Thursday, September 4, 2008

ဘုရင့်နောင်


မြန်မာ့သမိုင်းတွင် မြန်မာနိုင်ငံတော်ကို ဒုတိယအကြိမ် အောင်မြင်စွာ စည်းရုံးတည်ထောင်သူမှာ ဘုရင့်နောင် ဖြစ်သည်။
ပုဂံ ပျက်သုဉ်းပြီးနောက် ၀ါးအစည်း ပြေသကဲ့သို့ဖြစ်၍ သူတစ်လူ ငါတစ်မင်း ဖြစ်နေသော မြန်မာနိုင်ငံအား ဘုရင့်နောင်သည် ဟံသာဝတီ ပဲခူးကို ဗဟိုပြုလျက် အောင်မြင်စွာ စည်းရုံးထူထောင်ခဲ့သည်။ ဘုရင့်နောင်၏ ဩဇာသည် မြန်မာ တစ်နိုင်ငံလုံးသာမက ကသည်းပြည် ဇင်းမယ်ပြည် လင်းဇင်းပြည် ယိုးဒယားပြည်တို့အထိ ပျံ့နှံ့ခဲ့သည်။ ဘုရင့်နောင်လက်ထက် မြန်မာ နိုင်ငံတော်သည် အနောက်မြောက်ဘက် မဏိပူရ မြစ်ဝှမ်းမှ အရှေ့ဘက် မဲခေါင်မြစ်ဝှမ်းအထိ ကျယ်ပျံ့ခဲ့သည်။ ဘုရင့်နောင်၏ တပ်မတော်သည် ထိုခေတ်က အာရှတိုက် အရှေ့ပိုင်းနှင့် တောင်ပိုင်းတွင် ပြိုင်ဘက်ကင်းသော တပ်မတော် ဖြစ်သည်ဟူ၍ နိုင်ငံခြားသား သမိုင်းဆရာအချို့က မှတ်တမ်းတင်ခဲ့ကြသည်။ ဘုရင့်နောင် တပ်မတော်တွင် မြန်မာစစ်သည် မွန်စစ်သည် ရှမ်းစစ်သည် ကရင်စစ်သည် ချင်းစစ်သည် ကချင်စစ်သည် လ၀ါစစ်သည်တို့ ပါဝင် အမှုထမ်းကြသည်။
ဘုရင့်နောင်သည် တိုင်းရင်းသား စည်းလုံးရေးကိုလည်း အလေးပေး ဆောင်ရွက်ခဲ့သူဖြစ်သည်။ အရည်အချင်းနှင့် ပြည့်စုံသူမှန်လျှင် လူမျိုးခွဲခြားခြင်း မပြုဘဲ တာဝန်ခံ မှူးမတ်ရာထူးများ၌ ခန့်ထားချီးမြှောက်သည်။ ထို့ကြောင့် ဘုရင့်နောင်၏ အမတ်များတွင် မြန်မာအမတ် မွန်အမတ် ရှမ်းအမတ် စသူတို့ ပါဝင်ကြသည်။ ထိုအမတ်များနှင့် တိုင်ပင်၍ တိုင်းပြည်ကို အုပ်ချုပ်သည်။
ဘုရင့်နောင်သည် လယ်ယာ စိုက်ပျိုးရေးးကိုလည်း အထူး အားပေးသည်။ နယုန်လမှ တန်ဆောင်မုန်းလအထိ လယ်ယာကို အထူးအားသွန် စိုက်ပျိုးချိန်၌ မှုခင်း မဖြစ်ပွားစေရန် မင်းမှုထမ်းတို့အား အထူးစောင့်ရှောက်စေသည်။ ထိုအချိန်တွင် မင်းမှုထမ်းအရာရှိများက လယ်သမားတို့အား အဆင့်အခေါ် မရှိစေရန်လည်း အမိန်ထုတ်ပြန်ထားသည်။
ဘုရင့်နောင်သည် နိုင်ငံခြား ကူးသန်းရောင်းဝယ်ရေးကိုလည်း အားပေးသည်။ မြန်မာပိုင် သင်္ဘောဆိပ်မြို့ကြီးများသို့ နိုင်ငံခြား ကုန်သင်္ဘောများ လွယ်ကူစွာ ၀င်ထွက်သွားလာနိုင်ရန် လမ်းဖွင့်ပေးသည်။ ထို့ကြောင့် သင်္ဘောလမ်း မြစ်လမ်းတလျှောက် ရွာများ ထိစပ်လုမတတ် စည်ကားသည်။ နိုင်ငံခြားကုန်စည်များ ကူးသန်းရောင်းဝယ်မှုကို အုပ်ချုပ်ရန် ပွဲစားကြီး ရှစ်ယောက်ကို ခန့်ထားသည်။ ဆိပ်ကမ်းအကောက်နှုန်း ပွဲခွန်စသည်တို့ကို သက်ညှာစွာ ယူစေသည်။ နိုင်ငံခြားကူးသန်းမှု များစွာ စည်ပင်သည်။
ဘုရင့်နောင်သည် ဗုဒ္ဓဘာသာကို အလွန်လေးစား ကြည်ညိုသည်။ သာသနာတော် ပြန့်ပွားစေရန် အားပေး ဆောင်ရွက်ခဲ့သည်။ ပိဋကတ် သုံးပုံကို အစုံလေးဆယ် ရေးကူးစေပြီး လိုအပ်သော အရပ်များသို့ ပေးပို့ ဖြန့်ဝေသည်။ နိုင်ငံ အရပ်ရပ်သို့ သာသနာပြုများ စေလွှတ်သည်။ နတ်ပူဇောခြင်းကိုမူ အားမပေးပေ။ ကျွဲနွားတို့ကို သတ်ဖြတ်၍ ယဇ်ပူဇော်ခြင်း အလေ့အထကိုလည်း မနှစ်မြို့။ ထိုအလေ့ကို ထိရောက်စွာ တားမြစ်သည်။ ထိုခေတ်က ရှမ်းပြည်၌ စော်ဘွားများသေလျှင် စောဘွားစီးသော ဆင်မြင်းနှင့်တကွ ကျေးကျွန်တို့ကိုပါ သတ်၍ တွင်း၌ အတူမြှပ်လေ့ရှိရာ ထိုအလေ့ကိုလည်း တားမြစ်ခဲ့သည်။
ဘုရင့်နောင်သည် နိုင်ငံသူ နိုင်ငံသားတို့အား တရားဓမ္မနှင့်အညီ ဖြောင့်မတ်စွာ အုပ်ချုပ် စီရင်စေသည်။ လွှတ်တော် ရုံးတော်တို့၏ တရားစီရင်ရေးကို မကျေနပ်လျှင် ဆင်းရဲ ချမ်းသာမရွေး ရွှေနားတော်ကြား ခေါင်းလောင်းထိုး၍ မိမိကို အကြောင်းကြားစေသည်။ ထိုသို့ အကြောင်းကြားနိုင်ရန်လည်း ခေါင်းလောင်းကြီးကို နန်းတော်ဝင်းဝတွင် ချိတ်ဆွဲထားသည်။
ဘုရင့်နောင်သည် လက်ရုံးရည် နှလုံးရည် အထူးပြည့်စုံသည်။ ပညာရှိတို့ကို လေးစားမြတ်နိုးသည်။ သူ့ကျေးဇူးကို အထူးသိတတ်သည်။ အလွန် ဖြောင့်မတ် မှန်ကန်သည်။ သည်းခံတတ်သည်။ သူ၏အသက်ကို ရန်ရှာသောသူကိုပင် အပြစ်မယူ သည်းခံတတ်သည်။ သို့ရာတွင် စစ်ရေးမှုခင်း၌ အမှုထမ်းပေါ့လျော့လျှင်မူ သည်းခံတော်မမူ။ ညီတော် သားတော်များပင်ဖြစ်စေ ကြီးစွာသော အပြစ်ဒဏ်ကို ပေးခဲ့သည်။
ဘုရင့်နောင်သည် ရဲစွမ်းသတ္တိ ရှိလှသည့်ပြင် လွန်စွာ စိတ်ဓာတ် ကြံ့ခိုင်သူ ဖြစ်သည်။ ဘုရင့်နောင်သည် တပင်ရွှေထီး၏ စစ်သူကြီးဘ၀၌ရှိစဉ် နောင်ရိုးတိုက်ပွဲတွင် ချောင်းတဘက်ကမ်းရှိ မိမိတို့ထက် အင်အားကြီးမားသော ရန်သူများကို ဖောင်များဖြင့် ကူး၍ တိုက်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်ရာတွင် မိမိစစ်သည်တို့အား နောက်ဆုတ်လိုစိတ် မရှိစေရန် ဖောင်များဖျက်၍ အသက်စွန့်တိုက်ရာ အောင်မြင်ခဲ့သည်။ ဘုရင့်နောင်၏ နောင်ရိုးတိုက်ပွဲသည် မြန်မာ့သမိုင်းတွင် ထွန်းပြောင်ဆဲ ဖြစ်သည်။
နိုင်ငံခြား သမိုင်းဆရာအချို့က ဘုရင့်နောင်သည် မြန်မာ့သမိုင်း၌ စွမ်းရည်အရှိဆုံးသော ပုဂ္ဂိုလ်ဖြစ်သည်ဟူ၍ မှတ်တမ်းတင် ဖော်ပြကြသည်။
ဘုရင့်နောင်သည် မြန်မာသက္ကရာဇ် ၈၇၇ ခုနှစ်တွင် ဖွား၍ ၉၁၅ ခုနှစ်တွင် ဘုရင်ဖြစ်သည်။ ၉၄၃ ခု ( ခရစ်နှစ် ၁၅၈၁ ) သက်တော် ၆၆ နှစ်အရွယ်တွင် လွန်တော်မူသည်။ ဘုရင့်နောင်ကို ဘုရင့်နောင်ကျော်ထင်နော်ရထာ ဟုလည်းကောင်း ဟံသာဝတီ ဆင်ဖြူများရှင် ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြပေသည်။

No comments: