Tuesday, August 28, 2012

စစ်တက္ကသိုလ်ဖွဲ့စည်းရေး အထူးကော်မတီ

    စစ်တက္ကသိုလ်အကောင်အထည် ဖော်ဆောင်ရေးအဖွဲ့က စစ်တက္ကသိုလ်ဖွဲ့စည်းရေး အထူးကော်မတီကို ဗိုလ်မှူးကြီးမောင်မောင်အား ဦးစီးစေပြီး ဖွဲ့စည်းပေးခဲ့သည်။ အထူးကော်မတီက ၁၉၅၃ ခု ဇူလိုင်လ ၄ ရက်နေ့တွင် အစီရင်ခံ တင်ပြခဲ့သည်။
    အထူးကော်မတီသည် စစ်တက္ကသိုလ်၏ ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန် လမ်းညွှန်ချက်များအဖြစ် အထွေထွေပဋိညာဉ် (General Charter) တစ်ရပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးဆွဲအကြံပြုခဲ့သည်။ တင်ပြချက်ကို စစ်တက္ကသိုလ်၏ ပထမ ပဋိညာဉ်အဖြစ် ၁၉၅၃ ဇူလိုင် ၆ ရက်နေ့တွင် ပြဌာန်းသတ်မှတ်ခဲ့သည်။
    ယင်းပဋိညာဉ်တွင် စစ်တက္ကသိုလ်၏ ရည်မှန်းချက်များနှင့် ပတ်သက်၍ စစ်ဘက်ပညာများ တတ်ကျွမ်းပြီး ထိုးထွင်းဥာဏ်ဖြင့် ဆောင်ရွက်တတ်ရန်၊ အမြင်ကျယ်စေရန် သိပ္ပံပညာ ဓာတုဗေဒပညာ လူမှုရေး ပညာရေးနှင့် ဗဟုသုတများ သင်ကြားပြီး တိုးချဲ့ဆည်းပူးရန် သူရသတ္တိနှင့် ပြည့်စုံပြီး ကတိသစ္စာရှိရန် မြင့်မြတ်သောစိတ်ထား အကျင့်စာရိတ္တ ကိုယ်ကျင့်တရား ပြည့်စုံစေရန် ကြံ့ခိုင်မှု ဇွဲရှိပြီး ပူးပေါင်း ဆောင်ရွက်တတ်ရန် ခေါင်းဆောင်မှု အင်္ဂါရပ်များနှင့် ပြည့်စုံစေရန်ဟူ၍ ကျယ်ပြန့်စွာ ဖော်ပြထားသည်။
    ၁၉၅၃ ခုနှစ် စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်မှာ စစ်ပညာရော ခေတ်ပညာပါ ကျွမ်းကျင်တတ်မြောက်သည့် မြန်မာ့တပ်မတော် အရာရှိများ မွေးထုတ်နိုင်ရေး တစ်နည်းအားဖြင့် နိုင်ငံတော်အတွက် ခေါင်းဆောင်ကောင်းများ မွေးထုတ်နိုင်ရေး ပင်ဖြစ်သည်။
(စစ်တက္ကသိုလ် ရွှေရတု မဂ္ဂဇင်း)

No comments: