Thursday, March 29, 2012

ရဲရင့်နုပျို စစ်တက္ကသိုလ်

ပန်းမျိုးရောင်စုံ သင်းပျံ့ထုံ၍
ဝတ်မှုန်ဝတ်ရည် ချိုစင်ကြည်လျက်
နေခြည်အနမ်း နှင်းအဆမ်းဝယ်
ရွှင်လန်းဖွယ်ရာ မြင်ရပါသည်
ငါတို့ချစ်သော စစ်တက္ကသိုလ်

နှစ်သုံးဆယ်ကျော် ရှေးခါသော်တည့်
ပြုံးပျော်ရွှင်ပျ တာဝန်ကျ၍
ရောက်ရခဲ့ပါ ဤနေရာတည့်
ထိုခါတုန်းက ဆုံခဲ့ကြသည့်
ညီလှညီငယ် အသွယ်သွယ်တို့
ခုဝယ်လူကြီး တာဝန်ကြီးလျက်
ခရီးသင့်မြောက် အရာရောက်ကာ
ထွန်းပေါက်အောင်မြင်နေကြပြီ

ယနေ့ခါဆီ မြင်ရသည်ကား
ညီတို့မှဖွား မျိုးဆက်များတည့်
တူသားအရွယ် လုလင်ငယ်တို့
ချယ်ရီးအားမာန် မိုးသို့ပျံမျှ
နိုင်ငံတော်အတွက် ယုံကြည်ချက်ဖြင့်
မနက်နေ့ည လေ့ကျင့်ကြသည်
မြင်ရသူတိုင်း ပီတိလှိုင်းနှင့်
တိုင်းပြည့်ရင်နှစ် မျိုးဆက်သစ်ဟု
စစ်သွေးချယ်ရီ နီမှနီဟု
ဖွဲ့သီစာကျူး ကဗျာဦးဖြင့်
ကြည်နူးဂုဏ်ယူကြသည်တကား


အစ်ကိုမှညီ ညီမှတူသား
မြေးမြစ်များတိုင်
ဘိုးဘွားအမွေ ဆက်ခံလေလျက်
ဤမြေမြန်မာ ရွှေပြည်သာကို
ရဲစွာစောင့်ကြပ် မားမားရပ်မည့်
မြင့်မြတ်နှလုံးသား ပိုင်ရှင်များကို
မွေးဖွားလျက်ပေ ကျောင်းတော်မြေကား
နွေနှင့်မိုးဆောင်း ဘယ်သို့ပြောင်းလည်း
မဟောင်းအိုပါ အလှဖြာကောင်း
ဘယ်ညာဟစ်ကြွေး စစ်ချီတေးနှင့်
ပြည့်ရေးဂုဏ်တင့် မျိုးဂုဏ်မြင့်အောင်
တိုးမြှင့်ဆောင်ထမ်း ပြည်ချစ်ပန်းတို့
ပွင့်လန်းတင့်တယ် မြတ်နိုးဖွယ်မို့
ချယ်ရီချယ်ရီ ပန်းအနီကို
အနီထပ်ဆင့် မှုန်းချယ်လင့်သည်
ရဲရင့်နုပျို စစ်တက္ကသိုလ်
ကမ္ဘာတည်သရွေ့ ဘယ်မအို
ပြည်ချစ်စစ်သွေး တေးချိုချို
မိုးမြေအနှံ့ ပျံ့မည်ကို

မြင်းမူမောင်နိုင်မိုး
ဒုမှူးကြီး အုန်းမောင်(ငြိမ်း)
စာတည်းမှူးချုပ်
နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း
ပြန်ကြားရေးဝန်ကြီးဌာန
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

No comments: