Tuesday, May 26, 2009

ဆန္ဒမွန်

အားမာန်ထက်မြက် အောင်ပွဲဆက်မည့်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုက
ကွန်းခိုသုံးနှစ် ပြည့်သားချစ်တို့
ပျိုမျစ်တက်ကြွ စိတ်စာဂဖြင့်
ကျရာဝန်ထမ်း ကျိုးဆင့်လှမ်း၍
ပြည့်ခန်းကဏ္ဍ ကျေပွန်ကြသည်
လှပထုဆစ် သမိုင်းတည်
ထောင်စုရာနှစ် မော်ကွန်းတည်။

တစ်ခေတ်ထွန်းပေါက် ခေတ်ရှေ့ရောက်သို့
တောက်ပဂုဏ်အင် ခေတ်နှင့် ယှဉ်စွာ
စာပေပညာ စစ်ပညာကို
ဖွေရှာလေ့ကျင့် တက်ကုန်လွှင့်သည့်
ထူးတင့်ဂုဏ်ရည် အောင်စစ်သည်တို့
မျှော်ရည်လျှောက်လှမ်း ခရီးလမ်းဝယ်
အောင်ပန်းအောင်ဆု အောင်မြင်မှုနှင့်
ပြည်သူ့သားကောင်း ပီစေသတည်း
မျိုးချစ်ဇာနည် မြည်စေသတည်း
နွေငြိမ်းနိုင်
ကြည်း ၃၇၆၇၃ ဗိုလ် ဇာနည်မောင်
(၂၀၀၇ နှစ်လည်မဂ္ဂဇင်း)

ရွှေရိပ်စံရွှေစိတ်ထား

သေလာ ဗွေချာ တောင်တံတိုင်း မြင့်မြင့်ထက်မှာ
မြေမဟာ ဝေဆာ အောင်သမိုင်း အဆင့်ဆင့် တက်ပါလို့
ပွင့်ဇမ္ဖူ ဝင့်ကြူ လွှင့်ထူခဲ့တာ ကြာပြီပေါ့
မြန်မာပြည် ဇာနည်ဖွားတို့ရဲ့
ဌာနီရိပ် ဗိမာန်။

ဖလံတောင်ခြေ ရန်အောင်မြေ ခြေတော်ရင်းမှာလ
သင်းတပျံ့ပျံ့ ဆင်းရနံ့အသွယ်သွယ်နဲ့
ခံ့ထည်စွာ အံ့ဖွယ်ရာ သမိုင်းအလီလီတည်ခဲ့ပေါ့
နှိုင်းမမီ တိုင်းပြည်သား အစစ်တွေမို့
နောင်တစ်ခေတ်၏အောင်စစ်သည် ဖြစ်စေရမယ်တဲ့
သည်ရိပ်စံ ဓိဌာန်သွေးတွေနဲ့
စွေးလို့နီကျံ

သည်သွေး သည်စိတ် သည်ဗိမာန်
သက်သေမှန် ပြယုဂ်ထား

သတိဖြာ ကြည့်ပါ ပြည်တစ်ရိုးမှာလ
အဖိုးတန် မျိုးမှန် အရိုးခံ သွေးသစ္စာပြုပါလို့
ဆေးစက်ကျရာ အရုပ်ထင်ခဲ့ပြီငဲ့
ရန်အသက်ကို မခင်မမက်သူ သတ္တိခဲတို့ရဲ့
အသည်းနီလွင် ဇွဲပီပြင်စွမ်းဆောင်ချက်တွေကြောင့်
ကနက်ရဝေ ကျက်သရေခညောင်းနေတဲ့
သားကောင်းတို့ရဲ့ အမိမြေဆိုတာ
ပတ္တမြားအပေါင်းတို့ ရွေးနုတ်ကာမွေးထုတ်ရာမြေမို့
တင့်ထူးစွာ ရင့်ကျူးနိုင်ပေဘိ
မိုးတိုင်သိ. . .ကြား။
ကိုကို (ရေနံ့သာ)
ဗိုလ်ကြီး အောင်ကိုကို ( စတသ ၄၄ )
( ၂၀၀၇ နှစ်လည်မဂ္ဂဇင်း)

ခေတ်သစ်ကိုကြို တို့တက္ကသိုလ်

စစ်တက္ကသိုလ် ကျွန်းမြညိုသည်
နုပျိုမျစ်ဆဲ မြန်ပြည်ထဲဝယ်
ဇွဲနှင့် မာန်နှင့် ကြွားကြွားဝင့်၍
ရွှန်းတင့်ဂုဏ်ရည် ဟန်ဝင့်ချီကာ
ရွှေရည်ရတု ကျော်ခဲ့ပြီ
သမိုင်းမော်ကွန်း တင်ခဲ့ပြီ။

စာပေပညာ စစ်ပညာကို
ဖွေရှာကြိုးစား စွမ်းရည်များနှင့်
စိတ်အားရည်သန် မိပြည်မြန်တွက်
ယုံကြည်လျှောက်လှမ်း အောင်မြေနန်းက
မျှော်မှန်းထူးချွန် လူရည်မွန်သို့
အားသွန်ပြုစု ရွှေရတုတိုင်
ပြည်သူ့သားကောင်း သမိုင်းကြောင်းနှင့်
ဆင့်ပြောင်းမွေခံ မျိုးချစ်မာန်ဖြင့်
နိုင်ငံအတွက် ခရီးဆက်မည့်
စစ်တက္ကသိုလ် ဗိုလ်လောင်းများ
စွမ်းရည်မြင့်မား ပြည်ချစ်သား

နေခြည်နုပျို ငွေနှင်းစိုလျက်
ကွန်းခိုမှေးစက် ဤမြေထက်ဝယ်
မျိုးဆက်အသစ် အားမာန်လှစ်၍
ခေတ်ကိုကျော်လွှား တက်နေလာသို့
ထင်ရှားတို့ပြည် တို့စွမ်းရည်ဖြင့်
တည်ဆောက်တစ်ခေတ် တို့ထုဆစ်မည်
ခေတ်သစ်ကိုကြို တို့တက္ကသိုလ်
သားကောင်းကွန်းခို စစ်တက္ကသိုလ်
ထက်ဝေဇင်
ဗလအမှတ် ၂၁၂၉၄ ဗလထက်ဝေဇင်
အောင်ဇေယျတပ်ရင်း တပ်ခွဲ(၇)
( ၂၀၀၇ နှစ်လည်မဂ္ဂဇင်း)

သားကောင်းတို့၏အမိမြေ

ဇာတိချက်ကြွေ ရန်အောင်မြေနှင့်
ဘိသေကထပ် ထိုသုံးရပ်သည်
မမေ့အပ်သော လူ့ထုံးတမ်း။
စစ်တက္ကသိုလ် ကျောင်းမြင်းမိုရ်သည်
ကွန်းခိုလှုပ်ရှား လူငယ်များကို
စစ်သားဂုဏ်ရည် အမွန်းတည်အောင်
ယုံကြည်မျှော်လင့် စဉ်လေ့ကျင့်လျက်
ခေတ်နှင့် ယှဉ်စေ ပြည့်အောင်မြေသို့
စာပေပညာ စစ်ပညာကို
ဖွေရှာနိုင်ကြ သင်ယူရသော
မြန်မာ့ဂုဏ်ရောင် ပြည့်ဂုဏ်ဆောင်မည့်
အောင်စစ်သည်တို့ ဇာတိမြေ။
စစ်တက္ကသိုလ် ကျောင်းမြင်းမိုရ်သည်
တိုင်းပြည်ဝန်ထမ်း ဘ၀လမ်းဝယ်
ပြန်တမ်းဝင်ဟု ဂုဏ်ပြုအပ်နှင်း
ပေးအပ်ခြင်းနှင့် ရဲရင့်စိတ်ထား
စွန့်စားစိတ်ဓာတ် အသိမြတ်ကို
လွှမ်းပတ်နိုင်ကြ အောင်ဆုရသော
မြန်မာ့ဂုဏ်ရောင် ပြည့်ဂုဏ်ဆောင်မည့်
အောင်စစ်သည်တို့ ဘိသိက်မြေ။
ဇာတိချက်ကြွေ ရန်အောင်မြေနှင့်
ဘိသေကထပ် ထိုသုံးရပ်သည်
မမေ့အပ်ဆုံး လူတို့ထုံးကြောင့်
နှလုံးစွမ်းရည် လက်ရုံးရည်ဖြင့်
ပြည့်မီထင်ရှား ဗိုလ်လောင်းများ၏
ဇာတိချက်ကြွေ ဘိသိက်မြေသို့
မသွေဆိုရာ ညွှန်းပြုပါသော
ဂုဏ်ဖြာဂုဏ်တက် ဂုဏ်ရည်ထက်သော
စစ်တက္ကသိုလ် ကျောင်းမြင်းမိုရ်ကို
ညွှန်းဆိုဂုဏ်ထု ကမ္ပည်းပြုမည်
အောင်စစ်သည်တို့ အမိမြေ
ကြည်းရေလေတွက် အားမာန်ဝေ
မမေ့ကျေးဇူး ဆပ်သင့်ပေ။
ပိုင်သွေးငယ်
ကြည်း ၄၃၄၉၂ ဗိုလ်အောင်မျိုးဟိန်း
( ၂၀၀၇ နှစ်လည်မဂ္ဂဇင်း)

မြတ်မိခင်သို့

တောင်ခိုးဝေေ၀
မြူခြေဆိုင်းဆိုင်း နှင်းတံတိုင်းတို့
ရစ်သိုင်းပတ်လည် ပန်းတို့ပြည်ဝယ်
ခံ့ထည်မွန်မြတ် ထိုဂုဏ်ဒြပ်ဖြင့်
ရပ်တည်ခဲ့ပေ အမိမြေကား
ရွှေရတုမွန် နှစ်တို့လွန်လည်း
အားခွန်သစ်လွင် ဆင်မြဲဆင်ကာ
အစဉ်နုပျို နေဆဲကို
ချယ်ရီရိပ်က တက္ကသိုလ်။
စိတ်မှာတွေးဆ
မဝေးလှသည် အတိတ်ဆီက
ဤမြေထက်မှာ လေးနှစ်တာလျှင်
စာပေပညာ စစ်ပညာနှင့်
သစ္စာ သိပ္ပ သူရ တတ်မွန် နိုင်ငံ့ဝန်ကို
အားသွန်ထမ်းရန် ဇွဲစိတ်မာန်ဖြင့်
သည်းထန်နက်ကျယ် ချွေးပင်လယ်ကို
နွမ်းနယ်မသန်း အပြုံးပန်းဖြင့်
ဖြတ်သန်းရှေ့ဆက် တို့ချီတက်ခဲ့။
အမိရင်မှ
သန့်စင်မွေးဖွား ပြည်သူ့သားတို့
တရားနှလုံး ဓားလက်ရုံးဖြင့်
ချေမှုန်းပယ်ခွင်း ပြည့်ရန်ရှင်းခဲ့။
မိခင်လက်ဖြင့် ပန်းတို့ပွင့်ခဲ့
ပွင့်သောပန်းများ ပြည်သူ့အားတည့်
သည်အားနှင့်လျင် ပြည်တစ်ခွင်ဝယ်
ကြည်လင်သာယာ အလှဖြာအောင်
ညီညာစွမ်းဆောင် ပွဲတိုင်းအောင်ခဲ့။
ကျေးဇူးဂုဏ်ရှင် အို... မိခင်ငဲ့
မိခင်ထံမှောက် ခါတစ်ခေါက်လျှင်
မရောက်ခဲ့ပါ ကြာတောင့်ကြာလည်း
မိခင်ရင်ငွေ့ သည်ယနေ့လျှင်
မမွေ့ရသည် ကာလရှည်လည်း
ယုံကြည်မြတ်လေး အမေပေးသည့်
စစ်သွေးသစ္စာ စစ်ပညာတို့
ရင်မှာလေးနက် စွဲမြဲလျက်ပင်
ဖြိုဖျက်ရန်ပေါင်း ညက်ညက်ထောင်း၍
သောင်းသောင်းညံညံ အောင်တေးသံနှင့်
အောင်လံမြူးဝင့် လေမှာလွင့်ခဲ့
ပွင့်သောပန်းတွေ ဝေသည်ဝေ၍
ကြွေသည်ရှိလည်း မွှေးပျံ့ဆဲလေ
မာန်ဇွဲသတ္တိ ကမ္ဘာသိခဲ့
အမိဂုဏ်ရောင် ပြည့်ဂုဏ်ဆောင်သည့်
နောင်တစ်ခေတ်၏ အောင်စစ်သည်
ကြည်း ရေ လေ ထု အားမာန်ချီ။
သြော် . . .
မိခင်ကျေးဇူး အထူးထူးကို
ညွတ်နူးစိတ်တွင် ဦးထိပ်တင်လျက်
စဉ်ဆက်မသွေ မိခင်မြေကား
ကျက်သရေထွန်း တက်နေ၀န်း၏
တင့်ရွှန်းရောင်ဝါ သို့ပမာလျှင်
စဉ်လာမြင့်မြတ် သူ့ဂုဏ်ဒြပ်နှင့်
ခိုင်မတ်တည်ကြည် အဓွန့်ရှည်လျက်
ရွှေပြည်နိုင်ငံ မိုးထက်ယံတွင်
အောင်လံကျူးရင့် ဆင့်စေသတည်း
အောင်လံမြူးလွင့် ၀င့်စေသတည်း
အမိစစ်တက္ကသိုလ်နှင့် ဆရာဆရာမများအား ဦးညွတ်ကန်တော့လျက်
မိုးချမ်းမြေ့(၂၇၂၀)
ဗိုလ်မှူးအုံးကျော်
(၂၀၀၇ နှစ်လည်မဂ္ဂဇင်း)

Friday, May 22, 2009

အပတ်စဉ်အလှူတော် နှိုးဆော်လွှာ

စစ်တက္ကသိုလ်

အမှတ်စဉ် (၄၃) ကျောင်းဆင်း သူငယ်ချင်းများသို့

ပန်ကြား နှိုးဆော်လွှာ

သူငယ်ချင်းတို့

ငါတို့ အပတ်စဉ် Intake Flag နံပါတ် ၄၃ တပ်ဆင်တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ကို Intake Day အဖြစ် သတ်မှတ်ပြီး အမှတ်တရ ကုသိုလ်ကောင်းမှုတွေ ပြုခဲ့ကြတာ ခုနစ်နှစ် တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ယခု ရှစ်နှစ်မြောက် Intake Day နေ့မှာ ကောင်းမှု ကုသိုလ် ပြုဖို့အတွက် နေပြည်တော်က ရွှေတိဂုံ ပုံတူ ဥပ္ပာတသန္တိ စေတီတော် နဲ့ စမတောင် မိဘမဲ့ ပရဟိတကျောင်းမှာ လှူဖို့ စီစဉ်ထားပါတယ်။

လှူဒါန်းဖို့ အကြမ်းဖျင်း လျာထားတာကတော့

  • ဘုရား တစ်ဆူ (စေတီတော်တွင် လှူရန်)
  • ဆီ တစ်ပေပါ ( မိဘမဲ့ကျောင်းတွင် လှူရန်)
  • ဆန် အိတ် တစ်ရာ (---။---)
  • စာအုပ်စာတမ်း နဲ့ စာရေးကိရိယာများ

နေပြည်တော်နဲ့ အနီးတ၀ိုက်က စစ်ဘက် နယ်ဘက် သူငယ်ချင်းတွေကတော့ အနည်းဆုံး တစ်ယောက်ကို နှစ်သောင်းနှုန်း ထည့်ဝင်ပေးကြဖို့ လျာထားပြီး တိုင်း တပ်မ ကျောင်း ခြေလျင် ခြေမြန် အသီးသီးကတော့ သင့်လျော်သလို ထည့်ဝင် လှူဒါန်းကြဖို့ ဖြစ်ပါတယ်။

အလှူငွေ ထည့်ဝင်ဖို့ကတော့

ကကနအတွက် ဗိုလ်ကြီး အောင်သူရ ၊ ဖုန်း ၀၃၆-၃၁၆၆၂

နပတအတွက် ဗိုလ်ကြီး မင်းသုယဉ် ၊ ဖုန်း ၀၃၂-၃၀၀၁၉

ဝန်ကြီး ဌာနတွေအတွက် ဗိုလ်ကြီး ဟန်ငြိမ်းဆွေ၊ ဖုန်း ၀၆၇-၄၀၅၀၆၀

တိုင်း တပ်မ ကျောင်း ခြေလျင် ခြေမြန် များအတွက် ကြည်း ၃၃၂၉၇ ဗိုလ်ကြီး စည်သူဟိန်း ၊ ဖုန်း ၀၃၆-၃၀၄၆၁၊ ၃၀၄၆၆၊ (ရိုးမဘဏ် ပျဉ်းမနားဘဏ်ခွဲ၊ မြန်မာ့စီးပွားရေးဘဏ် ပျဉ်းမနား ဘဏ်ခွဲ၊ အင်းဝဘဏ်)

တို့ထံကို ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီလ ပထမအပတ် နောက်ဆုံးထားပြီး ပေးပို့ လှူဒါန်းကြဖို့ ဖြစ်ပါတယ်။

အလှူအတန်း ဖြစ်မြောက်ရေးအဖွဲ့

Wednesday, May 20, 2009

World Military Academies

http://www.usma.edu/
http://www.sandhurst.mod.uk/

Sunday, May 17, 2009

အမှတ်စဉ် ၄၃ ကျောင်းဆင်းပွဲမိန့်ခွန်း

  • နောင်တစ်ခေတ်၏ အောင်စစ်သည်ဆိုတဲ့ စစ်တက္ကသိုလ်ရဲ့ ဂုဏ်ကို ဖော်ဆောင်နိုင်ဖို့အတွက် တပ်မတော်သားကောင်းတစ်ဦး ခေါင်းဆောင်ကောင်း တစ်ဦး ဖြစ်ဖို့လိုတယ်။ စစ်တပ်ဆိုတာ အမှန်သာ လိုက်နာနိုင်ရင် တကယ့်ယောက်ျားမြတ် ဖြစ်စေနိုင်တဲ့ တရားတွေကို သင်ကြားပေးတဲ့ ကျောင်းကြီးပါ။ အပါး ခြောက်ဆယ်သော စစ်သည်တော် ကျင့်ဝတ်တွေဟာ အခြေခံအကျဆုံး လိုက်နာရမယ့် ပြဌာန်းချက် ဖြစ်တယ်။
  • အမျိုးအစား ပို၍ကောင်းရမည်ဆိုတာ မိမိကိုယ် မိမိ လေ့ကျင့်ရေးနဲ့ ကြီးကြပ်မှုဖြင့် လေ့ကျင့်ရေး။ လေ့ကျင့်ရေးမှုးကောင်းတွေ ဖြစ်ဖို့လိုတယ်။ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေးတွေ အချိုးညီနေရမယ်။ ရုပ်ပိုင်းဆိုင်ရာကြောင့် စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကြောင့် စိတ်ပိုင်းဆိုင်ရာ အကျိုးတရားတွေ ရနိုင်သလို စိတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုကြောင့်လည်း ရုပ်ပိုင်းဆိုင်ရာမှာ အားအင်သစ်တွေ အံ့မခန်း ထွက်ပေါ်လာနိုင်မှာ ဖြစ်တယ်။ ပြည်သူလူထုနဲ့ တစ်ဆက်တည်း ဖြစ်ရမယ် ဆိုတာက ရောက်ရာဒေသကို ကိုယ့်ဇာတိရပ်ရွာလို သဘောထားပြီး ထိတွေ့ရတဲ့ လူထုကိုလည်း ကိုယ့်ရဲ့ မိဘဆွေမျိုး အရင်းအချာပမာ စိတ်ကောင်း စေတနာကောင်းနဲ့ အလုပ်အကျွေးပြုရမယ်။
  • ခေတ်သစ် စစ်ပွဲများမှာ စစ်ဘက် ပစ်မှတ်များ သာမက မြို့ရွာတွေနဲ့ နိုင်ငံတော်ရဲ့ အခြေခံ အဆောက်အအုံတွေကိုပါ ပစ်ခတ်ဖျက်ဆီးလာကြတာကြောင့် ပြည်သူ့စစ် မဟာဗျူဟာသည် တို့နိုင်ငံအတွက် လုံးဝဥဿုံ မှန်နေတယ်။
  • နိုင်ငံတော် အလံကိုင်ပြီး ကျမ်းကျိန်ကြတာဟာ တပ်မတော် အဖွဲ့အစည်းရဲ့ ထူးခြားတဲ့ လက္ခဏာတစ်ရပ်ဖြစ်တယ်။ သစ္စာလေးချက်ကို အသက်နဲ့ရင်းပြီး ကာကွယ်စောင့်ရှောက် ကြရမယ်။
  • နိုင်ငံတော်နဲ့ တပ်မတော်အတွက် စွန့်လွှတ်စွန့်စားရဲတဲ့ စိတ်နဲ့ တပ်ကိုကောင်းအောင်လုပ် စစ်ကို နိုင်အောင်တိုက် ပြည်သူချစ်အောင်ကျင့်။ ကိုယ်ခေါင်းဆောင်ရတဲ့ တပ်ဖွဲ့ရဲ့ ယုံကြည်ကိုးစားမှုကို ရရှိတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်အောင် မိမိကိုယ်ကို ပြုစုပျိုးထောင်ဖို့ လိုတယ်။
  • ထိုးထွင်းတီထွင် ကြံဆနိုင်ဖို့အတွက် ဗဟုသုတ အခြေခံ ရှိရမယ်။ လေ့လာတွေ့ရှိချက်တွေဟာ စဉ်ဆက်မပြတ် မြင့်မားနေတာကြောင့် ပညာခေတ်ကို အမီလိုက်နိုင်အောင် ကြိုးစားကြရမယ်။ စစ်ဘက်ဆိုင်ရာ ဗဟုသုတတွေ ကြွယ်ဝမှ ခေတ်နဲ့အညီ ခေါင်းဆောင်နိုင်မှာ ဖြစ်တယ်။ အတတ်ပညာ ပြည့်ဝခြင်းဟာ သုတေသနပြုခြင်းက ရရှိပြီး သုတေသနပြုခြင်းဟာလည်း လက်တွေ့ အသုံးချနိုင်ဖို့ ဖြစ်တယ်။
  • အကျင့်ဆိုတာ ၀ါသနာနဲ့ စွဲမြဲနေတဲ့ အလေ့အထဖြစ်ပြီး စာရိတ္တဆိုတာ ကိုယ်ကျင့်တရား ဖြစ်တယ်။ စိတ်ရင်းစေတနာ ကောင်းသူတစ်ယောက်ဟာ စိတ်ဓာတ်မြင့်မြတ်တဲ့အတွက် ကိုယ်ကျင့်တရား ကောင်းမွန်သလို စည်းကမ်းအရာမှာလည်း ကောင်းမွန်တတ်တယ်။ တပ်မတော်ဆိုတာ ကျင့်ဝတ်သီလနဲ့ ဖွဲ့စည်းထားတဲ့ လူ့အဖွဲ့အစည်း ဖြစ်တဲ့အတွက် ခေါင်းဆောင်တွေဟာ စည်းကမ်းအရာမှာ စံနမူနာပြ ဖြစ်ဖို့လိုတယ်။
  • သစ္စာဆိုတာ နိုင်ငံနဲ့ လူမျိုးအပေါ် မှန်ကန်သော စောင့်သိ ရိုသေမှု ဖြစ်တယ်။
  • တပ်မှူးကောင်းရင် တပ်က ကောင်းပြီး တပ်မှူးညံ့လျှင် တပ်က အားနည်းစမြဲ ဖြစ်တယ်။ တပ်ဖွဲ့ဝင်များ ဇနီးသားသမီး မှီခိုသူများအပါအ၀င် ကျန်းမာ ပျော်ရွှင်စွာနဲ့ စိတ်ဓာတ်တက်ကြွပြီး တပ်မှူးအပေါ် ကြည်ညိုလေးစား အားကိုးလိုစိတ်တွေ ဖြစ်ပေါ်နေရမယ်။ ကိုယ်ချင်းစာတရားကို လက်ကိုင်ထားသရွေ့ လက်အောက်ငယ်သားတွေရဲ့ ကြည်ညို လေးစားမှုကို ရရှိနေမှာပဲ ဖြစ်တယ်။
  • တပ်တစ်တပ်ဟာ အဖွဲ့အစည်းတစ်ခု ဖြစ်တဲ့အတွက် တညီတညွတ်တည်း စုပေါင်းဆောင်ရွက်လိုတဲ့ အဖွဲ့အစည်းစိတ်ဓာတ်ဟာ မရှိမဖြစ် လိုအပ်တယ်။
  • ကွပ်ကဲမှု။ မမျှော်မှန်းထားသော အခြေအနေမျိုး ရုတ်ချည်း ဖြစ်ပေါ်လာတဲ့အခါ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်ပြီး အမိန့်ပေးကွပ်ကဲနိုင်မှု
  • ကြီးကြပ်မှု။ စစ်ဥပဒေသများ တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းများနဲ့ စစ်ဘက်ဓလေ့ထုံးစံများကို တပ်ဖွဲ့ဝင်တွေက မှန်မှန်ကန်ကန် ဆောင်ရွက်အောင် ကြပ်မတ်ပေးခြင်း
  • လူ့ခန္ဓာကိုယ်က ကြွက်သားတွေဟာ အသုံးပြုပါများလေ သန်မာလေ ဖြစ်သလို ရဲရင့်ခြင်း စွမ်းရည်ဟာလည်း အတွေ့အကြုံများလေ တောက်ပြောင်လေ ဖြစ်တယ်။
  • ရန်သူ့သတင်းကို နည်းမျိုးစုံနဲ့ ရယူပြီး အမြဲသတိရှိ အမြဲ လက်ဦးမှူ ရယူဖို့ လိုအပ်တယ်။
  • လေ့ကျင့်ရေးနဲ့တည်ဆောက်။ တစ်ဦးချင်း စွမ်းရည်ထက်မြက်မှုဟာ တပ်မတော် တစ်ရပ်လုံးရဲ့ စွမ်းရည်ထက်မြက်မှုအခြေခံ
  • အုပ်ချုပ်မှုနဲ့တည်ဆောက်။ စစ်ဦးစီး စစ်ရေး စစ်ထောက်ဆိုတဲ့ ယန္တရားသုံးရပ်ကို တစ်ခုနဲ့တစ်ခု ချိတ်ဆက် မောင်းနှင်နိုင်ဖို့
  • သက်သာချောင်ချိရေးနဲ့တည်ဆောက်။ မျိုးချစ်တပ်မတော် ဖြစ်တာကြောင့် သက်သာချောင်ချိရေးကို အလေးထား ဆောင်ရွက်ဖို့ လိုအပ်တယ်
  • စိတ်ဓာတ်နဲ့တည်ဆောက်။ ဦးစွာပထမ စိတ်ဓာတ်ကောင်းအောင်လုပ်၊ စိတ်ဓာတ်မြှင့်တင်မှုတွေကို လိုအပ်သလို ဆောင်ရွက်ပေးကြဖို့လိုတယ်
  • ခေတ်သစ်စစ်ပွဲရဲ့ အဓိကအချက်ကြီးများကတော့ လက်ဦးမှု၊ အခြေအနေ ဖန်တီးနိုင်မှု၊ နက်ရှိုင်းစွာ တိုက်ခိုက်နိုင်မှုနဲ့ အချိန်ကိုက် ဆောင်ရွက်မှုတို့ပဲ
  • စက်မှုနည်းပညာနဲ့ အီလက်ထရောနစ် နည်းပညာတွေ တိုးတက်ထွန်းကားလာတာကြောင့် လက်နက်တွေဟာ အဖျက်စွမ်းအား ကြီးမားလာတယ်။ ပစ်အားများပြားပြီး ထိရောက်မှုတိကျတယ်။ တာဝေးပစ်ခတ်နိုင်စွမ်း တိုးတက်လာတယ်။ ထောက်လှမ်းရေး ပစ္စည်းကိရိယာတွေ အဆင့်အတန်းမြင့်မားလာတယ်။ သတင်းအချက်အလက် နည်းပညာကြောင့် သတင်းဖြန့်ဖြူးမှု လျှင်မြန်လာပြီး သတင်းဌာနတွေလည်း အများအပြား သုံးစွဲလာနိုင်တယ်။
  • အားသာမှုတွေ ရှိရင် အားနည်းမှုတွေလည်း ရှိစမြဲပဲ။ အီလက်ထရွန်နစ် ကိရိယာတွေကို အီလက်ထရွန်နစ် တန်ပြန်နည်း၊ အီလက်ထရွန်နစ် လှည့်ဖျားနည်းတွေနဲ့ တုန့်ပြန်လို့ရတယ်။
  • အရည်အချင်းမြင့်မားတဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဖြစ်မှသာ ကိုယ့်ခေတ်ရဲ့ တာဝန်ကို ကျေပွန်မှာ ဖြစ်တယ်။
  • နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ဟာ အဓိကတာဝန်ဖြစ်တယ်။ ဒါကြောင့် တပ်တည်ဆောက်ရေး လုပ်ငန်းတာဝန်တွေအပြင် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတာဝန်တွေကိုပါ နားလည်ကြရမယ်။
  • တို့နိုင်ငံတော် တို့နိုင်ငံသားနဲ့ တို့တပ်မတော်အတွက် အားထားလောက်တဲ့ တပ်မတော်သားဘ၀ကို ခံယူသွားကြဖို့ တိုက်တွန်းမှာကြားလိုက်ပါတယ်။

စစ်တက္ကသိုလ်ညနေခင်း

အနောက်နေသည်
ရွှေရည်စောင်းထိုး ကျောင်းခရိုးဝယ်
ပေါင်းမိုးကွန်ကျော့ ခပ်ဖျော့ဖျော့ ။
ခလောက်လေပြည်
စေတီသာလှ ၀ိဇယအား
ဦးချမာန်လျှော့ တနော့နော့ ။
ခြောက်လမ်းသွားတွင် စိန်ပန်းပင်တို့
လေညင်းရိုက်လီ ရွက်ခတ်မြည်၍
တေးသီဆိုင်နော့ တကျော့ကျော့ ။
ကျောက်တောင်ကုန်းမှ အောက်လမ်းမ၀ယ်
ခြေကြွလည်းညီ ခြေချညီလျက်
ပီတီပြေးသွား ဗိုလ်လောင်းများ၏
ဝင့်ကြွားပြင်းထန် ဖိနပ်သံနှင့်
ကြွေးညံကျားထိုး ၀န်းကျင်မိုးသော်
မြတ်နိုးသိမ့်သိမ့် နားဝယ်စိမ့် ။
ဘုံတောင်မြေနေဦးခက်
(၃၁-၁၀-၂၀၀၀)

နေခြည်ကွန်းခို တက္ကသိုလ်

နုတ်ဆက်တေးသီ ခွဲတော့မည်လေ
နေခြည်ကွန်းခို တက္ကသိုလ် ။
ခိုလှုံသုံးနှစ် ပြည့်မြောက်ရစ်၍
သားချစ်လူလှ ခေတ်သိပ္ပတို့
ပြည့်ဝအားမာန် အချိန်တန်လျက်
အပြန်ခရီး နှင်ခါနီးသော်
မီးပြင်းမြိုက်လောင် သောကနှောင်သို့
ညီနောင်တွဲလက် မဖြုတ်ရက်ခဲ့
နုတ်ဆက်ခြင်းငှာ မစွမ်းသာပြီ ။
တစ်ယောက်အကြည့် တစ်ယောက်သိ၍
နုံးရိနွမ်းမှိုင်း စကားဝိုင်းကား
ခါတိုင်းသဏ္ဌာန် မဆူညံတော့
နက်ဖြန်ခါဆို တို့ညီကိုတွေ
ကိုယ်စီကိုယ်ငှ တာဝန်ကျရာ
ဒေသသီးသီး သွားချိန်နီးဟု
ခရီးစကား မဆိုငြားလည်း
ရင်ကြားလျှံဖိတ် ၀မ်းနည်းစိတ်ကြောင့်
တိတ်ဆိတ်ငြိမ်သက် ခြောက်သွေ့လျက် ။
ညီရင်းအစ်ကို ချောင်မခိုဘဲ
ကိုယ်စီဖေးမ လမ်းဆောင်ပြရန်
တူမျှမေတ္တာ အကြင်နာနှင့်
စာနာသိတတ် ခွင့်လွှတ်အပ်လျက်
မြင့်မြတ်နှလုံး ရဲသူ့ထုံးဖြင့်
စည်းလုံးဂုဏ်ဟိတ် နှောင်းအတိတ်ကို
ပုံရိပ်ကျန်ထင် ကိုယ်စီရင်ဝယ်
ဆင်ခြင်မိခိုက် အသည်းလှိုက်မျှ
ရိုက်ခတ်နေလျက် ညဥ့်သည်နက် ။
ကြိုင်လှိုင်သင်းထုံ ကျောင်း၏ဂုဏ်တို့
လွှမ်းခြုံသိုင်းရစ် အားမာန်ဖြစ်၍
စစ်သားဟူဘိ ထိုအသိကြောင့်
သတိမပျက် စကားဆက်လည်း
မျက်နှာထက်တွင် အပြုံးဆင်ရင်း
ရင်ကြားဆူပွက် မျက်ရည်စက်တို့
ပြုံးလျက်ဝေသီ ဖြေမဆည်ဘဲ
ညဥ့်သည်ပြိုပျက် အရုဏ်တက် ။
ညဥ့်သည်ပြိုပျက် အရုဏ်တက်သော်
လက်ဝှေ့ယမ်းပြ ၀ိဇယနှင့်
ဖလံတောင်ဆီ နောင်ညီပျော်ရာ
ကျောင်းတော်သာကား လင်းရာမှမှုန်
မှုန်ရာမှဝါး ကွယ်ပျောက်သွားလည်း
ကျားကန်နေဆဲ နွေးနေဆဲ
အားမာန်တွေလည်း ဝေနေဆဲ ။
သြော် . . .
တရွေ့ရွေ့နှင့် . . .
ဝေး၍ချန်ထား ခွဲခဲ့ငြား၍
စကားမဆို ရင်ထဲငိုလည်း
စိုမျက်ရည်စ စီးမကျတော့
လက်ပြဝေ့၍ နုတ်ဆက်ပေ့တိုင်
ရှေ့၌ပီပီ မြင်နေသည်ကား
နေခြည်ကွန်းခို တက္ကသိုလ်
(စစ်တက္ကသိုလ် နောက်ဆုံးနေ့ အမှတ်တရ)
ဘုံတောင်မြေနေဦးခက်

စာမျက်နှာ ၂၁

ရာစုသစ် တံခါးကိုရိုက်ချိုး
အရုဏ်ဦးရဲ့ လှိုင်းတံပိုး
ငှက်ငယ်လေးတွေ လန့်ဖျန့်နိုး
ပြင်ဦးလွင်မြို့ နှင်းနဲ့ရေချိုးတဲ့နှစ်
စစ်တက္ကသိုလ် ချွေးနဲ့ရေချိုးတဲ့နှစ် . . .။
နက်မှောင်တဲ့လမ်းမဟာ
နှင်းစတွေကြောင့်ပြောင်ဝင်း
ဖြောင်းဖြောင်းထနေတဲ့ ခြေနင်းသံတွေကြား
ဝပ်စင်းငြိမ်သက်နေချိန်မှာ
မဟာဝိဇယ တစ်ပတ်နဲ့
မြင့်မြတ်တဲ့ ပေးဆပ်ခြင်းတွေ ပြုနေကြသူတွေ . . . ။
လမ်းဘေး သစ်ပင်တွေထက်
နှင်းစက်တွေ တွဲလွဲခိုနေချိန်မှာ
ငါတို့ခန္ဓာကိုယ်ထက်
ချွေးစက်တွေ ချွဲချွဲစိုလို့ပေါ့ . . .။
ခြေသံတွေ ညာသံတွေ
တော်လဲသံလား မုန်တိုင်းလား
ငါတို့ရဲ့ သန္နိဌာန်တစ်ရပ်
ညီညွတ်မှုနဲ့ ပြတ်သားတယ် . . . ။
ဟောဒီနေအောက်
မုဆိုးခြေထောက်တို့
ဆူးကြောက်နေရင်
လိုချင်တဲ့ပန်းတိုင်
ရောက်နိုင်ပါ့မလား . . . စဉ်းစား . . ။
ဝန်းကျင်မှာ မြူတွေဆင်း
ကောင်းကင်မှာ နေမင်း
ဒါပေမယ့် ငါတို့ရဲ့ရင်တွင်းမှာ
လမင်းတစ်ရာ . . . ။
အလွှာမှန်သမျှ
ကျောင်းအပြင်မှာ ခ၀ါချ
ခွာချထားခဲ့ . . . ဟေ့
တစ်သွေး တစ်သံ တစ်မိန့်
အသွေးထဲ အသားထဲ
ရိုးတွင်းချဉ်ဆီထဲအထိ စိမ့်
တလိမ့်လိမ့် ထစ်ချုန်း
နှလုံးသားထဲ ပဲ့တင်သံ
အံတုချင်ရင်လာခဲ့
ဒါ . . . တို့ရဲ့ ဘ၀အစစ် . . . ။
လျှပ်ပြက်သလို မိုးချုန်းသလို
တစ်သက်လုံး မြိုသိပ်ထားခဲ့တဲ့
ပြည်ချစ်စိတ် ယမ်းအိုးတွေ ဖောက်ခွဲ
လောကဟောင်းကို ဖရိုဖရဲဖြစ်အောင် လုပ်မယ့်သူတွေ
နွေထဲ . . . နေထဲ . . . အနေရဲတဲ့ နှင်းဆီတွေ
တိုင်းပြည်အတွက် အသက်ဆက်ဖို့
စာမျက်နှာ အဟောင်းကို ချန်ရစ်
ခေတ်ကို မျက်နှာသစ်ဖို့ ငါတို့လာနေပြီ ။
မြစ်ရေဟာ ပြောင်းပြန်မစီးဘူး
ပြည်ချစ်စိတ် မြစ်ကျဉ်းမှာ
စီးဆင်းတဲ့ စိတ်ဓာတ်တွေ မြန်နေတယ် . . .
ရိုက်ခတ်တဲ့ လှိုင်းသံတွေ ညံနေတယ် . . .
အားမာန်ဟူသမျှဟာ
မုန်တိုင်းလိုထန် လှိုင်းလိုသန်တယ်
ငုံ့ခံမယ့်စိတ် ဘယ်တော့မှ မမွေးဘူး . . . ဟေ့
စစ်တက္ကသိုလ်မှာ ခရာသံတွေ ညံနေသရွေ့ . . . ။
နေမင်းက ပူပြင်းတယ်
ဒါပေမယ့် ညနေခင်းကို
မာန်တင်းလို့ မတော်လှန်ရဲ . . . ။
ငါတို့ဟာ နေမင်းမဟုတ်
လောကပေါ် ထာဝရချဉ်းနင်း
တောက်ပတဲ့ ပဉ္စလက်အလင်းနဲ့
ပြည်သူတွေ ရင်တွင်း
အမြဲစီးဆင်းနေတဲ့ရောင်စဉ်တွေ
ဒီလိုနဲ့ပဲ
ပြက္ခဒိန်တွေ စုတ်ပြဲ
နေကြာရိုင်းတွေလည်းကြွေ ချယ်ရီတွေလည်းဝေ
တောမီးတွေလည်း လောင်ကြ
ဧပြီလကို ချဉ်းနင်း
နှစ်ထောင်ဟာ တေးချင်းတွေ ညည်းတော့မယ် ။
သူငယ်ချင်းရေ
သက္ကရာဇ်ဟောင်းကို ချန်ရစ်ဖို့
ရာစုအသစ်လာပြီ
ရာသီတွေ အိုရင့်
ကြွေလွင့်သွားသူများအတွက် ရင်နာ
အိမ်ပြန်သွားသူများအတွက် ရင်နာ
ပန်းကြွေမိခင်များအတွက် စာနာ . . . ။
သြော် . . . ခြေရာချန်ရစ် ငါတို့ချစ်သည့်
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုလျှင်
ရင်ကိုဝေ့၀ိုက် လှိုင်းနှယ်ရိုက်၍
မငိုက်သည့်ဇွဲ မလှဲသည့်မာန် မခံသည့်စိတ်
လျှံဖိတ်နေပြန် သူ့အားမာန်လျှင်
ငါ့ထံဘယ်ခါ ၀င်ရောက်လာ၍
နေရာယူ၏ ငါမသိလိုက် . . . ။
အို . . .
ငါမသိလည်း
ငါ၏မိခင် ကျောင်းညိုလွင်သည်
ကြည်လင်ပ၀င်း လနှယ်လင်း၍
ရင်တွင်းရိုက်ခတ်ဆဲတကား . . . ။
( အမိစစ်တက္ကသိုလ် ညီတော်နော်တော်များနှင့် သူငယ်ချင်းများသို့)
ဘုံတောင်မြေနေဦးခက်

ချေမှုန်းရေးပြိုင်ပွဲ

အတားအဆီး ၂၀ ( ခွင့်ပြုချိန် ၄၅ မိနစ် )
  • နှစ်ထပ်ကြိုး
  • ရှစ်ပေကျင်း
  • ကမ်းပါးယံကြိုး
  • ခုန်ချချောက်
  • ချိန်ဆတုံး
  • မျဉ်းပြိုင်ကြိုး
  • လက်ပြောင်းတန်း
  • သံဆူးကြိုး
  • လေးကွက်ကျား
  • ဗူးစင်
  • တစ်ချောင်းကြိုး
  • လှုပ်တံတား
  • လွှဲကြိုး
  • သုံးချောင်းကြိုးစက်သီး
  • ကျားပါးစပ်မိုင်းကွင်း
  • ပုံသေပစ်ကြောင်းလှိုဏ်ဂူ
  • ၁၂ ပေ နံရံ
  • ကြောင်လျှောက်
  • လှံစွပ်ထိုးချေမှုန်းခြင်း
  • စက်ပစ်ကွင်း

ပြိုင်ပွဲဝတ်စုံ
  • အိုဂျီကြမ်း
  • ဖိုင်ဘာခမောက်
  • တောစီးဖိနပ်
  • အိပ်ယာခင်းကြိုး၊ စစ်တဘက်၊ စွပ်ကြယ်
  • တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာ
  • ဘီအေ ၆၃ မောင်းပြန်ရိုင်ဖယ်

စစ်ခရာသံများ

စစ်တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး အောင်မျိုးမင်းသည် စစ်တက္ကသိုလ် ဗိုလ်လောင်းများအား စစ်ခရာသံများနှင့် ပတ်သက်၍ ကြားဖူးနားဝရှိစေရန်  ၂၀၀၀ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ မနက် ကြံ့ခိုင်ရေးချိန်တွင် တပ်ရင်း၂ တန်းပေါင်းစီကွင်း၌ စစ်ခရာသံများကို တီးမှုတ်ပြစေခဲ့ပြီး သံစဉ်အလိုက် စာသားအချို့ကို ရှင်းလင်း သင်ပြပေးခဲ့သည်။ မြန်မာ့တပ်မတော်တွင် ယခင် သုံးစွဲလျက်ရှိသည့် နိုင်ငံခြား စစ်ခရာသံများအား ပယ်ဖျက်လျက် ၁၉၇၁ ဇန်န၀ါရီလ ၄ ရက်မှ စ၍ တပ်မတော်(ကြည်း၊ရေ၊လေ) သုံး မြန်မာ့စစ်ခရာသံ ၅၉ မျိုးအား မြန်မာ့နည်း မြန်မာ့ဟန်ဖြင့် တီးမှုတ်နိုင်ရန် သတ်မှတ်ထားခဲ့သည်။ ( တပ်မတော်စာစဉ် )

နေ့စဉ်လုပ်ငန်းသုံး စစ်ခရာသံ ၂၉ မျိုး ( Daily Routine Calls )
  • ပထမနှိုးခရာ ( Rouse 0500 AM )
  • အလံတင်ခရာ ( Reveille 0530 AM )
  • တာဝန်ကျအဖွဲ့တန်းစီခရာ ( Duty Watch )
  • အလုပ်ပစ္စည်းသိမ်းခရာ ( Return all Cyears )
  • လက်ဖက်ရည်သောက်ခရာ ( Tea Call )
  • ကင်းစစ်ရေးပြခရာ ( Parade for Guard )
  • စစ်ရေးပြပထမသတိပေးခရာ ( Warning for Parade )
  • စစ်ရေးပြဒုတိယသတိပေးခရာ ( Quarter Call )
  • တန်းစီခရာ ( Fall in )
  • စစ်ချီခရာ ( Advance )
  • ကင်းအလေးပြုခရာ ( Guard Salute )
  • လူနာသတင်းပို့ခရာ ( Sick Report )
  • ယာဉ်စီးဆက်သားသတင်းပို့ခရာ ( Despatch )
  • ရုံးတင်ခရာ ( Orderly Room )
  • ခေတ္တအနားယူခရာ ( Stand Easy )
  • ဆက်လုပ်ခရာ ( Carry on )
  • ထမင်းစားခရာ ( Mess Call )
  • စာယူခရာ ( Post Call )
  • ရိက္ခာထုတ်ခရာ ( Ration )
  • အမိန့်ထုတ်ခရာ ( Order )
  • ပြီးစေခရာ ( Dismiss 1530 )
  • အားလပ်ခွင့်ရရဲဘော်ခရာ ( Liberty Men )
  • အပြစ်ရရဲဘော်ခရာ ( Defaulters )
  • ညကင်းစစ်ရေးပြခရာ ( Parade for Piequet )
  • နေ၀င်ချိန်ခရာ ( Sunset )
  • ညနေတန်းစီလူစစ်ခရာ ( First Post )
  • ငြိမ်ခရာ ( Still )
  • အိပ်ယာဝင်ခရာ ( Last Post )
  • မီးမှိတ်ခရာ ( Light Out )

အခမ်းအနားသုံးစစ်ခရာသံ ၈ မျိုး ( Ceremonial Calls)
  • ထိပ်စီးတန်းစီခရာ ( Right Master )
  • အရာရှိများသတင်းပို့ခရာ ( Officer Call )
  • သတိပြုခရာ ( Alert )
  • အလံတော်အလေးပြုခရာ ( Colour Salute )
  • ဗိုလ်ချုပ်အလေးပြုခရာ ( General Salute )
  • အရာရှိကြီးအလေးပြုခရာ ( Senior Officer Salute )
  • အရာရှိငယ်အလေးပြုခရာ ( Junior Officer Salute )
  • ကျဆုံးရဲဘော်အလေးပြုခရာ ( Funeral Salute )

အထွေထွေစစ်ခရာသံ ၁၅ မျိုး ( General Calls )
  • တပ်ခွဲအရာခံဗိုလ်သတင်းပို့ခရာ ( Company Sergeant Major )
  • တပ်ခွဲတပ်ကြပ်ကြီးသတင်းပို့ခရာ ( Company Quarter Master )
  • အကြပ်အားလုံးသတင်းပို့ခရာ ( All NCOs )
  • တာဝန်ကျတပ်ကြပ်ကြီးသတင်းပို့ခရာ ( Orderly Sergeant )
  • တာဝန်ကျတပ်ကြပ်သတင်းပို့ခရာ ( Orderly Corporal )
  • စစ်တီးဝိုင်းသတင်းပို့ခရာ ( Band Call )
  • စစ်ခရာရဲဘော်သတင်းပို့ခရာ ( Buglers Call )
  • မီးလှန့်ခရာ ( Fire Alarm )
  • တပ်သားသစ်သတင်းပို့ခရာ ( Recruits )
  • ပညာရေးကျောင်းသတင်းပို့ခရာ ( School Call )
  • ၀န်ထမ်းလုပ်ငန်းခရာ ( Fatigue )
  • လစာထုတ်ခရာ ( Pall Call )
  • အချက်ပြရဲဘော်သတင်းပို့ခရာ ( Signallers )
  • တပ်ခွဲများဗိုလ်သတင်းပို့ခရာ ( Company Calls )
  • တပ်ရင်းတန်းစီခရာ ( Battalion Fall in )

စစ်မြေပြင်ခရာသံ ၇ မျိုး ( Field Calls )
  • တပ်လှန့်ခရာ ( Alarm )
  • ပစ်ရန်သတိပေးခရာ ( Warning for Firing )
  • စပစ်ခရာ ( Commence Firing )
  • အပစ်ရပ်ခရာ ( Cease Firing )
  • ချေမှုန်းရေးခရာ ( Charge )
  • အပြေးတက်ခရာ ( Double )
  • လေကြောင်းရန်တိုက်ခိုက်မှုခရာ ( Air Alarm )


နောင်တစ်ခေတ်၏အောင်စစ်သည်

နောင်တစ်ခေတ်၏အောင်စစ်သည် ဆောင်ပုဒ်ကို မြန်မာစာဌာန ပထမဆုံး ဌာနမှူး မြန်မာစာအဖွဲ့ဝင် ဆရာဦးမြင့်ကြည်က တီထွင်ခဲ့ပါသည်။

ဆက်လက်တင်ပြလိုသောအကြောင်းအရာများ

လေးဆယ့်သုံးယောက်မြောက် အမေ့သားများ စာမျက်နှာပေါ်တွင် ထပ်မံတင်ပြလိုသော အကြောင်းအရာများစွာ ရှိပါသေးသည်။ တစ်ယောက်တည်း မတတ်နိုင်မူသဖြင့် တတ်နိုင်သူများက ၀ိုင်းဝန်းကူညီ ရေးသားပေးကြမည်ကို မျှော်လင့်မိပါသည်။ အောက်ပါအကြောင်းအရာများနှင့် ပတ်သက်ပြီး ရေးသားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်-
  • အပတ်စဉ် တစ်မှ နောက်ဆုံးအပတ်စဉ်အထိ ကျောင်းဆင်းမိန့်ခွန်းပြောခဲ့ကြသော တပ်မတော် အကြီးအကဲများနှင့် မိန့်ခွန်းများ
  • ဗိုလ်လောင်းအချင်းချင်း အုပ်ထိန်းစောင့်ရှောက်မှုစနစ် သမိုင်းကြောင်း ( Brother Guardian System )
  • စာရိတ္တမဏ္ဍိုင်ကော်မီတီ အကြောင်း ( Honour Committee )
  • ဗိုလ်လောင်းဝတ်စားဆင်ယင်မှု ပြောင်းလဲပုံအဆင့်ဆင့်
  • ဗိုလ်လောင်းအဆောင်အယောင် တံဆိပ်များ
  • အထင်ကရ အဆောက်အအုံများ အထိမ်းအမှတ် ရုပ်တုများ (ကျောင်းဌာနချုပ်ရုံး၊ အောင်ဆန်းခန်းမ၊ ဘွဲ့နှင်းသဘင်ခန်းမ၊ ဗိုလ်လောင်းတပ်ရင်းများ၊ စားရိပ်သာ၊ နားနေဆောင်၊ ဧည့်တွေ့ဆောင်၊ စာပေဌာန၊ နက္ခတ်တာယာပြခန်း၊ ဗဟိုကင်း၊ ရေကူးကန်၊ မင်းသုံးပါးရုပ်တု၊ ရဲသုံးဘော်ရုပ်တု၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ဆန်းရုပ်တု၊ စစ်ရေးပြကွင်းရှိ တံဆိပ်၊ ပွဲကြည့်စင်၊ နောင်တစ်ခေတ်၏အောင်စစ်သည်တံဆိပ်၊ စသည် )
  • အားကစားပြိုင်ပွဲများ ( နယ်ကျော်ပြေးပွဲ၊ လက်ဝှေ့ပွဲ၊ မောပန်းပစ်ခတ်စဉ်ပြိုင်ပွဲ၊ ရေကူးပြိုင်ပွဲ၊ စစ်ရေးပြပြိုင်ပွဲ၊ ကျွမ်းဘား၊ အောင်စစ်သည်တိုက်စစ်၊
  • နှစ်အလိုက် လေ့လာရေးခရီးစဉ်များ
  • တပ်ခွဲဆွေးနွေးပွဲ
  • ထမင်းစားသစ္စာ
  • တစ်နေ့တာအချိန်ဇယား
  • တိုက်ပွဲဝင်ကိုယ်လက်ကြံ့ခိုင်ရေးသင်ခန်းစာ လေးဆယ်ရှစ်မျိုး
  • ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ
  • တပ်ခွဲသူရဲကောင်းများ၏ ထင်ရှားသော သမိုင်းဝင် စကားများ
  • ပညာရေးဆိုင်ရာသမိုင်းကြောင်း
  • အိပ်ဆောင်များတွင် အိပ်ယာ ဗီရို ခင်းကျင်းပုံ
  • နောင်တစ်ခေတ်၏ အောင်စစ်သည် ဆောင်ပုဒ် သမိုင်း
  • Never Surrender သမိုင်း
ဗိုလ်လောင်းဘ၀က အပတ်စဉ် ၄၁ က ကိုကျော်ထင်အောင် ပြုစုခဲ့သော စစ်တက္ကသိုလ်အကြောင်းစာအုပ်သည် တပ်မတော်မော်ကွန်းနှင့် စစ်သမိုင်းပြတိုက် ညွှန်ကြားရေးမှူး( ယခင် သမိုင်းဌာနမှူး) ဗိုလ်မှူးကြီး ဇော်ဝင်းထံတွင် တစ်အုပ်၊ ပြုစုသူ ကိုကျော်ထင်အောင်ထံတွင် တစ်အုပ် ရှိသေးကြောင်းသိရပါသည်။ ကိုကျော်ထင်အောင်နှင့် ဆက်သွယ်တောင်းခံ အဆင်မပြေပါက ဗိုလ်မှူးကြီးဇော်ဝင်းထံမှ ကူးယူရန် အပတ်စဉ် ၄၄ က ထိုစာအုပ်ကို ကိုယ်တိုင်လက်ရေးဖြင့် ရေးသားခဲ့သော ဟန်ဝင်းထွန်း နှင့် တိုင်ပင်ထားပါသည်။
ကြိုးစားပြီး ဆက်လက်တင်ပြပေးပါမည်။ ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံပါသည်။

ဗန္ဓုလတပ်ခွဲကြွေးကြော်သံ

Bandoola Brings the Best
Bandoola Brings the Best
Bandoola Brings the Best

ဗန္ဓုလတပ်ခွဲဟာ အားကစားပြိုင်ပွဲတွေမှာပဲဖြစ်ဖြစ် တစ်ခုခု သံပြိုင်အောင်ဖို့ ကိုယ့်တပ်ခွဲကို ဂုဏ်ပြုဖို့ အကြောင်းရှိတဲ့အခါမှာ ဒီဆောင်ပုဒ်ကို သံပြိုင်ကြွေးကြော်လေ့ ရှိပါတယ်။ ဒီဆောင်ပုဒ် ပေါ်လာတဲ့အကြောင်းက ဒီလိုပါ။ ၁၉၉၇ ကနေ ၂၀၀၁ အထိ အပတ်စဉ်လေးခု သက်တမ်းရှိတဲ့ ဒီခရမ်းရောင်တပ်ခွဲ ပေါ်ကာစမှာ ဗန္ဓုလကုမ္ပဏီက LUX ကိုယ်တိုက်ဆပ်ပြာကို ကြော်ငြာရာမှာ ဒီ Bandoola Brings the Best ဆိုတဲ့ ဆောင်ပုဒ်ကို သုံးပါတယ်။ ဒီကြော်ငြာက မင်းသမီးလှလှ လေးယောက်နဲ့ ကိုယ်တိုက်ဆပ်ပြာ လေးမျိုးကို ကြော်ငြာတာ သူ့ခေတ်သူ့အခါ အောင်မြင်တဲ့ ကြော်ငြာတစ်ခုပါ။ ဒီကြော်ငြာက စာသားလေးကို ယူပြီး ဗန္ဓုလတပ်ခွဲက ကြွေးကြော်ခြင်းဖြစ်ပါတယ်။

Bandoola Brings the Best
Bandoola Brings the Best
Bandoola Brings the Best