာ. Show all posts
Showing posts with label သိမှတ်ဖွယ်ရာ. Show all posts

Monday, February 25, 2013

အပတ်စဉ်ကိုယ်စားပြုအလံတော် သို့မဟုတ် Intake Flag

စစ်တက္ကသိုလ်မှာ Intake Flag တပ်တဲ့ ဓလေ့ထုံးစံ ဘယ်တုန်းက စခဲ့တယ် မသိပေမယ့် ကျွန်တော်တို့ ပထမနှစ်မှာ အဲသည်ဓလေ့ ရှိနေပြီး နောက်ပိုင်းမှာလည်း ဆက်လက် ထိန်းသိမ်းထားကြသလားဆိုတာတော့ မသေချာပါဘူး။ Intake Flagဆိုတာ ကျောင်းဆင်းပွဲမှာ ကျောင်းဆင်းတပ်ခွဲက ကိုင်ဆောင်ရတဲ့ အလံဖြစ်ပြီး ပုံစံတော့ အနီရောင်အောက်ခံ ဘယ်ဘက်အပေါ်ထောင့်မှာ စစ်တက္ကသိုလ် အလံ နဲ့ ညာဘက် အောက်ထောင့်မှာတော့ ကျောင်းဆင်းအပတ်စဉ်နံပါတ်ကို မြန်မာလို ရေးထားပါတယ်။ အဲသည် အလံတော် ပုံစံတူ ငါးလက်မ သုံးလက်မလောက် ရှိတဲ့ ဖိုင်ဘာပလတ်စတစ် ပြားလေးကို ရင်ထိုးသဖွယ် ဝတ်ဆင်ကြတဲ့ ဓလေ့ကို ပြောခြင်းဖြစ်ပါတယ်။ အဲသည်အလံကို လူနည်းတဲ့ အပတ်စဉ်တွေတုန်းက တစ်ပတ်စဉ်လုံးမှာ တစ်ခုတည်း ထားပြီး အလှည့်ကျ ဝတ်ဆင်ကြပေမယ့် ဗိုလ်ကောင်းတို့ အပတ်စဉ်မှာတော့ တပ်ရင်း နှစ်ခုမှာ အလံတော် နှစ်ခုထားပြီး တစ်ပြိုင်တည်း နှစ်ခု ဝတ်ဆင်ကြပါတယ်။ ကျောင်းဆင်းအပတ်စဉ်က ဗိုလ်လောင်းတွေ အလှည့်ကျ ဝတ်ဆင်ကြတာဖြစ်လို့ ဘယ်လိုစနစ်နဲ့ အလှည့်ကို သတ်မှတ်သလဲ ပြောပြပါ့မယ်။
         ဗိုလ်ကောင်းတို့ အပတ်စဉ်က ဗိုလ်လောင်း လေးရာကျော်ရှိတာမို့ တပ်ရင်းနှစ်ခု ခွဲလိုက်တဲ့အခါ တပ်ရင်းတစ်ရင်း လူနှစ်ရာကျော်ပါတယ်။ အဲသည် လူနှစ်ရာမှာ တပ်ရင်းအလိုက် ဗျူဟာနံပါတ်လို့ခေါ်တဲ့ နာမည်ကို  မြန်မာအက္ခရာစဉ်အတိုင်း နံပါတ်တပ်ထားတာ ရှိပါတယ်။ တပ်ရင်းတစ်ရင်းစီမှာ ဗျူဟာနံပါတ် တစ်ကနေ နှစ်ရာကျော် ရှိသလောက်ထိ နံပါတ်တွေ ကိုယ်စီ ရှိကြပါတယ်။ ကျောင်းဆင်းပွဲလုပ်ဖို့ ရက်ကို ခန့်မှန်းလို့ ရပြီဆိုတာနဲ့ Intake Flag ကို စတင် ဝတ်ဆင်ကြပါတယ်။ ကျောင်းဆင်းဖို့ ရက်ငါးဆယ် လိုတဲ့နေ့မှာ ဗျူဟာနံပါတ် ၅၀ တပ်ထားတဲ့ ဗိုလ်လောင်းက Intake Flag ကို ဝတ်ဆင်ခွင့်ရပါတယ်။ နောက်နေ့မှာ ကျောင်းဆင်းဖို့ ၄၉ ရက်လိုတဲ့ နေ့မို့ ဗျူဟာနံပါတ် ၄၉ တပ်ထားတဲ့ ဗိုလ်လောင်းကို လွှဲပေးရပါတယ်။ အဲသည်လို လွှဲတာက ရော့အင့် မင်းတပ်တော့ ဆိုပြီး လွှဲပေးတာမျိုး မဟုတ်ဘဲနဲ့ စစ်ရေးပြနဲ့ စနစ်တကျ လွှဲပေးရတာပါ။
         ရုံးဖွင့်ရက်မနက် တန်းပေါင်းစီ ရှိတဲ့ နေ့တွေမှာ မနက်ပိုင်း စစ်ရေးပြ အစီအစဉ်တွေ အပြီးမှာ လုပ်လေ့ရှိပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ တပ်ပြင်ထွက်ဖို့ တန်းစီရင်း လုပ်လေ့ရှိပါတယ်။ ကျောင်းတွင်းမှာ မရှိဘဲ တပ်ပြင်လေ့ကျင့်ခန်း ရှိရင်လည်း လေ့ကျင့်ခန်းလုပ်တဲ့ တောတွင်းတစ်နေရာမှာပဲ ဖြစ်ဖြစ် စစ်ရေးပြနဲ့ အလံကို လွှဲလေ့ရှိပါတယ်။ တပ်ပြင်လေ့ကျင့်ခန်းမှာ တပ်တဲ့ အလံက ဒီဇိုင်းတစ်မျိုးပါ။
  Intake Flag ဝတ်ဆင်ခွင့်ရတဲ့နေ့မှာ ဝတ်ဆင်ထားတဲ့ ဗိုလ်လောင်းဟာ ဗိုလ်လောင်းတွေ အားလုံးရဲ့ အထွတ်အထိပ် အလေးအမြတ်ပြုတာ ခံရပါတယ်။ ဗိုလ်လောင်းအချင်းချင်း ရာထူးခန့်အပ် အုပ်ချုပ်စနစ်ရှိတဲ့ စစ်တက္ကသိုလ်မှာ Intake Flag တပ်ထားတဲ့သူဟာ အားလုံးထက် မြင့်မားတဲ့ အလေးဂရုပြုမှုကို ရပါတယ်။ ဗိုလ်လောင်းတပ်ရင်းမှူး၊ ဗိုလ်လောင်း တပ်ရင်းတာဝန်မှူး၊ ဗိုလ်လောင်းတပ်ခွဲမှူး စတဲ့ ခန့်အပ်တာဝန်ပေးခံထားရတဲ့ အရာရှိဗိုလ်လောင်းတွေ အားလုံးထက် Intake Flag တပ်ထားတဲ့ ဗိုလ်လောင်းက ပိုအဆင့်မြင့်ပါတယ်။ စားရိပ်သာထဲမှာပဲ ဖြစ်ဖြစ်၊ မြို့ထဲက စားသောက်ဆိုင်ထဲမှာပဲ ဖြစ်ဖြစ် Intake Flag ဝင်လာရင် အားလုံးက သတ်မှတ်ထားတဲ့ စည်းကမ်းများအတိုင်း အလေးအမြတ် ပြုကြရပါတယ်။
        Intake Flag ဝတ်ဆင်ခွင့်ရတဲ့ ဗိုလ်လောင်းဟာ အဲသည်နေ့မှာ သူငယ်ချင်းတွေနဲ့ ညီငယ်တွေကို တတ်နိုင်သလောက် ကျွေးမွေးတဲ့အလေ့ ရှိပါတယ်။ ဗိုလ်လောင်းတွေ ငွေကုန်ကြေးကျ များမှာစိုးလို့ မကျွေးရလို့ စည်းကမ်းထုတ်ဖူးတာတွေလည်း ရှိပါတယ်။
         ဗိုလ်ကောင်းတို့ အပတ်စဉ်က ၂၀၀၁ ခုနှစ် ဧပြီလ ၆ ရက်မှာ ကျောင်းဆင်းပွဲ လုပ်တာမို့ ၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ ဗျူဟာနံပါတ် ၄၃ ဗိုလ်လောင်းက Intake Flag ဝတ်ဆင်ရပါတယ်။ အဲဒါကို အစွဲပြုပြီး Intake Flag ၄၃ တပ်တဲ့၊ ကျောင်းဆင်းဖို့ ၄၃ ရက်အလို ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ကို စစ်တက္ကသိုလ် အပတ်စဉ် ၄၃ ရဲ့ ကျောင်းဆင်းအထိမ်းအမှတ်နေ့ Intake Day အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကုသိုလ်ကောင်းမှုများပြုကြပါတယ်။ သေဆုံး ကျဆုံးတဲ့ သူငယ်ချင်းများကို အမျှအတန်းများ  ပေးဝေကြပါတယ်။ သူငယ်ချင်းတွေ စုနိုင်သလောက် စုစည်းတွေ့ဆုံကြပြီး အပတ်စဉ်ရဲ့ စည်းလုံးညီညွတ်ရေး အချင်းချင်း ကူညီရိုင်းပင်း နိုင်ရေးအတွက် နှစ်စဉ် စုစည်းတိုင်ပင် ဆွေးနွေးကြပါတယ်။
         အရင်အပတ်စဉ်တွေက နောင်တော်တွေ သူတို့ရဲ့ Intake Flag တွေကို ဘယ်လို စီမံခဲ့ကြတယ် မသိပေမယ့် ဗိုလ်ကောင်းတို့ အပတ်စဉ် ၄၃ အလံတော်ကို ရန်ကုန်မြို့က ဗိုလ်တစ်ထောင်ဘုရား ဌာပနာတော်မှာ ထည့်သွင်းပူဇော်ထားပါတယ်။ နောင်နှစ်တွေမှာ ကျောင်းဆင်းလာတဲ့ ညီငယ်တွေလည်း သူတို့ Intake Flag ကို ဗိုလ်တစ်ထောင်ဘုရား ဌာပနာတော်မှာပဲ ပူဇော်ထားတာကို တွေ့ရပါတယ်။


ntake Flag (သို့မဟုတ်) စစ်တက္ကသိုလ်၏ အစဉ်လာကောင်းတစ်ခု
---------------------------------------------------------------------
Intake Flag ဆိုတာကတော့ စစ်တက္ကသိုလ်ရဲ့ဗိုလ်လောင်းအမှတ်စဉ် တစ်ခုကို ကိုယ်စားပြုသော အလံငယ်လေးတစ်ခုပါပဲ။ တပ်မတော်သားတိုင်းဟာ မိမိနိုင်ငံရဲ့ အလံကို လေးစားချစ်ကြတယ်ဆိုတာ မလွဲသော အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ...ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ ဗိုလ်လောင်းတိုင်းဟာလည်း မိမိတို့တက်ရောက်ခဲ့တဲ့ တက္ကသိုလ် မိမိတို့ တက်ရောက်ခဲ့တဲ့ အမှတ်စဉ်ကို တန်ဖိုးထား လေးစားချစ်မြတ်နိုးကြပါတယ်။
ကျွန်တော်အခု တင်ပြရေးသားချင်တာကတော့ စစ်တက္ကသိုလ်မှာရှိတဲ့ Intake Flag တပ်ဆင်ခြင်းဆိုတဲ့ အစဉ်လာကောင်းတစ်ခုပါပဲ။ Intake Flag ကို ဘယ်လိုဗိုလ်လောင်းတွေ တပ်ဆင်ခွင့်ရသလဲဆိုရင်တော့ ကျောင်းဆင်းမည့် အပါတ်စဉ်ဖြစ်တဲ့ နောက်ဆုံးနှစ်ဗိုလ်လောင်းတွေသာ တပ်ဆင်ခွင့်ရရှိတာဖြစ်ပါတယ်။ ယခင်ကတော့ ဗိုလ်လောင်းအင်အားနည်းပါးတဲ့အတွက် Intake Flag ကို နောက်ဆုံးနှစ်တစ်ပါတ်စဉ်လုံး အလှည့်ကျတပ်ဆင်ရပါတယ်။ နောက်ပိုင်း ဗိုလ်လောင်းအင်အားများတဲ့အချိန်မှာ
ကျောင်းဆင်းရန် ရက် (၁၀၀) အလိုရောက်မှ ဗိုလ်လောင်း အယောက် (၁၀၀) ဟာ ကျောင်းဆင်းပွဲနေ့ထိ အလှည့်ကျတပ်ဆင်ရတာဖြစ်ပါတယ်။
နောက်ဆုံးနှစ် ဗိုလ်လောင်း အယောက် (၁၀၀) ဟာ ကျောင်းဆင်းမယ့်နေ့အထိ တစ်ရက်ကို တစ်ယောက် အလှည့်ကျတာဝန်ယူကာ Intake Flag ကို ရင်ဘတ်မှာ တပ်ဆင်ရတာဖြစ်ပါတယ်။
Intak Flag တပ်ဆင်မယ့် ဗိုလ်လောင်းအယောက် (၁၀၀) ကိုရွေးချယ်တဲ့နေရာမှာ သင်တန်းအရည်အချင်း Position များအလိုက် ရွေးချယ်တာမဟုတ်ပါဘူး။ ဗိုလ်လောင်း Cadet No အလိုက် အားလုံးကို ခြုံငုံ၍ တပ်ဆင်စေတာဖြစ်ပါတယ်။ အယောက် (၁၀၀ )ဖြစ်တဲ့အတွက်
ဗိုလ်လောင်းနံပါတ် ရှေ့ဆုံး အယောက် (၅၀) နှင့် နောက်ဆုံးအ ယောက် (၅၀) ကို ရွေးချယ်တပ်ဆင်စေတာ များပါတယ်။
စစ်တက္ကသိုလ် ဗိုလ်လောင်းတွေကို အုပ်ချုပ်မှု၊ ခေါင်းဆောင်မှု အတတ်ပညာတွေကို လေ့ကျင့်သင်ကြားပေးတဲ့နေရာမှာ စာတွေ့ထက် လက်တွေ့ကို ပိုမိုသင်ကြားစေပါတယ်။
ဗိုလ်လောင်းအချင်းချင်း ခေါင်းဆောင်းမှုကောင်းမွန်စွာ အုပ်ချုပ်တတ်စေဘို့ Senior-Junior System စနစ်ကို ထားရှိပြီး ဗိုလ်လောင်းတာဝန်ကျတွေ ခန့်အပ် အုပ်ချုပ်စေပါတယ်။ ဗိုလ်လောင်းတာဝန်ကျတွေကတော့ သင်တန်းမှာ အဆင့်ကောင်းမွန်တဲ့ သူတွေသာဖြစ်ပါတယ်။
ဗိုလ်လောင်းတပ်စုတစ်စုမှ Position အကောင်းဆုံး နောက်ဆုံးနှစ်ဗိုလ်လောင်းဟာ တပ်စုမှုးဆိုတဲ့ အပွိုင့်မန့်တာဝန်ထမ်းဆောင်ရပါတယ်။ တပ်ခွဲမှာ အဆင့်အကောင်းဆုံးက တပ်ခွဲမှုးဖြစ်ပါတယ်။
ဗိုလ်လောင်းတပ်ရင်းတစ်ရင်းလုံးမှာ အဆင့်အကောင်းဆုံး Final year ဗိုလ်လောင်းကတော့
ဗိုလ်လောင်း တပ်ရင်းမှုးတာဝန်ထမ်းဆောင်ရပါတယ်။ သို့ပေမယ့် ဗိုလ်လောင်းအာားလုံးဟာ ဗိုလ်လောင်းအချင်းချင်းကိုတော့ အလေးမပြုရပါဘူး။
Intake Flag တပ်ဆင်ထားတဲ့ ဗိုလ်လောင်းသည် Random ဖြစ်တဲ့အတွက် ထိုဗိုလ်လောင်းအယောက် (၁၀၀) ထဲမှာ တာဝန်ကျဗိုလ်လောင်း အပွိုင့်မန့်များ ပါဝင်သလို
သာမာန် ဗိုလ်လောင်းများလဲပါဝင်ပါတယ်။ သို့ပေမယ့် မည်သည့်ဗိုလ်လောင်းကပဲ Intake Flag တပ်ဆင်ထားသည်ဖြစ်ပါစေ စစ်တက္ကသိုလ်တစ်ခုလုံးမှာ ရှိတဲ့ ဗိုလ်လောင်းအားလုံးဟာ
Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို အလေးပြုရပါတယ်။ သူတို့အလေးပြုတာဟာ ထိုဗိုလ်လောင်းကို မဟုတ်ဘဲ သူ့ရင်ဘတ်မှာ တပ်ဆင်ထားတဲ့ အလံကို အလေးပြုကြခြင်းသာဖြစ်ပါတယ်။
Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို စစ်တက္ကသိုလ်တစ်ဝှမ်းလုံးမှာ အဆင့်အမြင့်ဆုံးဗိုလ်လောင်းအဖြစ် ဗိုလ်လောင်းအားလုံးက သတ်မှတ်ထားတာဖြစ်ပါတယ်။
နံနက် တန်းပေါင်းစီချိန်မှာ သာမာန်အားဖြင့် ဗိုလ်လောင်းတပ်ရေးက ဗိုလ်လောင်းတပ်ရင်းမှုးကို တန်းအပ်၍ နိုင်ငံတော်အလံကို အလေးပြုကာ သစ္စာဆိုကြရပါတယ်။ ဒါပေမယ့် Intake Flag တပ်ဆင်ချိန်ရောက်လာရင်တော့ ဗိုလ်လောင်းတပ်ရင်းမှုးကပါ Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို အလေးပြုတန်းအပ်ပြီးမှ Intake Flag တပ်ဆင်သူဗိုလ်လောင်း၏ အမိန့်ဖြင့်
ဆက်လက်လုပ်ဆောင်ရတာဖြစ်ပါတယ်။
သို့ပေမယ့် Intake Flag ဗိုလ်လောင်းဟာ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေကို ၀င်ရောက်စွက်ဖက်ခွင့်မရှိပါဘူး။ သက်ဆိုင်ရာ အုပ်ချုပ်မှုကိစ္စတွေကို ဗိုလ်လောင်း တာဝန်ကျများကသာ လုပ်ဆောင်ပါတယ်။ Intake Flag တပ်ဆင်သူ ဗိုလ်လောင်းအား Respect သဘောဖြင့်သာ ဆက်ဆံကြတာဖြစ်ပါတယ်။ Intake Flag တပ်ဆင်သူဗိုလ်လောင်းဟာ သာမာန် Plane Cadet ဖြစ်နေခဲ့လျှင်တောင် ဗိုလ်လောင်းတပ်ရင်း တစ်ရင်းလုံးအား ခရာမှု၍ တန်းစီလျှင် အားလုံးက လေးစားမှုဖြင့် တန်းစီကြရပါတယ်။
ဗိုလ်လောင်းတွေဟာ စာပေပညာသင်ဘို့အတွက် သက်ဆိုင်ရာ ဗိုလ်လောင်းတပ်ရင်းများမှတဆင့်
စာပေဌာနသို့ စစ်ကြောင်းပုံဖြင့် စစ်တီးဝိုင်းဖြင့် ချီတက်ကြပါတယ်။ ထိုသို့ချီတက်ရာမှာ ထိပ်ဆုံးက နိုင်ငံတော်အလံကိုင် ဗိုလ်လောင်းက ချီတက်ပြီး နောက်ကနေ ဗိုလ်လောင်းတပ်ရင်းမှုးက ချီတက်ပါတယ်။ အဲဒီနောက်ကမှ တပ်ခွဲများက အစဉ်လိုက်ချီတက်ကြတာပါ။ Intake Flag တပ်ဆင်ချိန်မှာတော့ Intake Flag ဗိုလ်လောင်းဟာ အားလုံးရဲ့ ထိပ်ဆုံးကနေချီတက်ရတာဖြစ်ပါတယ်။
ဗိုလ်လောင်းများ စာပေပညာသင်ကြားရာနေရာသို့လည်းကောင်း၊ အိပ်ဆောင်များသို့လည်းကောင်း၊ စားရိပ်သာများသို့လည်းကောင်း Intake Flag ဗိုလ်လောင်းဝင်ရောက်လာရင် အားလုံး ရှေ့ကြည့်အနေထားနှင့် နေပြီး လေးစားမှုကိုပြသကြပါတယ်။
Intake Flag လဲလှယ်သည့်အချိန်ကတော့ နံနက် တန်းပေါင်းစီချိန်ဖြစ်ပါတယ်။ လဲလှယ်မည့်ဗိုလ်လောင်းနှစ်ဦးဟာ အလံလဲရန်ထွက်ဟု ဆိုသည်နှင့် စစ်တီးဝိုင်းမှ တီးမှုတ်သော စစ်သီချင်းသံဖြင့် တပ်ရင်းအရှေ့ကိုထွက်ကာ ဗိုလ်လောင်းတပ်ရင်းမှုး၏ ရှေ့မှောက်တွင် လဲလှယ်ရပါတယ်။ အဲဒီအချိန်မှာ ဗိုလ်လောင်းတပ်ရင်းမှုးက ထိုဗိုလ်လောင်းနှစ်ယောက်အား အလေးပြု၍ Intake Flag ကိုလဲလှယ်စေပါတယ်။
Intake Flag တပ်ဆင်ရန် အလှည့်ကျတဲ့ ဗိုလ်လောင်းကတော့ ထိုနေ့မှာ
သူရဲ့ရှိစုမဲ့လစာနဲ့ တပ်ရင်းတစ်ရင်းလုံးကို မုန့်ကျွေးပါတယ်။ အားလုံးကလဲ ညနေ တန်းပေါင်းစီ တန်းဖြုတ်ရင် သူနေတဲ့ အခန်းကိုသွားပြီး ဂုဏ်ယူနှုတ်ဆက်စကားပြောကြားကြပြီး ပျော်ပျော်ပါးပါး မုန့်စားကြပါတယ်။ ထိုနေ့မှာတော့ Intake Flag တပ်ဆင်သူကိုသာမကဘဲ သူ့ရဲ့ ဂျူနီယာ ဂါဒီယံ ဗိုလ်လောင်းတွေကိုပါ အားလုံးက လေးစားမှုပြုကြတာဟာ အစဉ်လာကောင်းတစ်ခုပါ။
Intake Flag တပ်ဆင်သူတွေထဲမှာမှ ဗိုလ်လောင်းတစ်ယောက်ကို လေးစားဂုဏ်ယူကြပါသေးတယ်။ သူကတော့ အပါတ်စဉ်အတွက် ကံထူးသူဟုဆိုနိုင်ပါတယ်။
ဥပမာ အပါတ်စဉ် ၄၆ ဆိုပါဆို့။ ၄င်းတို့အပါတ်စဉ် ကျောင်းဆင်းရန် ၄၆ ရက်အလိုတွင် Intake Flag တပ်ဆင်ရသူကို တစ်ပါတ်စဉ်လုံးက ၀မ်းသာဂုဏ်ယူစွာဖြင့် လေးစားစွာဆက်ဆံကြတာပါပဲ။
ဒါဟာ အပတ်စဉ်တိုင်းမှာရှိပါတယ်။
ကျောင်းဆင်းပြီးရင်တော့ အပါတ်စဉ်တိုင်းဟာ သူတို့ အပါတ်စဉ် တပ်ဆင်ခဲ့သော Intake Flag ကို ဘုရားမှာဌာပနာကြပါတယ်။ ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်ဘုရားတွင် စစ်တက္ကသိုလ်၏ Intake Flag အားလုံးကို အပါတ်စဉ်လိုက် ဌာပနာထားပါတယ်။
ကျွန်တော့်အနေဖြင့် Intake Flag အကြောင်းကို ယခုလိုဖော်ပြပေးခြင်းဟာ စစ်တက္ကသိုလ်ရဲ့အစဉ်လာကောင်းတွေအားလုံးထဲမှ တစ်ခုကို ဖော်ထုတ်တင်ပြခြင်းဖြစ်ပါတယ်။
ဗိုလ်လောင်းအစစ်အမှန်တို့ရဲ့ ဘ၀အလေ့အထနဲ့ နိုင်ငံတကာ အသိမှတ်ပြုထားသော
စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများအနေဖြင့် မည်ကဲ့သို့လေ့ကျင့်သင်ကြားခဲ့ရသလဲ ဆိုတာကို
သိစေလိုသော ဆန္ဒဖြင့် ရေးသားတင်ပြအပ်ပါတယ်။
ထူးဝေ
(https://www.facebook.com/photo.php?fbid=1003574739669422&set=a.177535202273384.48653.100000507163415&type=1&fref=nf)

Monday, May 28, 2012

ဗိုလ်လောင်းလျှောက်လွှာ ဝန်ခံကတိပြုချက်

          ကျွန်ုပ်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အား ရိုးဖြောင့်စွာဖြင့် ကျေးဇူးသစ္စာကို စောင့်သိ ရိုသေပါမည်ဟု လည်းကောင်း တာဝန်ချထားသည့် မည်သည့် ဒေသသို့မဆို သွားရောက်ပါမည်ဟု လည်းကောင်း ကျွန်ုပ်အား တပ်မတော်မှ အလိုရှိသည့် ကာလပတ်လုံး တပ်မတော်ကို သစ္စာရှိစွာ အမှုထမ်းပါမည်ဟု လည်းကောင်း အောက်ပါ အသိသက်သေ ရှေ့မှောက်၌ ဝန်ခံ ကတိပြု လက်မှတ် ရေးထိုးပါသည်။
ထူး ၁၈ စာမျက်နှာ ၄ စာပိုဒ် ၁၄

Monday, May 21, 2012

စစ်မှုထမ်းအဖြစ် သစ္စာပြုခြင်း

          ကျွန်ုပ်သည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မိမိ၏ အသက်စွန့်၍ပင် ထိန်းသိမ်းစောင့်ရှောက်ပါမည် ဟူ၍လည်းကောင်း တပ်မတော်တွင် ဝင်ရောက် အမှုထမ်း၍ ကုန်းကြောင်းခရီးဖြင့်ဖြစ်စေ ရေကြောင်းခရီးဖြင့် ဖြစ်စေ လေကြောင်း ခရီးဖြင့်ဖြစ်စေ မည်သည့် နေရာ အရပ်သို့မဆို အမိန့်ပေးသည့်အတိုင်း မိမိ၏ အသက်စွန့်၍ပင် သွားမည်ဟူ၍ လည်းကောင်း မိမိကို အုပ်ချုပ်သော အထက်အရာရှိ တစ်ဦးဦး၏ အမိန့်အားလုံးကို မိမိ၏ အသက်စွန့်၍ပင် နာခံပါမည် ဟူ၍ လည်းကောင်း ကတိသစ္စာ ပြုပါသည်။
၁၉၅၉ တပ်မတော် အက်ဥပဒေ ပုဒ်မ ၁၆

Sunday, April 29, 2012

ဗိုလ်ဥာဏ်ရေးတဲ့ ဒေါက်တာစီစီ

မူရင်းကို ဖတ်လိုပါက ဤနေရာ တွင် သွားရောက် ဖတ်ရှုနိုင်ပါသည်

Friday, April 20, 2012

စစ်တက္ကသိုလ် အမှတ်စဉ် (၄၃) ဗိုလ်လောင်းသင်တန်းကျောင်းဆင်းပွဲ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အစီအစဉ်


အပိုင်း (၁)
ဘွဲ့အပ်နှင်းရန် ပညာရေးအဖွဲ့ ပြဌာန်းခြင်း
၁။    စစ်တက္ကသိုလ်၏ ဘွဲ့များ အပ်နှင်းကြောင်း ကြေငြာပြဌာန်းရန် အလို့ငှာ စစ်တက္ကသိုလ် ပါမောက္ခချုပ် ဦးဆောင်သော စစ်တ္ကသိုလ် ပညာရေး အဖွဲ့ဝင်များသည် သက်ဆိုင်ရာ ဝတ်စုံများကို ဝတ်ဆင်လျက် စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမရှိ အစည်းအဝေးခန်း (Council Chamber) သို့ ဆောလျင်စွာ စုရုံး ရောက်ရှိနေကြရမည်။
၂။    ဘွဲ့များကို အပ်နှင်းရန် စစ်တက္ကသိုလ် ပညာရေးအဖွဲက  ပြဌာန်းကြေငြာမည့် အကြောင်းကို ဘွဲ့ယူသူများ ကိုယ်စား စာပေညွှန်ကြားရေးမှူးက အောက်ပါအတိုင်း ပန်ကြားပါမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ် ခင်ဗျား စစ်တက္ကသိုလ် စာစစ်ပုဂ္ဂိုလ်များ၏ အစီရင်ခံချက်များအရ စစ်တက္ကသိုလ် ပညာရေးအဖွဲ့က စစ်တက္ကသိုလ် ဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု ကြေညာပြီး ဖြစ်သော ပုဂ္ဂိုလ်တို့အား ယင်းဘွဲ့များကို ခံယူစေကြောင်း ပြဌာန်းပါရန် ကျွန်တော်က အဆိုပြုပါသည်"
ပါမောက္ခချုပ်
"ဤသို့ ပြဌာန်းရန် သဘောတူပါ၏လော"
ပညာရေးအဖွဲ့ဝင်များ
"သဘောတူပါသည်"
ပါမောက္ခချုပ်
"အဆိုပြုချက်အတိုင်း ပြဌာန်းသည်"
၃။    ပြဌာန်းချက်များ ပြီးဆုံးသောအခါ-
စာပေညွှန်ကြားရေးမှူး
"ပါမောက္ခချုပ်ခင်ဗျား- ပါမောက္ခချုပ်၏ ဘွဲ့နှင်းသဘင် မိန့်ခွန်းကို စက်တင်ပုံနှိပ်၍ ဤစစ်တက္ကသိုလ် မော်ကွန်းတိုက်၌ ထိန်းသိမ်းထားရန် စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ဆုံးဖြတ်ပြီး ဖြစ်ကြောင်း မော်ကွန်းထိန်းအား ဘွဲ့နှင်းသဘင် ပရိသတ်သို့ ကြေညာရန် အဆိုပြုပါသည်"
ပါမောက္ခချုပ်
"ဤသို့ ကြေညာရန် သဘောတူပါ၏လော"
ပညာရေးအဖွဲ့ဝင်များ
"သဘောတူပါသည်"
ပါမောက္ခချုပ်
"အဆိုပြုချက်ကို လက်ခံ အတည်ပြုပါသည်။"

အပိုင်း (၂)
ပညာရေးအဖွဲ့ဝင်များ နေရာယူခြင်း

၎။    ဆိုင်ရာ ဝတ်စုံများကို ဝတ်ဆင်ထားသော ဘွဲ့ယူမည့် သူများနှင့် ဧည့်သည်များသည် မိမိတို့၏ နေရာများတွင် အသင့်ရှိနေကြရမည်။ ဘွဲ့ယူမည့် သူများသည် ဘွဲ့ဝတ်စုံ ဦးထုပ်ပေါ်ရှိ ပန်းဖွားကို ဦးထုပ်၏ ဘယ်ဘက်တွင် ချထားရပါမည်။
၅။    ထို့နောက် စစ်တက္ကသိုလ် ပါမောက္ခချုပ် အမှူးပြုသော ပညာရေးအဖွဲ့ဝင်များသည် စင်မြင့်ပေါ်သို့ အစီအစဉ်အတိုင်း ကြွရောက် လာကြပါမည်။
၆။    ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ အစည်းအဝေး ခန်းမဆောင်မှ ထွက်ခွာ၍ ဘွဲ့နှင်းသဘင် ခန်းမဆောင်သို့ စတင် ဝင်ရောက်သည်မှ ဘွဲ့နှင်းသဘင် စင်မြင့်ပေါ်သို့ ရောက်သည်အထိ စစ်တီးဝိုင်းက အနှေးလျှောက်တီးလုံးကို တီးမှုတ်မည်။ စင်မြင့်ပေါ်သို့ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ တက်ရောက်လာကြကာ မိမိတို့အတွက် သတ်မှတ်သည့် နေရာများတွင် နေရာယူ ကြရမည်။
၇။    ထို့နောက် စစ်တီးဝိုင်းက နိုင်ငံတော် သီချင်းကို တီးမှုတ်၍ ဘွဲ့နှင်းသဘင် အခမ်းအနား ဖွင့်လှစ်မည်။ တီးမှုတ်စဉ် ပရိသတ် ငြိမ်သက်စွာ မတ်တပ်ရပ် နေကြရမည်။ တီးမှုတ်ခြင်း ပြီးဆုံးသောအခါ ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့ဝင်များ ထိုင်ပြီးနောက် ပရိသတ်များ ထိုင်ကြရမည်။

အပိုင်း (၃)
သက်ဆိုင်ရာဘွဲ့များ အပ်နှင်းခြင်း

၈။    ထို့နောက် မော်ကွန်းထိန်းက အောက်ပါအတိုင်း ပန်ကြားပါမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ် ခင်ဗျား- စစ်တက္ကသိုလ်၏ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် ကျင်းပကြောင်း ကြေညာပေးပါရန် ပန်ကြားအပ်ပါသည်"
၉။    ထိုအခါ ပါမောက္ခချုပ်က ဤသို့ အမိန့်ရှိမည်-
" ဆိုင်ရာ စာမေးပွဲများကို ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာခြင်း ခံရသူများကို ဘွဲ့များ အပ်နှင်း လက်မှတ်ပေးရန် ဤ စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ကို ကျင်းပသည် "
" စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု ကြေငြာခြင်း ခံရသူများ မတ်တပ်ရပ်ကြစေ "
၁၀။    ထို့နောက် ဘွဲ့ယူမည့်သူများ မတ်တပ်ရပ်နေခိုက် ပါမောက္ခချုပ်က အောက်ပါ မေးခွန်းများကို မေးမည်-
" စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ထောက်ခံချက် ပေးပြီးသော ဘွဲ့များကို အသင်တို့အား အပ်နှင်းလိုက်သောအခါ နေ့စဉ်နေ့တိုင်း နေထိုင်ပြောဆို လုပ်ဆောင်မှု၌ စစ်တက္ကသိုလ် ဘွဲ့ရများပီပီ လျော်ကန် ထိုက်တန်စွာ နေထိုင် ပြောဆို ကြပါမည်ဟု ရိုးသား ဖြောင့်မတ်စွာ ကတိပြုကြမည်လော "
ဘွဲ့ယူမည့်သူများ
" ကတိပြုပါသည်။ "
ပါမောက္ခချုပ်
" ကိုယ်ကျင့်တရား မြင့်မြတ်မှုနှင့် ကောင်းမွန်သော ပညာရှာမှီးမှုတို့ကို အခွင့်အရေး အစွမ်းသတ္တိ ရှိသမျှ ချီးမြှင့် ဆောင်ရွက် ထိန်းသိမ်း စောင့်ရှောက်ပါမည်ဟု ကတိပြုကြမည်လော "
ဘွဲ့ယူမည့်သူများ
" ကတိပြုပါသည် "
ပါမောက္ခချုပ်
" ပြည်သူတစ်ရပ်လုံး ငြိမ်းချမ်းသာယာ ဝပြောရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးကို အစွမ်းရှိသမျှ ဆောင်ရွက် ထိန်းသိမ်း စောင့်ရှောက်ပါမည်ဟု ကတိပြုကြမည်လော။ "
ဘွဲ့ယူမည့်သူများ
" ကတိပြုပါသည် "
၁၁။    ထို့နောက် ဘွဲ့ယူမည့်သူများ ထိုင်ကြရမည်။
၁၂။    ထို့နောက် ပါမောက္ခချုပ်က ဤသို့ အမိန့်ရှိမည်-
" သက်ဆိုင်ရာ စာမေးပွဲများကို ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာခြင်း ခံရသူများအား ကျွန်ုပ်က ဘွဲ့များ အပ်နှင်းပါမည်။ "
၁၃။    ထိုအခါ မော်ကွန်းထိန်းက ဘွဲ့ယူမည့် သူများကို ပါမောက္ခချုပ်ထံမှောက်သို့ ပို့ဆောင်ရန် အောက်ပါအတိုင်း အစီရင်ခံပါမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား မဟာဝိဇ္ဇာဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ်ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( မဟာဝိဇ္ဇာဘွဲ့များ အပ်နှင်းခြင်း )
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား မဟာသိပ္ပံဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ်ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော သူများကို

ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( မဟာသိပ္ပံဘွဲ့များ အပ်နှင်းခြင်း )
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား မဟာဒဿနဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော

သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( မဟာဒဿနဘွဲ့များ အပ်နှင်းခြင်း )
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား ဝိဇ္ဇာဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ်ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော သူများကို

ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( ဝိဇ္ဇာဘွဲ့များ အပ်နှင်းခြင်း )
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား သိပ္ပံဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ်ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော သူများကို

ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( သိပ္ပံဘွဲ့များ အပ်နှင်းခြင်း )
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား ကွန်ပျူတာသိပ္ပံဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ကြေညာပြီးဖြစ်သော

သူများကို ပါမောက္ခချုပ်ထံသို့ ပို့ဆောင်ပါပြီ "
( ကွန်ပျူတာသိပ္ပံဘွဲ့များ အပ်နှင်းခြင်း )

၁၄။    ဘွဲ့များ လက်ခံ ရယူပြီးနောက် ဘွဲ့ယူပြီးများ အားလုံး မတ်တပ်ရပ် ကြရမည်။
၁၅။    ထိုအခါ စစ်တက္ကသိုလ် ပါမောက္ခချုပ်က ဤသို့ အမိန့်ရှိမည်-
" ဤ စစ်တက္ကသိုလ်၏ ဘွဲ့များအတွက် ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ပြီးဟု ကြေညာပြီး ဖြစ်သော သင်တို့အား သက်ဆိုင်ရာဘွဲ့များကို စစ်တက္ကသိုလ်ပါမောက္ခချုပ် အနေဖြင့် ကျွန်ုပ်တွင် အပ်နှင်းထားသော အခွင့်အာဏာအရ ကျွန်ုပ်က ပေးအပ်သည်။ သင်တို့အား သက်ဆိုင်ရာ ဘွဲ့လက်မှတ်များ ပေးအပ်ပြီးဖြစ်၍ သင်တို့၏ ဘွဲ့များနှင့် လျော်ညီသော အမှတ်လက္ခဏာများ ဖြစ်သည့် ၀တ်ရုံများကို ၀တ်ဆင်ခွင့် ပြုသည်။"
၁၆။    ထိုသို့ အမိန့်ရှိသောအခါ ဘွဲ့ယူပြီးသူများအားလုံး မိမိတို့၏ ဦးထုပ်ပန်းဖွားကို ဘယ်ဘက်မှ ညာဘက်သို့ ပြောင်းရွှေ့ရမည်။ ထို့နောက် ညီညာစွာ ထိုင်ရမည်။
၁၇။    ထို့နောက် စစ်တက္ကသိုလ် မော်ကွန်းထိန်းက ဤသို့ အစီရင်ခံရမည် -
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား - အပ်နှင်းပြီးသော ဘွဲ့ရစာရင်းကို လက်မှတ်ရေးထိုးရန်အတွက် ပါမောက္ခချုပ်ထံ တင်ပြခွင့် ပြုပါရန် ပန်ကြားအပ်ပါသည်။ "
၁၈။    ထို့နောက် မော်ကွန်းထိန်းက အပ်နှင်းပြီးသော ဘွဲ့စာရင်းကို  ပါမောက္ခချုပ်ထံ လက်မှတ်ရေးထိုးရန် တင်ပြမည်။ ပါမောက္ခချုပ်က လက်မှတ် ရေးထိုးမည်။

အပိုင်း (၄)
ဘွဲ့နှင်းသဘင် မိန့်ခွန်း မြွက်ကြားခြင်း

၁၉။    ထို့နောက် ပါမောက္ခချုပ်အား ဘွဲ့နှင်းသဘင် မိန့်ခွန်းကို မြွက်ကြားပါရန် မော်ကွန်းထိန်းက ဤသို့ ပန်ကြားမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား- ဤ စစ်တက္ကသိုလ်၏ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အတွက် ဘွဲ့နှင်းသဘင် မိန့်ခွန်းကို မြွက်ကြားပါရန် ပန်ကြားအပ်ပါသည် "
၂၀။    ထို့နောက် စစ်တက္ကသိုလ် ပါမောက္ခချုပ်က မိန့်ခွန်း မြွက်ကြားမည်။
၂၁။    ထို့နောက် မော်ကွန်းထိန်းက ဤသို့ အစီရင် ခံပါမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား- ပါမောက္ခချုပ် မိန့်ခွန်းကို စက်တင် ပုံနှိပ်၍ ဤ စစ်တက္ကသိုလ် မော်ကွန်းတိုက်တွင် ထိန်းသိမ်းထားရှိရန် စစ်တက္ကသိုလ် ပညာရေးအဖွဲ့က ဆုံးဖြတ်ပြီးကြောင်း အစီရင်ခံအပ်ပါသည်။ "

အပိုင်း (၅)
ဘွဲ့နှင်းသဘင်ကို ရုပ်သိမ်းခြင်း

၂၂။    ထို့နောက် မော်ကွန်းထိန်းက ဤသို့ အစီရင်ခံပါမည်-
" စစ်တက္ကသိုလ် ပါမောက္ခချုပ်ခင်ဗျား- စစ်တက္ကသိုလ် ၏ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို ရုပ်သိမ်းပေးပါရန် ပန်ကြားအပ်ပါသည်။ "
၂၃။    ထိုအခါ စစ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပညာရေး အဖွဲ့ဝင်များသည် မတ်တပ်ရပ်ကြရမည်။ ဘွဲ့ယူပြီးသူများနှင့် ပရိသတ်များ ငြိမ်သက်စွာ မတ်တပ်ရပ်နေကြရမည်။
၂၄။    ပါမောက္ခချုပ်က- " ဘွဲ့နှင်းသဘင် ရုပ်သိမ်းပြီ " ဟု အမိန့်ရှိမည်။
၂၅။    ထို့နောက် စစ်တီးဝိုင်းက နိုင်ငံတော် သီချင်းကို တီးမှုတ်မည်။
၂၆။    စစ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့များသည် အစီအစဉ်အတိုင်း စင်မြင့်မှ ထွက်ခွာမည်။ စစ်တီးဝိုင်းက အနှေးလျှောက်တီးလုံးကို တီးမှုတ်မည်။
၂၇။    စစ်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ပညာရေးအဖွဲ့များ နောက်မှ ဘွဲ့ယူပြီးသူများ (၂) ယောက်စီ ယှဉ်တွဲ၍ လိုက်ပါ ထွက်ခွာ ကြရမည်။
၂၈။    ဘွဲ့ယူပြီးသူများ ထွက်ခွာခြင်း ပြီးဆုံးမှ  ဘွဲ့နှင်းသဘင်ပရိသတ်များ မိမိတို့ နေရာအသီးသီးမှ ထွက်ခွာသွားကြရပါမည်။

Thursday, April 19, 2012

တာဝန်ကျဗိုလ်လောင်း အဆောင်အယောင်များ


ပထမနှစ် တာဝန်ကျ ဗိုလ်လောင်းလက်ပတ်

          Duty Cadet ခေါ် ပထမနှစ် တာဝန်ကျ ဗိုလ်လောင်းများကို ပထမနှစ် ဗိုလ်လောင်းများ အမည်အက္ခရာစဉ်အလိုက် တစ်ဦးလျှင် ရက်သတ္တ တစ်ပတ် တာဝန်ပေးလေ့ရှိသည်။ တာဝန်ကျ ဗိုလ်လောင်းသည် တပ်ခွဲရှိ ဆေးရုံတက် ဆေးခန်းလိုက် ပျက်ကွက် တန်းစီ စာရင်းများ အချိန်မီ ရရှိရန် မေးမြန်း ကောက်ယူခြင်း၊ ပထမနှစ် ဗိုလ်လောင်းများ၏ အုပ်ချုပ်မှု ကိစ္စရပ်များအတွက် ကြီးကြပ်ဆောင်ရွက်ပေးခြင်း၊ တပ်ခွဲရှိ ပထမနှစ် ဗိုလ်လောင်းများ ၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ရပါသည်။ လက်ပတ်မှာ တပ်ခွဲအရောင် လက်ပတ်ဖြစ်ပါသည်။

တပ်ခွဲ ဒုတပ်ကြပ် ဗိုလ်လောင်း
          ဒုတိယနှစ် ဗိုလ်လောင်းများထဲမှ တပ်ခွဲမှူးဗိုလ်လောင်းက ရွေးချယ်ခန့်အပ်ခြင်း ဖြစ်ပါသည်။ စစ်ရေးပြကွင်းထဲတွင် တပ်ခွဲမှူး ဗိုလ်လောင်းကိုယ်တိုင် ခန့်အပ်ပါသည်။ တပ်ခွဲ ဒုတပ်ကြပ်ဗိုလ်လောင်း၏ တာဝန်မှာ တပ်စု ဒုတပ်ကြပ်များကို ဦးဆောင်ခြင်း၊ တပ်ခွဲရှိ ပထမနှစ် ဗိုလ်လောင်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊ ဒုတိယနှစ်နှင့် ပထမနှစ် ဗိုလ်လောင်းများ၏ အုပ်ချုပ်မှုကိစ္စများကို တာဝန်ခံ ဆောင်ရွက်ခြင်းတို့ ဖြစ်ပါသည်။ သာမန်အားဖြင့် တပ်ခွဲတစ်ခွဲ တစ်ဦးသာ ခန့်အပ်လေ့ရှိသော်လည်း တစ်ချို့တပ်ခွဲများတွင် ဒုတိယနှစ်ဗိုလ်လောင်းများ အက္ခရာစဉ်အလိုက် တစ်ဦးစီ အလှည့်ကျ ပူးတွဲ တာဝန်ပေးလေ့ရှိပါသည်။

တပ်စု ဒုတပ်ကြပ် ဗိုလ်လောင်းလက်မောင်းအရစ်
        တပ်ခွဲတစ်ခွဲတွင် တပ်စုငါးစု ရှိရာ တပ်စုဒုတပ်ကြပ်ဗိုလ်လောင်း ငါးဦးစီ ခန့်အပ်ထားပါသည်။ ဒုတိယနှစ် ဗိုလ်လောင်းများထဲမှ ရွေးချယ်ပြီး တပ်ခွဲမှူး ဗိုလ်လောင်းက စစ်ရေးပြဖြင့် ခန့်အပ်ပါသည်။ တပ်စုလိုက် ပထမနှစ် ဗိုလ်လောင်းများကို ကြီးကြပ်ကွပ်ကဲခြင်း၊ တပ်ခွဲ ဒုတပ်ကြပ်ဗိုလ်လောင်းကို ကူညီပံ့ပိုးခြင်း၊ တပ်စုလိုက် ပထမနှစ်နှင့် ဒုတိယနှစ် ဗိုလ်လောင်းများ အုပ်ချုပ်မှု ကိစ္စများကို တာဝန်ခံ ဆောင်ရွက်ရပါသည်။


တပ်ခွဲတပ်ကြပ်ဗိုလ်လောင်းလက်ပတ်


         လေးနှစ်သင်ရိုးတွင် တတိယနှစ် ဗိုလ်လောင်းများကို ခန့်အပ်သော ရာထူးဖြစ်ပါသည်။ တတိယနှစ် ဗိုလ်လောင်းများမှ ရွေးချယ်ပြီး တပ်ခွဲမှူးဗိုလ်လောင်းက ခန့်အပ်ပါသည်။ တပ်ခွဲတစ်ခွဲလျှင် တစ်ဦး ခန့်အပ်ပါသည်။

တပ်စုတပ်ကြပ်ဗိုလ်လောင်းလက်မောင်းအရစ်

         လေးနှစ်သင်ရိုးတွင် တတိယနှစ် ဗိုလ်လောင်းများကို ခန့်အပ်သော ရာထူးဖြစ်ပါသည်။ တတိယနှစ် ဗိုလ်လောင်းများမှ ရွေးချယ်ပြီး တပ်ခွဲမှူး ဗိုလ်လောင်းက စစ်ရေးပြဖြင့် ခန့်အပ်ပါသည်။ တပ်ခွဲတစ်ခွဲတွင် တပ်စုငါးစုရှိရာ ငါးဦးစီ ခန့်အပ်ပါသည်။

တပ်ခွဲ တပ်ကြပ်ကြီးဗိုလ်လောင်းလက်မောင်းအရစ်

          နောက်ဆုံးနှစ် ဗိုလ်လောင်းများထဲမှ ရွေးချယ်ပြီး တပ်ခွဲမှူးအရာရှိက ခန့်အပ်ပါသည်။ စစ်ရေးပြဖြင့် ခန့်အပ်ခြင်း မဟုတ်ပါ။ စီကျူဟု ခေါ်လေ့ရှိပြီး တပ်ခွဲရှိ ဗိုလ်လောင်းအားလုံး၏ စစ်ထောက်ပိုင်းဆိုင်ရာ အုပ်ချုပ်မှုကိစ္စများကို တာဝန်ယူဆောင်ရွက်ရပါသည်။

တပ်စုတပ်ကြပ်ကြီးဗိုလ်လောင်း လက်မောင်းအရစ်

         နောက်ဆုံးနှစ် ဗိုလ်လောင်းများထဲမှ ရွေးချယ်ပြီး တပ်ခွဲမှူးအရာရှိက ခန့်အပ်ပါသည်။ စစ်ရေးပြဖြင့် ခန့်အပ်ခြင်းမဟုတ်ပါ။ တပ်စုလိုက် နှစ်ငယ် ဗိုလ်လောင်းများကို ကြီးကြပ်ခြင်း၊ တပ်စုအုပ်ချုပ်မှု ကိစ္စများအတွက် တပ်စုမှူးဗိုလ်လောင်းကို အထောက်အကူပြုခြင်း၊ တပ်စုမှူး ဗိုလ်လောင်းနှင့် တွဲဘက်၍ တပ်ရင်းတာဝန်မှူးတာဝန် ထမ်းဆောင်ခြင်း တို့ကို ဆောင်ရွက်ရပါသည်။

တပ်ခွဲအရာခံဗိုလ် ဗိုလ်လောင်း
         နောက်ဆုံးနှစ်ဗိုလ်လောင်းများထဲမှ တပ်ခွဲမှူးအရာရှိက ရွေးချယ်ခန့်အပ်ပါသည်။ စစ်ရေးပြဖြင့် ခန့်အပ်ခြင်း မဟုတ်ပါ။ တပ်ခွဲမှူးဗိုလ်လောင်း၏ တပ်ခွဲရှိ ကွပ်ကဲမှု ကိစ္စရပ်များတွင် အထောက်အကူ ပြုရပါသည်။

တပ်စုမှူးဗိုလ်လောင်းပခုံးဒေါက်

       တပ်စုလိုက် ဗိုလ်လောင်းများအား ကြီးကြပ်ကွပ်ကဲရန် တပ်စုမှူး ဗိုလ်လောင်း ငါးဦးစီကို ကျောင်းအုပ်ကြီးက စစ်ရေးပြအခန်းအနားဖြင့် ခန့်အပ်ပါသည်။ တပ်စုလိုက် ကွပ်ကဲမှုတာဝန်များ၊ အလှည့်ကျ တပ်ရင်းတာဝန်မှူး တာဝန်များကို ထမ်းဆောင်ရပါသည်။ တပ်ခွဲတစ်ခွဲ တပ်စု ငါးစု ရှိသဖြင့် တပ်စုမှူး ဗိုလ်လောင်း ၄၀ ဦး ခန့်အပ်ထားပါသည်။

ဒုတိယတပ်ခွဲမှူး ဗိုလ်လောင်းပခုံးဒေါက်

        တပ်ခွဲ၏ အုပ်ချုပ်ကွပ်ကဲမှုများတွင် တပ်ခွဲမှူး ဗိုလ်လောင်းနှင့်အတူ ပူးတွဲ ထမ်းဆောင်ရန် ဒုတပ်ခွဲမှူး ဗိုလ်လောင်းတစ်ဦးစီ ခန့်အပ်ထားပါသည်။ ကျောင်းအုပ်ကြီးက စစ်ရေးပြအခမ်းအနားဖြင့် ခန့်အပ်ပါသည်။

တပ်ခွဲမှူး ဗိုလ်လောင်း ပခုံးဒေါက်


          တပ်ခွဲ၏ အုပ်ချုပ်ကွပ်ကဲမှု ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် တပ်ခွဲတစ်ခွဲလျှင် တပ်ခွဲမှူး ဗိုလ်လောင်း တစ်ဦးစီ ခန့်အပ်ထားပါသည်။ ကျောင်းအုပ်ကြီးက စစ်ရေးပြ အခမ်းအနားဖြင့် ခန့်အပ်ခြင်း ဖြစ်ပါသည်။

တပ်ရေးဗိုလ်လောင်း ပခုံးဒေါက်



ဒုတိယတပ်ရင်းမှူးဗိုလ်လောင်း


တပ်ရင်းမှူးဗိုလ်လောင်း

Friday, April 6, 2012

အဘ ကျောင်းအုပ်ကြီး ပေးတဲ့လက်ဆောင် ဒေါက်တာ စီစီ

       
       ကျွန်တော်တို့ ဗိုလ်လောင်းတွေက ဒေါက်တာစီစီ ဆိုရင် ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် တင်ဦး ကိုပြောမှန်း သိကြပါတယ်။ ဒေါက်တာ စီစီဆိုတာ ကျောင်းအုပ်ကြီး အမြဲ ဆုံးမလေ့ရှိတဲ့ လက်သုံးစကားမို့ ကျောင်းအုပ်ကြီးနဲ့ ဒေါက်တာစီစီ၊ ဒေါက်တာစီစီနဲ့ ကျောင်းအုပ်ကြီးဟာ ခွဲခြားမရတဲ့ စွယ်တော်ရွက်လေးလိုပါပဲ။
          ဒေါက်တာ စီစီ ဆိုတာ D R C C ရဲ့ အလွယ်မှတ်စကား ဖြစ်ပါတယ်။ အဓိပ္ပာယ်က
D    =    Self-discipline
R    =    Self-respect
C    =    Self-control
C    =    Self-confidence
          ကျောင်းအုပ်ကြီးက ဒီလို ဆုံးမလေ့ရှိပါတယ်။ ပထမဆုံး Self-discipline ကိုယ့်ကိုယ်ကို စည်းကမ်းထားရမယ်တဲ့။ စည်းကမ်းဆိုတာ သူများက သတ်မှတ်ထားတဲ့ စည်းကမ်းမဟုတ် ကိုယ်ဘာသာ စည်းကမ်းသတ်မှတ်ပြီး ကိုယ့်စည်းကမ်းကို လိုက်နာရမယ်တဲ့။ အဲဒါမှသာ Self-respect ကိုယ့်ကိုယ်ကို လေးစားမှု ရှိမယ်တဲ့။ ကိုယ့်ကိုယ်ကို လေးစားမှသာ သူများက ကိုယ့်ကို လေးစားမှာဖြစ်တယ်။ ကိုယ့်ကိုယ်ကိုမှ မလေးစားရင် သူများက လေးစားစရာအကြောင်းမရှိတဲ့ ဗျ။ ကိုယ့်ကိုယ်ကို လေးစားမှသာ ကိုယ်ကိုယ်ကို ထိန်းသိမ်းနိုင်စွမ်း Self-control ရှိလာမှာ ဖြစ်ပြီး ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်မှလည်း Self-confidence ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာမယ် လို့ ဆိုပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ဆိုတာကလည်း လွန်လွန်ကဲကဲ ယုံကြည်မှုမျိုး over confidence မဖြစ်စေရပါဘူးတဲ့။ ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိမှသာလျှင် မိမိ ထမ်းဆောင်ရမယ့် တာဝန်ကို ယုံယုံကြည်ကြည် ရဲရဲဝံ့ဝံ့ ထမ်းဆောင်ပြီး အောင်ပန်းတွေ ဆွတ်ယူနိုင်မယ်တဲ့။ နောင်တစ်ခေတ်၏ အောင်စစ်သည်တွေ ဖြစ်မယ်တဲ့။ ဒီလို ဆုံးမခဲ့ပါတယ်။ တစ်ခါမက အထပ်ထပ်အခါခါ ဆုံးမခဲ့ပါတယ်။ ဗိုလ်ကောင်းတို့လည်း အဘ ကျောင်းအုပ်ကြီး ဆုံးမခဲ့တဲ့ စကားတွေကို ဒီနေ့ထိ ရင်ဝယ်ပိုက်ပြီး အမြဲတမ်း ကြိုးစား လိုက်နာ ကျင့်ကြံလျက် ရှိပါတယ်။
          အဘ ကျောင်းအုပ်ကြီးဟာ ကျောင်းဆင်းခါနီးမှာ DRCC ကို သော့ချိတ်လေးတွေ လုပ်ပြီး တစ်ယောက်တစ်ခု လက်ဆောင်ပေးပါတယ်။ အမှတ်တရသိမ်းထားတာ ဒီနေ့ထိ ရှိနေပါသေးတယ်။ ဗိုလ်ကောင်းတို့ကို သားသမီးများသဖွယ် သွန်သင် ဆုံးမ စောင့်ရှောက် လေ့ကျင့်ပေးခဲ့တဲ့ အဘ ကျောင်းအုပ်ကြီး ကျန်းမာချမ်းသာပါစေ။ အသက်ရာကျော် ရှည်ပါစေ။ ရွှင်လန်းချမ်းမြေ့ပါစေ။ အဘကျောင်းအုပ်ကြီးကို ဒီစာစုလေးနဲ့ ကန်တော့အပ်ပါတယ်။

Thursday, April 5, 2012

တပ်ခွဲအလိုက် နှစ်အလိုက် လက်မောင်းတံဆိပ်များ


တပ်ခွဲအမည်
ပထမနှစ်ဗိုလ်လောင်း လက်မောင်းတံဆိပ်
ဒုတိယနှစ်ဗိုလ်လောင်း လက်မောင်းတံဆိပ်
နောက်ဆုံးနှစ်ဗိုလ်လောင်း လက်မောင်းတံဆိပ်
အနော်ရထာတပ်ခွဲ



ဘုရင့်နောင်တပ်ခွဲ



အောင်ဇေယျတပ်ခွဲ



အောင်ဆန်းတပ်ခွဲ



ကျန်စစ်သားတပ်ခွဲ



ဆင်ဖြူရှင်တပ်ခွဲ



မြဝတီတပ်ခွဲ



ဗန္ဓုလတပ်ခွဲ




တပ်ခွဲ ရှစ်ခွဲ ဖွဲ့စည်းပုံ


အနော်ရထာတပ်ခွဲ
တပ်စု ၁
တပ်စု ၂
တပ်စု ၃
တပ်စု ၎
တပ်စု ၅
ဘုရင့်နောင်တပ်ခွဲ
တပ်စု ၆
တပ်စု ၇
တပ်စု ၈
တပ်စု ၉
တပ်စု ၁၀
အောင်ဇေယျတပ်ခွဲ
တပ်စု ၁၁
တပ်စု ၁၂
တပ်စု ၁၃
တပ်စု ၁၄
တပ်စု ၁၅
အောင်ဆန်းတပ်ခွဲ
တပ်စု ၁၆
တပ်စု ၁၇
တပ်စု ၁၈
တပ်စု ၁၉
တပ်စု ၂၀
ကျန်စစ်သားတပ်ခွဲ
တပ်စု ၂၁
တပ်စု ၂၂
တပ်စု ၂၃
တပ်စု ၂၄
တပ်စု ၂၅
ဆင်ဖြူရှင်တပ်ခွဲ
တပ်စု ၂၆
တပ်စု ၂၇
တပ်စု ၂၈
တပ်စု ၂၉
တပ်စု ၃၀
မြဝတီတပ်ခွဲ
တပ်စု ၃၁
တပ်စု ၃၂
တပ်စု ၃၃
တပ်စု ၃၄
တပ်စု ၃၅
ဗန္ဓုလတပ်ခွဲ
တပ်စု ၃၆
တပ်စု ၃၇
တပ်စု ၃၈
တပ်စု ၃၉
တပ်စု ၄၀