Thursday, September 4, 2008

အနော်ရထာ


အနော်ရထာသည် ပုဂံမင်း ၆၅ ဆက်အနက် ၄၂ ဆက်မြောက်မင်း ဖြစ်သည်။ ပုဂံပြည်ကို ခရစ်နှစ် ၁၀၄၄ ခုမှ ၁၀၇၇ ခုနှစ်အထိ နှစ်ပေါင်း ၃၃ နှစ်မျှ အုပ်ချုပ်ခဲ့သည်။ ထိုအုပ်ချုပ်သော နှစ်ပေါင်း ၃၃ နှစ်အတွင်း နိုင်ငံ ကျယ်ပျံ့၍ စည်းရုံးမှု ရှိအောင်လည်းကောင်း စည်ပင်သာယာ ၀ပြောအောင် လည်းကောင်း ယဉ်ကျေးမှုထွန်းကားအောင် လည်းကောင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်။
အနော်ရထာ မတိုင်မီက ပုဂံပြည်၏ ဩဇာပျံ့နှံ့ရာ အရပ်သည် ယခု မန္တလေး မိတ္ထီလာ မြင်းခြံ ကျောက်ဆည် ရမည်းသင်း မကွေး စစ်ကိုင်း ကသာ ပခုက္ကူ မင်းဘူး တစ်ဝိုက်မျှသာ ဖြစ်သည်။ အနော်ရထာ နန်းတက်လာပြီး နိုင်ငံကို အောင်မြင်စွာ ချဲ့ထွင် စည်းရုံးနိုင်သော အခါ၌ကား ပုဂံပြည်၏ ဩဇာသည် ယခု မြန်မာနိုင်ငံ နယ်နိမိတ် အရံအတားအတွင်းရှိ နိုင်ငံ တစ်ခုလုံးအထိ ပျံ့နှံ့ခဲ့သည်။ မြန်မာနိုင်ငံ သမိုင်းတွင် ပထမအကြိမ် ကျယ်ပျံ့၍ စည်းလုံးသော နိုင်ငံ အဖြစ် အနော်ရထာမင်းလက်ထက်မှ စတင် ရပ်တည်နိုင်ခဲ့ပေသည်။
ထိုသို့ ရပ်တည်နိုင်အောင်လည်း အနော်ရထာမင်းသည် ကျန်စစ်သား ငထွေရူး ငလုံးလဖယ် ညောင်ဦးဖီး အမှူးပြုသော ပုဂံစစ်သည်များ၏ စစ်အင်အားကို ကြီးမားအောင် ဆောင်ရွက်နိုင်ခဲ့သည်။ ထိုကြီးမားသော စစ်အင်အားဖြင့် တစ်နိုင်ငံလုံးကို ချဲ့ထွင် စည်းရုံးခဲ့သည်။ မွန်တို့ ဒေသဖြစ်သော ဟံသာဝတီ ပဲခူးသို့ ဂျွန်းစစ်သည်ဟုခေါ်သည့် ကမ္ဘောဒီးယား စစ်သည်များက ကျူးကျော်တိုက်ခိုက်လာသောအခါ ကျန်စစ်သား ဦးဆောင်သည့် သူရဲကောင်း စစ်သူကြီးများက တွန်းလှန် ဖြိုဖျက်ခဲ့သည်။ အနော်ရထာ၏ ပုဂံ စစ်သည်များသည် နန်ချောင်တို့၏ မြို့တော်တည်ရှိရာ တရုတ်ပြည်တောင်ပိုင်း ယခု ယူနန်နယ်ရှိ တာလီပူမြို့အထိ ချီတက်ခဲ့သည်။ ဗုဒ္ဓဘာသာဝင် ပထမမြောက် ၀ိဇယဗာဟု ဘွဲ့ခံ သီဟိုဠ်ဘုရင်သည် ဟိန္ဒူဘာသာဝင် ကျေးမင်းချိုလာတို့၏ ဖိနှိပ်ခြင်းကို မခံနိုင်သဖြင့် အနော်ရထာထံ စစ်ကူ တောင်းခဲ့သည်။ အနော်ရထာကလည်း ချက်ချင်း အကူအညီ ပေးခဲ့သည်။ အောင်မြင်ခဲ့သည်။ ဤမျှအထိ အနော်ရထာ၏ ပုဂံစစ်အင်အားသည် ကြီးမားခဲ့ပေသည်။
အနော်ရထာသည် နိုင်ငံ ကျယ်ပျံ့လာစေရုံသာမက စည်ပင်သာယာ ၀ပြောအောင်လည်း ဆည်မြောင်း ကန်ချောင်းများ ဖောက်လုပ်ခဲ့သည်။ ကျောက်ဆည်နယ်ရှိ ပြက္ခရွေတောင် ကယွတ်တောင်ထက်မှ ရေတို့ကို အတန့်တန့်ဆည်၍ ရေသောက်ကန်များ ပြုခဲ့သည်။ တူးမြောင်းများကို စနစ်တကျ ဖို့စေလျက် မြစ်ငယ် ပန်းလောင် စမုန်မြစ်တို့မှ စီးဆင်းလာသော ရေအားဖြင့် စပါး ကောက်ပဲသီးနှံများ အများအပြား စိုက်ပျိုးနိုင်အောင် စီမံခဲ့သည်။ မိတ္ထီလာကန်ကို ဆည်ဖို့ခဲ့သည်။ လယ်တွင်း တစ်ဆယ့်တစ်ရွာကိုလည်း တည်ခဲ့သည်။ ကင်းမြို့ပေါင်း လေးဆယ့်သုံးမြို့ကိုလည်း တည်ထောင်ခဲ့သည်။
အနော်ရထာမင်းသည် ဗုဒ္ဓသာသနာ ထွန်းကား၍ ယဉ်ကျေးမှု တိုးတက်ပြန့်ပွားအောင်လည်း အထူးဆောင်ရွက်ခဲ့သည်။ အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား တရား သံဃာ ရတနာ သုံးပါးကိုလည်းကောင်း လောကနာထကိုလည်းကောင်း ဗြဟ္မာ ဗိဿနိုး ပရမေသွာ တို့ကိုလည်းကောင်း နတ် နဂါးနှင့် အရည်းကြီးတို့ကိုလည်းကောင်း အားလုံးစုံကို ရောနှော ယောင်မှား၍ ကိုးကွယ်နေကြသည်။ ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒတို့ကို မနှစ်သက်သဖြင့် တရားမှန် တရားစစ်ကို တောင့်တမိသည်။ ထိုစဉ် သထုံပြည်မှ မွန်လူမျိုး ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ကြွရောက်လာကာ တရားစစ် တရားမှန်ကို ဟောပြော ညွှန်ပြသည်။ အနော်ရထာမင်းနှင့်တကွ တစ်ပြည်လုံး ဗုဒ္ဓအယူဝါဒ၌ တည်ကြလေသည်။
အနော်ရထာမင်းသည် ရှင်အရဟံ အကူအညီဖြင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားအောင် စတင်ဆောင်ရွက်ခဲ့သည်။ သထုံကို တိုက်ခိုက်ရာတွင် ရရှိခဲ့သည့် မွန်ဘာသာဖြင့် ရေးသားထားသော ပိဋကတ်တော်တို့ကို မွန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုစေခဲ့သည်။ ပုဂံ၌ ပိဋကတ်တိုက် တည်ဆောက်ကာ ယင်းတို့ကို ထားရှိသည်။ ထိုပိဋကတ်တိုက်သည် ယခု ပုဂံမြို့ဟောင်း၌ ရှိပါသည်။
အနော်ရထာမင်းသည် မြန်မာ တစ်နိုင်ငံလုံး၌ ဘုရား ဂူကျောင်း တံဆောင်း ဇရပ်တို့ကို အနှံ့ တည်ခဲ့သည်။ ယင်းတို့အနက် အထင်ရှားဆုံးသော စေတီဘုရားမှာ ညောင်ဦးမြို့ရှိ ရွှေစည်းခုံစေတီ ဖြစ်သည်။
အနော်ရထာမင်းသည် ပြည်သူတို့အား ဘေးရန်ပြုနေသော ကျွဲရိုင်းတစ်ကောင် ထကြွ သောင်းးကျန်းသည်ကို ကိုယ်တော်တိုင် သွားရောက် နှိမ်နင်းစဉ် ထိုကျွဲရိုင်းခတ်သဖြင့် နတ်ရွာစံခဲ့ရသည်။ မြန်မာသက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွား၍ ၄၃၉ ခုနှစ် ( ခရစ်နှစ် ၁၀၇၇ ) သက်တော် ၆၃ တွင် ကွယ်လွန်သည်။

No comments: