Saturday, October 24, 2009

ချယ်ရီမေမေသို့

ပြန်မရောက်သည် ကြာခဲ့ပြီတည့် ရော်ရည်မျှော်မှန်း ထင်ယောင်လွမ်းလျက် ချမ်းမြရိပ်မြုံ အမေ့ဘုံသို့ ခိုလှုံပြေးဝင် နွေးထွေးချင်လည်း မြေပြင် ရေပြင် ထက်ဝေဟင်၌ ကျင်လည်လှုပ်ရှား သားကောင်းများမို့ နားလည်ပေးပါ ချစ်မေမေ။ မှတ်မိသေးသည် အတွေးစိတ်တွင် ဆွေးရိပ်ထင်မိ ယခင်အခါ ချယ်ရီရွာမှာ သာယာမြေ့ချမ်း ကြည်ရွှင်လန်းလျက် သင်တန်းသုံးနှစ် မော်ကွန်းသစ်သော် နုနှစ်ရင်သွေး အားမာန်မွေး၍ ပြည်ရေးဝန်တာ ထမ်းရွက်ကြာလည်း တစ်ခါလောက်ပင် မေ့ရင်ခွင်သို့ ခိုဝင်နားခွင့် လမ်းမသင့်ခဲ့ ခွင့်လွှတ်ပေးပါ ချစ်မေမေ။ အတောင်စုံ၍ လေဟုန်ပျံတက် ရုန်းကန်ထွက်တော့ အိပ်မက်လေလား မျက်ရည်ကြားမှ စကားချိုကြည် ဆုံးမသည်မှာ ယုံကြည်ဖြောင့်တန်း လျှောက်သည့်လမ်းဝယ် ရွက်ထမ်းဝန်တာ ကျေပွန်ပါလော့ မှာတမ်းတစ်ခု အမေပြုခဲ့ ခုခါတွေးကြည့် ပြန်မြင်မိ၍ အသိရင်မှာ ဝင်မိပါ၏ ပြည်ရွာအတွက် ခန္ဓာသက်ကို ပေးဆပ်စွန့်လှူ အောင်လံထူအံ့ ဂုဏ်ယူလှည့်ပါ ချစ်မေမေ။

လွမ်းစစ်နိုင်(ပုလော)
ဗိုလ်လောင်းသက်နောင်၊ အောင်ဇေယျ/၁၊ အပတ်စဉ် ၅၂
( ၂၀၀၉ ခုနှစ် စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း )

No comments: