Thursday, March 29, 2012

အောင်စစ်သည်တပ်ခွဲ ချီတက်အလေးပြု


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို အောင်စစ်သည်တပ်ခွဲက အနှေးလျှောက်နဲ့ ချီတက် အလေးပြုနေပုံ ဖြစ်ပါတယ်။

အမိမြင့်မား သားဝင့်ကြွား

စိန်ပန်းပြာနီ နှင်းငွေရည်နှင့်
ရေကြည်မြစမ်း တောင်ပြာတန်းက
မြန်းခဲ့ရိပ်ညို တက္ကသိုလ်သည်
နုပျိုနေဆဲပေတကား

နှစ်ဆယ့်ကိုးနှစ် ဝေးကျန်ရစ်လည်း
ရင်နှစ်ပြည့်သား ဇာနည်ဘွားတို့
မွေးဖွားလျက်ပေ ကျောင်းရိပ်မြေသည်
စိုပြေနေဆဲပါတကား

အဖနေရာ ရောက်၍လာလည်း
နောက်မှာတူသား အရွယ်များက
အားမာန်ပြည့်လျှမ်း ရဲရဲလှမ်းလျက်
စွမ်းစထွန်းပြောင် ဆောင်မြဲဆောင်သည်
ဂုဏ်ရောင်မြင့်ဆဲပါတကား

နှစ်ပေါင်းများစွာ မည်မျှကြာလည်း
ပမာဤသို့ မျိုးဆက်တို့လျှင်
မချို့မပျက် ရှေ့ဆီဆက်၍
တွဲလက်ခိုင်စွာ ညီတညာဖြင့်
ပြည်ရွာလုံရေး စွမ်းဆောင်ပေးလိမ့်
အတွေးရေယဉ် မျောမိစဉ်ဝယ်
မြာမင်ဆွတ်ဖြန်း တောင်စဉ်တန်းနှင့်
စိန်ပန်းပြာနီ နှင်းငွေ့ရည်တို့
ပန်းချီမဟုတ် မှန်သရုပ်ကို
ကျွန်ုပ်မြင်မိသည်တကား
အမိမြင့်မား သားဝင့်ကြွား

မောင်စိမ်းနောင်(လယ်ဝေး)
ဒုမှူးကြီးမျိုးထွန်း(ငြိမ်း)
စာတည်းမှူးချုပ် စာပေဗိမာန်
ပြန်ကြားရေးဝန်ကြီးဌာန
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

တန်ဖိုး

မနုဿတ္တ ဒုလ္လဘဟု
ဗုဒ္ဓစိန္တေ မိန့်မြွက်ခြွေမို့
တို့တွေလူသား တန်ဖိုးထားလော့

လူသားတွင်ပင်
တို့လျှင်ယောက်ျား တစ်ကောင်ဘွားမို့
မြင့်မားတန်ဖိုး စဉ်မြဲတိုးအောင်
ကြိုးစားဆောင်ရွက် မပျက်ကွက်နှင့်

ယောက်ျားတွင်ပင်
တို့လျှင်စစ်သား ဇာနည်ဘွားမို့
မြင့်မားဂုဏ်ရည် ခန့်ထည်စေရေး
လေးပေးဆောင်ရွက် မပျက်ကွက်နှင့်

စစ်သားတွင်ပင်
တို့လျှင်ဗိုလ်လောင်း ပြည့်သားကောင်းမို့
ခညောင်းကျက်သရေ လင်းလက်ဝေအောင်
မသွေနိစ္စ ကြိုးပမ်းကြလော့

ဗိုလ်လောင်းတွင်ပင်
တို့လျှင်ကွန်းခို စစ်တက္ကသိုလ်မှ
ညွှန်းဆိုဂုဏ်ရောင် စဉ်ထွန်းပြောင်သည့်
"နောင်တစ်ခေတ်၏ အောင်စစ်သည်" မို့
စွမ်းရည်ဝင့်ထည် "သ" သုံးသွယ်ဖြင့်
ရည်ရွယ်မှတ်သား စဉ်ကြိုးစားလော့

ဖြစ်စဉ်ဆင့်ဆင့် မျှော်တွေးချင့်သော်
အသင့်ရေကန် နတ်တို့ဖန်သို့
လျင်မြန်ဆောစွာ ရွှေကြာပန်းပွင့်
အမြင်တင့်လာ မဟုတ်ရာမို့
ကိုယ့်မှာတန်ဖိုး တိုးထက်တိုးအောင်
ကြံဆောင်ကြိုးစားကြစေလို

မောင်အောင်သန်းမြင့်
ဒုမှူးကြီးအောင်သန်း
ကထိက ဌာနမှူး
မြန်မာစာဌာန စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

မျိုးချစ်ဇာနည် အောင်စစ်သည်

ချယ်ရီမြေပွင့်ဝေပန်းတွေနှင့်
တောင်တန်းပြာ နှင်းငွေလွှမ်းနေသည့်
ရှမ်းမြေမြင့် စခန်းသာ

ချယ်ရီမြေထက်မှာလ
စစ်တက္ကသိုလ်တည်ရှိရာမို့
အမိပြည်ချစ်သည့်ပန်းတွေကလည်း
လန်းစွင့်ဂုဏ်ဖြာ

မော်ကွန်းထည်စွာ
နောင်တစ်ခေတ်ရည်
အောင်စစ်သည်ဇာနည်ဘွား

ချယ်ရီမြေ စစ်တက္ကသိုလ်တွင်
ရွယ်ရည်နေကြ ခေတ်အတွက်ကိုလျှင်
ပညာသင်ဖွေရှာကြ
အစဉ်အလာတွင် ရှည်ကြာစွ
သစ္စာ သိပ္ပ သူရ ဂုဏ်ရည်
တူစွစုံညီ အလှရွှမ်းလို့
ညွှန်းဆိုချင်
ကွန်းခိုဝင် မြန်မာ့သားတို့ကို
ကွယ်
မျိုးချစ်သူများ

မောင်သန့်ဇင်
ဗိုလ်မှူးသန့်ဇင်အောင်
မြန်မာစာဌာန စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

ကျောင်းကြီးမြင်းမိုရ် စစ်တက္ကသိုလ်

အို
ကျောင်းကြီးမြင်းမိုရ် စစ်တက္ကသိုလ်
အသင်သည်ကား ရင်ဝယ်သားကို
သနားချစ်ခင် သားနှယ်ကြင်၍
ပညာဗလ သိပ္ပ ဝိဇ္ဇာ
ပွားစည်ရာကြောင်း မေတ္တာလောင်းကာ
ပေါင်းစုစေတနာ ကရုဏာဖြင့်
ဝါသနာအား လုံ့လထားပြီး
သားတပည့်ကောင်း ကောင်းစေကြောင်းကို
ထိုထိုဒေါသ မာနကင်းကွာ
သုခဖြာလို့ ဆီးကာဘေးရန်
တွန်းဖယ်လှန်၍ မချန်သိပ္ပ
ကိုယ်စီရအောင် ကျနဦးဆောင်
ပျိုးထောင်သင်ကြား ကောင်းမှုပွားအောင်
စွမ်းဆောင်နိုင်ခဲ့ပြီတကား

အို
ကျောင်းကြီးမြင်းမိုရ် စစ်တက္ကသိုလ်
အသင်သည်ကား ရင်ဝယ်သားကို
သနားချစ်ကြည် မှတ်ကျောက်တည်၍
ဇာနည်နှလုံး လက်ရုံးအရာ
ဘုန်းသမ္ဘာာနှင့် သစ္စာသူရ
လုံ့လအရာ ခါခါလေ့ကျင့်
မာန်ဟုန်ဝင့်၍ ရဲရင့်ကျွမ်းကျင်
အောင်ပွဲဝင်အောင် ရောင်ထင်မောင်းမောင်း
ယောက်ျားကောင်းသို့ ဖြစ်ကြောင်းရည်မျှော်
တိုင်းပြည်ကျော်ဖို့ ဖော်ဆောင်ထုဆစ်
နောင်တစ်ခေတ်၏ အောင်စစ်သည်များ
ဖွားသန့်စင်အောင် ဂုဏ်ထူးဆောင်၍
ပျိုးထောင်နိုင်ခဲ့ပြီတကား

အောင်နိုင်မြင့်(၆၅၉၀)
ဗိုလ်မှူးအောင်နိုင်မြင့်
လက်ထောက်ကထိက
မြန်မာစာဌာန စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

ချယ်ရီပန်းတို့ သက်သေတည်

ပြင်ဦးလွင်ခေါ် ပန်းမြို့တော်ဝယ်
ပေါ်လွင်ထင်ရှား ခန့်ခန့်ညားနှင့်
မားမတ်ဝင့်ထည် ဂုဏ်ယူဖွယ်တည့်
နုနယ်ပျိုမျစ် ပြည်သားချစ်တို့
နှစ်ခြိုက်ခိုမှီ သန္ဓေတည်ရာ
ဝေစည်တင့်မောင်း သမိုင်းကြောင်းနှင့်
တို့ကျောင်းမြင်းမိုရ် စစ်တက္ကသိုလ်

စစ်တက္ကသိုလ် ကျောင်းရိပ်ညိုဝယ်
ကွန်းခိုလေးနှစ် အားမာန်သစ်ခဲ့
ထုဆစ်ဂုဏ်မောက် လက်ရာမြောက်သော်
ထွန်းတောက်ဝင့်ကြွား နောင်ညီများတို့
ထင်ရှားပီပြင် မြန်ပြည်ခွင်ဝယ်
ဂုဏ်အင်မွှေးလှ ရုပ်လုံးကြွလျက်
ကျရာတာဝန် မြဲကျေပွန်၏
အားသွန်ခဲ့ကြောင်း ကမ္ဗည်းကောင်းလျှင်
ထောင်သောင်းမက ရှိချေပြီ
ချယ်ရီပန်းတို့ သက်သေတည်


ပန်းပွင့်ချယ်ရီ သက်သေတည်၍
စုံညီဆင့်လောင်း သားကောင်းများစွာ
လားရာမတူ တမူကွဲပြား
သူကားတစ်ရွာ ငါ့မှာတစ်မြို့
တချို့ပွင့်ဝေ တချို့ကြွေနှင့်
သို့ပင်ရှိငြား အမေ့သားတို့
သင်ကြားခဲ့ရာ "သစ္စာ သိပ္ပ
သူရ" ဂုဏ်ရည် ရင်မှာတည်ရင်း
ယုံကြည်နက်လေး အားမာန်သွေးသော်
ပျံ့မွှေးနေဆဲ လေပြည်ထဲတွင်
ဝေဆဲပန်းတို့ ကြိုင်လှိုင်ဖြာ
ကြွေသောပန်းတို့ ဂုဏ်ယူစွာ
ဦးညွတ်နေမြဲ အစဉ်သာ

လွမ်းစစ်နိုင်(ပုလော)
ဗိုလ်သက်နိုင်
စတသ(၅၂)
အမှတ်(၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

သားကောင်းဇာနည်

ချယ်ရီရိပ်ညို စစ်တက္ကသိုလ်၌
ကွန်းခိုအားသစ် သားရင်နှစ်တို့
စစ်ပညာသင် ပြည့်ဝလျင်သော်
စစ်ဆင်စိမ့်ငှာ တို့ခွဲခွာသည်
ကာလကြာရှည်ခဲ့လေပြီ

ရဲစွာဆင်နွှဲ အောင်သည့်ပွဲကြောင့်
အံ့အဲမကုန် သတင်းဂုဏ်နှင့်
ပြည့်စုံခဲ့ကြ ဂုဏ်ပြုကြသည်
သူရသားကောင်း ဇာနည်တကား

တောင်ပြာတောတန်း ခရီးကြမ်းဝယ်
တက်လှမ်းစွန့်စား ပြည်ချစ်သားဟု
ဝင့်ကြွားလျက်သော် တိုက်ပွဲပျော်သည်
လွှင့်ကျော်သားကောင်းဇာနည်တကား

ကြွင်းကျန်ခြေလက် တစ်ဖက်ဖက်ဖြင့်
အားတက်ဆဲသာ စွမ်းဆောင်ရာဟု
ပါဝင်တက်ကြွ လုပ်အားပြသည်
မြန်မာ့သားကောင်းဇာနည်တကား

နွေဦးကာလ ညတစ်ည၌
မိုးစထွန်းလင်း ကြယ်ပန်းခင်းကို
ရှုရင်းငါ့ဝယ် အတွေးကြွယ်သည်
ဘယ်ဆီဘယ်မှာ ဘယ်နေရာဟု
တို့မှာဒေသ ကွာခြားကြလည်း
ကြွေကရဲရဲ ဝေရဲရဲတည့်
တိုက်ရဲသေရဲ စွန့်လွှတ်ရဲ၏
တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ထောင်
အောင်ပန်းကုဋေ ခူးဆွတ်ခြွေမည်
တို့ပြည်ကျိုးပြု တို့ရှေးရှု
လေးချက်ဓိဌာန် ငါတို့ပြု

အောင်နိုင်
ဗိုလ်အောင်နိုင်
စတသ(၅၁) မဟာဘွဲ့(ဒုတိယနှစ်)သင်တန်း
စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

ရဲသုံးဖော်

သည်တောသည်တောင် လျှိုမြောင်ကမ်းပါး
ချောက်ချားမကျန် ရန်စွယ်ပယ်ရှား
ကျားပဲကိုက်စေ တုံးတိုက်လေလည်း
စွမ်းရည်ခြိမ့်သည့် တပ်မတော်(ကြည်း)

သာယာရွှင်လန်း တောင်ပြာတန်းနှင့်
စိမ့်စမ်းရေမှ အစပြုရာ
ခက်ဖြာမြစ်ချောင်း ပင်လယ်ကြောင်းစေ
လှေခွက်ချည်းကျန် အလံမလဲ
ဇွဲနှင့်ချီပေ တပ်မတော်(ရေ)

ပြာပြာလွင်လွင် သည်ဝေဟင်ထက်
ငှက်သွင်ပျံတက် ကာကွယ်လျက်ပင်
တက်နိုင်ဖျားရောက် အံ့လောက်စွန့်စား
ဝင့်ကြွားကြပေ တပ်မတော်(လေ)

အောင်စစ်သည်တော် ရဲသုံးဘော်သည်
တို့မြန်မာပြည် အမိမြေကို
ရေရှည်ခံ့ထည် ကမ္ဘာတည်အောင်
တူညီသစ္စာ သက်စွန့်ကာလျှင်
ထာဝစဉ်သယ်ပိုးနေသည်တကား
ကြည်းရေလေတပ် စွမ်းပကား

ဟိန်းမင်းဦး
ဗိုလ်လောင်းဟိန်းမင်းဦး
စတသ(၅၄)
အနော်ရထာတပ်ရင်း စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

နောင်တစ်ခေတ်၏အောင်စစ်သည်

နောင်တစ်ခေတ်၏ အောင်စစ်သည်
တူညီလျှောက်လှမ်း  ချယ်ရီနန်း

စစ်သည်လူတော် ပွဲတိုင်းကျော်
ရည်မျှော်ဇွဲဆင့် ပြည့်မျက်ပွင့်

စစ်သည်လူမွန် လွန်ထူးချွန်
ကျေပွန်လုပ်အား ဆတက်ပွား

စစ်သည်လူကောင်း အားစုပေါင်း
နီမောင်းသွေးရဲ သတ္တိခဲ

ပြည်ချစ်သားဆွေ ဇာနည်ပေ
အောင်မြေကိုနင်း ရန်ဖြိုခွင်း

လက်ရုံးလည်းပြိုင် ဥာဏ်နှင့်ဆိုင်
မြဲခိုင်စိတ်ဓာတ် အောင်ပွဲမြတ်

နောင်တစ်ခေတ်မျှော်ရည် အောင်စစ်သည်
ဂုဏ်ရည်ဝင့်ကြွား မျိုးချစ်များ
အမိမြေတွက် သားကောင်းများ

အောင်အောင်(ဆိပ်ဖြူ)
ဗိုလ်ကြီးအောင်အောင်
စတသ(၄၅)
အောင်ဇေယျတပ်ရင်း စစ်တက္ကသိုလ်
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)

ရဲရင့်နုပျို စစ်တက္ကသိုလ်

ပန်းမျိုးရောင်စုံ သင်းပျံ့ထုံ၍
ဝတ်မှုန်ဝတ်ရည် ချိုစင်ကြည်လျက်
နေခြည်အနမ်း နှင်းအဆမ်းဝယ်
ရွှင်လန်းဖွယ်ရာ မြင်ရပါသည်
ငါတို့ချစ်သော စစ်တက္ကသိုလ်

နှစ်သုံးဆယ်ကျော် ရှေးခါသော်တည့်
ပြုံးပျော်ရွှင်ပျ တာဝန်ကျ၍
ရောက်ရခဲ့ပါ ဤနေရာတည့်
ထိုခါတုန်းက ဆုံခဲ့ကြသည့်
ညီလှညီငယ် အသွယ်သွယ်တို့
ခုဝယ်လူကြီး တာဝန်ကြီးလျက်
ခရီးသင့်မြောက် အရာရောက်ကာ
ထွန်းပေါက်အောင်မြင်နေကြပြီ

ယနေ့ခါဆီ မြင်ရသည်ကား
ညီတို့မှဖွား မျိုးဆက်များတည့်
တူသားအရွယ် လုလင်ငယ်တို့
ချယ်ရီးအားမာန် မိုးသို့ပျံမျှ
နိုင်ငံတော်အတွက် ယုံကြည်ချက်ဖြင့်
မနက်နေ့ည လေ့ကျင့်ကြသည်
မြင်ရသူတိုင်း ပီတိလှိုင်းနှင့်
တိုင်းပြည့်ရင်နှစ် မျိုးဆက်သစ်ဟု
စစ်သွေးချယ်ရီ နီမှနီဟု
ဖွဲ့သီစာကျူး ကဗျာဦးဖြင့်
ကြည်နူးဂုဏ်ယူကြသည်တကား


အစ်ကိုမှညီ ညီမှတူသား
မြေးမြစ်များတိုင်
ဘိုးဘွားအမွေ ဆက်ခံလေလျက်
ဤမြေမြန်မာ ရွှေပြည်သာကို
ရဲစွာစောင့်ကြပ် မားမားရပ်မည့်
မြင့်မြတ်နှလုံးသား ပိုင်ရှင်များကို
မွေးဖွားလျက်ပေ ကျောင်းတော်မြေကား
နွေနှင့်မိုးဆောင်း ဘယ်သို့ပြောင်းလည်း
မဟောင်းအိုပါ အလှဖြာကောင်း
ဘယ်ညာဟစ်ကြွေး စစ်ချီတေးနှင့်
ပြည့်ရေးဂုဏ်တင့် မျိုးဂုဏ်မြင့်အောင်
တိုးမြှင့်ဆောင်ထမ်း ပြည်ချစ်ပန်းတို့
ပွင့်လန်းတင့်တယ် မြတ်နိုးဖွယ်မို့
ချယ်ရီချယ်ရီ ပန်းအနီကို
အနီထပ်ဆင့် မှုန်းချယ်လင့်သည်
ရဲရင့်နုပျို စစ်တက္ကသိုလ်
ကမ္ဘာတည်သရွေ့ ဘယ်မအို
ပြည်ချစ်စစ်သွေး တေးချိုချို
မိုးမြေအနှံ့ ပျံ့မည်ကို

မြင်းမူမောင်နိုင်မိုး
ဒုမှူးကြီး အုန်းမောင်(ငြိမ်း)
စာတည်းမှူးချုပ်
နိုင်ငံ့ဂုဏ်ရည်မဂ္ဂဇင်း
ပြန်ကြားရေးဝန်ကြီးဌာန
(စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၁)