Sunday, May 17, 2009

စာမျက်နှာ ၂၁

ရာစုသစ် တံခါးကိုရိုက်ချိုး
အရုဏ်ဦးရဲ့ လှိုင်းတံပိုး
ငှက်ငယ်လေးတွေ လန့်ဖျန့်နိုး
ပြင်ဦးလွင်မြို့ နှင်းနဲ့ရေချိုးတဲ့နှစ်
စစ်တက္ကသိုလ် ချွေးနဲ့ရေချိုးတဲ့နှစ် . . .။
နက်မှောင်တဲ့လမ်းမဟာ
နှင်းစတွေကြောင့်ပြောင်ဝင်း
ဖြောင်းဖြောင်းထနေတဲ့ ခြေနင်းသံတွေကြား
ဝပ်စင်းငြိမ်သက်နေချိန်မှာ
မဟာဝိဇယ တစ်ပတ်နဲ့
မြင့်မြတ်တဲ့ ပေးဆပ်ခြင်းတွေ ပြုနေကြသူတွေ . . . ။
လမ်းဘေး သစ်ပင်တွေထက်
နှင်းစက်တွေ တွဲလွဲခိုနေချိန်မှာ
ငါတို့ခန္ဓာကိုယ်ထက်
ချွေးစက်တွေ ချွဲချွဲစိုလို့ပေါ့ . . .။
ခြေသံတွေ ညာသံတွေ
တော်လဲသံလား မုန်တိုင်းလား
ငါတို့ရဲ့ သန္နိဌာန်တစ်ရပ်
ညီညွတ်မှုနဲ့ ပြတ်သားတယ် . . . ။
ဟောဒီနေအောက်
မုဆိုးခြေထောက်တို့
ဆူးကြောက်နေရင်
လိုချင်တဲ့ပန်းတိုင်
ရောက်နိုင်ပါ့မလား . . . စဉ်းစား . . ။
ဝန်းကျင်မှာ မြူတွေဆင်း
ကောင်းကင်မှာ နေမင်း
ဒါပေမယ့် ငါတို့ရဲ့ရင်တွင်းမှာ
လမင်းတစ်ရာ . . . ။
အလွှာမှန်သမျှ
ကျောင်းအပြင်မှာ ခ၀ါချ
ခွာချထားခဲ့ . . . ဟေ့
တစ်သွေး တစ်သံ တစ်မိန့်
အသွေးထဲ အသားထဲ
ရိုးတွင်းချဉ်ဆီထဲအထိ စိမ့်
တလိမ့်လိမ့် ထစ်ချုန်း
နှလုံးသားထဲ ပဲ့တင်သံ
အံတုချင်ရင်လာခဲ့
ဒါ . . . တို့ရဲ့ ဘ၀အစစ် . . . ။
လျှပ်ပြက်သလို မိုးချုန်းသလို
တစ်သက်လုံး မြိုသိပ်ထားခဲ့တဲ့
ပြည်ချစ်စိတ် ယမ်းအိုးတွေ ဖောက်ခွဲ
လောကဟောင်းကို ဖရိုဖရဲဖြစ်အောင် လုပ်မယ့်သူတွေ
နွေထဲ . . . နေထဲ . . . အနေရဲတဲ့ နှင်းဆီတွေ
တိုင်းပြည်အတွက် အသက်ဆက်ဖို့
စာမျက်နှာ အဟောင်းကို ချန်ရစ်
ခေတ်ကို မျက်နှာသစ်ဖို့ ငါတို့လာနေပြီ ။
မြစ်ရေဟာ ပြောင်းပြန်မစီးဘူး
ပြည်ချစ်စိတ် မြစ်ကျဉ်းမှာ
စီးဆင်းတဲ့ စိတ်ဓာတ်တွေ မြန်နေတယ် . . .
ရိုက်ခတ်တဲ့ လှိုင်းသံတွေ ညံနေတယ် . . .
အားမာန်ဟူသမျှဟာ
မုန်တိုင်းလိုထန် လှိုင်းလိုသန်တယ်
ငုံ့ခံမယ့်စိတ် ဘယ်တော့မှ မမွေးဘူး . . . ဟေ့
စစ်တက္ကသိုလ်မှာ ခရာသံတွေ ညံနေသရွေ့ . . . ။
နေမင်းက ပူပြင်းတယ်
ဒါပေမယ့် ညနေခင်းကို
မာန်တင်းလို့ မတော်လှန်ရဲ . . . ။
ငါတို့ဟာ နေမင်းမဟုတ်
လောကပေါ် ထာဝရချဉ်းနင်း
တောက်ပတဲ့ ပဉ္စလက်အလင်းနဲ့
ပြည်သူတွေ ရင်တွင်း
အမြဲစီးဆင်းနေတဲ့ရောင်စဉ်တွေ
ဒီလိုနဲ့ပဲ
ပြက္ခဒိန်တွေ စုတ်ပြဲ
နေကြာရိုင်းတွေလည်းကြွေ ချယ်ရီတွေလည်းဝေ
တောမီးတွေလည်း လောင်ကြ
ဧပြီလကို ချဉ်းနင်း
နှစ်ထောင်ဟာ တေးချင်းတွေ ညည်းတော့မယ် ။
သူငယ်ချင်းရေ
သက္ကရာဇ်ဟောင်းကို ချန်ရစ်ဖို့
ရာစုအသစ်လာပြီ
ရာသီတွေ အိုရင့်
ကြွေလွင့်သွားသူများအတွက် ရင်နာ
အိမ်ပြန်သွားသူများအတွက် ရင်နာ
ပန်းကြွေမိခင်များအတွက် စာနာ . . . ။
သြော် . . . ခြေရာချန်ရစ် ငါတို့ချစ်သည့်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုလျှင်
ရင်ကိုဝေ့၀ိုက် လှိုင်းနှယ်ရိုက်၍
မငိုက်သည့်ဇွဲ မလှဲသည့်မာန် မခံသည့်စိတ်
လျှံဖိတ်နေပြန် သူ့အားမာန်လျှင်
ငါ့ထံဘယ်ခါ ၀င်ရောက်လာ၍
နေရာယူ၏ ငါမသိလိုက် . . . ။
အို . . .
ငါမသိလည်း
ငါ၏မိခင် ကျောင်းညိုလွင်သည်
ကြည်လင်ပ၀င်း လနှယ်လင်း၍
ရင်တွင်းရိုက်ခတ်ဆဲတကား . . . ။
( အမိစစ်တက္ကသိုလ် ညီတော်နော်တော်များနှင့် သူငယ်ချင်းများသို့)
ဘုံတောင်မြေနေဦးခက်

No comments: