Tuesday, May 26, 2009

သားကောင်းတို့၏အမိမြေ

ဇာတိချက်ကြွေ ရန်အောင်မြေနှင့်
ဘိသေကထပ် ထိုသုံးရပ်သည်
မမေ့အပ်သော လူ့ထုံးတမ်း။
စစ်တက္ကသိုလ် ကျောင်းမြင်းမိုရ်သည်
ကွန်းခိုလှုပ်ရှား လူငယ်များကို
စစ်သားဂုဏ်ရည် အမွန်းတည်အောင်
ယုံကြည်မျှော်လင့် စဉ်လေ့ကျင့်လျက်
ခေတ်နှင့် ယှဉ်စေ ပြည့်အောင်မြေသို့
စာပေပညာ စစ်ပညာကို
ဖွေရှာနိုင်ကြ သင်ယူရသော
မြန်မာ့ဂုဏ်ရောင် ပြည့်ဂုဏ်ဆောင်မည့်
အောင်စစ်သည်တို့ ဇာတိမြေ။
စစ်တက္ကသိုလ် ကျောင်းမြင်းမိုရ်သည်
တိုင်းပြည်ဝန်ထမ်း ဘ၀လမ်းဝယ်
ပြန်တမ်းဝင်ဟု ဂုဏ်ပြုအပ်နှင်း
ပေးအပ်ခြင်းနှင့် ရဲရင့်စိတ်ထား
စွန့်စားစိတ်ဓာတ် အသိမြတ်ကို
လွှမ်းပတ်နိုင်ကြ အောင်ဆုရသော
မြန်မာ့ဂုဏ်ရောင် ပြည့်ဂုဏ်ဆောင်မည့်
အောင်စစ်သည်တို့ ဘိသိက်မြေ။
ဇာတိချက်ကြွေ ရန်အောင်မြေနှင့်
ဘိသေကထပ် ထိုသုံးရပ်သည်
မမေ့အပ်ဆုံး လူတို့ထုံးကြောင့်
နှလုံးစွမ်းရည် လက်ရုံးရည်ဖြင့်
ပြည့်မီထင်ရှား ဗိုလ်လောင်းများ၏
ဇာတိချက်ကြွေ ဘိသိက်မြေသို့
မသွေဆိုရာ ညွှန်းပြုပါသော
ဂုဏ်ဖြာဂုဏ်တက် ဂုဏ်ရည်ထက်သော
စစ်တက္ကသိုလ် ကျောင်းမြင်းမိုရ်ကို
ညွှန်းဆိုဂုဏ်ထု ကမ္ပည်းပြုမည်
အောင်စစ်သည်တို့ အမိမြေ
ကြည်းရေလေတွက် အားမာန်ဝေ
မမေ့ကျေးဇူး ဆပ်သင့်ပေ။
ပိုင်သွေးငယ်
ကြည်း ၄၃၄၉၂ ဗိုလ်အောင်မျိုးဟိန်း
( ၂၀၀၇ နှစ်လည်မဂ္ဂဇင်း)

No comments: