Saturday, October 24, 2009

သင်းထုံမွှေးမြ ထာဝရ

နွေမိုးဆောင်းလ ဟူသမျှလျှင်
ရွှန်းမြလန်းဆန်း ရောင်စဉ်ဖြန်း၍
ပွင့်ပန်းစုံစီ ပန်းတေးသီသို့
လေပြည်သယ်ရာ ရနံ့ဖြာလျက်
သာသည့်စခန်း တောင်ပြာတန်းနှင့်
ပန်းမြို့အသွင် ပြင်ဦးလွင်။
ရာသီတိုင်းပင် အလှမြင်။

ပန်းမြို့အသွင် ပြင်ဦးလွင်ဝယ်
ပြည်ခွင်အားသစ် ပြည်ကိုချစ်သည့်
နောင်တစ်ခေတ်၏ အောင်စစ်သည်တို့
ဖြစ်တည်ဘဝ ပေါ်ထွန်းရအောင်
သစ္စာ့ သိပ္ပ သူရအရာ
ညီညာလေ့ကျင့် အရှိန်မြှင့်သော်
ပျံ့လွင့်ဂုဏ်နံ့ ကမ္ဘာနှံ့မျှ
ခန့်ညားညွှန်းဆို ကျောင်းမြင်းမိုရ်။
ပြည့်သားကွန်းခို စစ်တက္ကသိုလ်။

ရာသီတိုင်းပင်
ရောင်စဉ်လျှမ်းပ ပန်းစုံခ၍
ပွင့်ကြမွှေးကြ လှမြဲလှသို့
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုက
ကွန်းခိုနောင်ညီ အောင်စစ်သည်တို့
ဖြစ်တည်ထူးခြား စွမ်းရည်များကြောင့်
ထင်ရှားကြပေ " ကြည်း ရေ လေ " ဝယ်
ဝေရဲ ကြွေရဲ စွန့်စားရဲ၍
အောင်ပွဲကိုရ ဂုဏ်တင့်စွဟု
မြန်မာ့မော်ကွန်း သက်သေထွန်းသည်
ရည်ညွှန်းဖော်ပြ ဖွဲ့ဆိုရ။
ပြည်ချစ်ပန်းက လန်းပေစွ။
သင်းထုံမွှေးမြ ထာဝရ။

မောင်သန့်ဇင်
ဗိုလ်မှူးသန့်ဇင်အောင်၊ အပတ်စဉ် ၃၉၊
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )

No comments: