Thursday, September 4, 2008

ကျန်စစ်သား


အနော်ရထာမင်း တည်ထောင်ခဲ့သော မြန်မာနိုင်ငံကို အနှစ် ၂၀၀ မျှ ဆက်လက်တည်တံ့ ခိုင်မြဲအောင် ၂၈ နှစ်မျှသော နန်းစံ ကာလအတွင်း အောင်မြင်စွာ ဆောင်ရွက်ခဲ့သူမှာ ကျန်စစ်သားမင်း ဖြစ်သည်။

ကျန်စစ်သားသည် ပုဂံခေတ်တွင် ထွန်းကားသူဖြစ်သည်။ အနော်ရထာမင်း လက်ထက်တွင် စစ်သူကြီးအဖြစ် အမှုထမ်းသည်။ အနော်ရထာမင်း၏ ပုဂံတပ်မတော်ကို စစ်သူကြီး လေးဦးဖြစ်သော ကျန်စစ်သား ငထွေရူး ငလုံးလဖယ် ညောင်ဦးဖီး တို့က ဦးဆောင်ခဲ့ကြသည်ဟု ဆိုသည်။ ဤစစ်သူကြီးများတွင် ကျန်စစ်သားသည် အထင်ရှားဆုံးဖြစ်သည်။

အနော်ရထာမင်း သထုံသို့ ချီတက်ရာ၌ ကျန်စစ်သားသည် ကြည်းကြောင်းဖြင့် ရှေ့ဖျားတပ်မပြု၍ လိုက်ပါခဲ့သည်။ တဖန် ဂန္ဓာလရာဇ်သို့ ချီရာတွင်လည်း လိုက်ပါခဲ့သည်။ မွန်တို့နေထိုင်ရာ ဥဿာပဲခူးသို့ ဂျွန်းစစ်သည်တို့ ၀န်းရံလာသောအခါ ကျန်စစ်သား အမှူးပြုသော စစ်သူကြီး လေးဦးကပင် ဦးဆောင် တိုက်ခိုက် တွန်းလှန်ခဲ့သည်။

အနော်ရထာမင်း လွန်၍ စောလူးမင်းလက်ထက်သို့ ရောက်သောအခါတွင်လည်း ကျန်စစ်သားသည် ဆက်လက် အမှုထမ်းသည်။ စောလူးမင်း လက်ထက်တွင် ပဲခူးမြို့ကို စားရသော အမတ် ငရမန်ကန်းသည် သူပုန်ထသည်။ သူပုန်တို့ကို တိုက်ခိုက်ရာတွင် စောလူးမင်းသည် ကျန်စစ်သား၏ စကားကို မနာယူဘဲ ဆန္ဒစော၍ တိုက်ခဲ့သဖြင့် အရေးနိမ့်ပြီး ငရမန်ကန်း၏ သုံ့ပန်းဘ၀သို့ ရောက်ခဲ့ရသည်။ ထိုအခါ ပုဂံမြို့တော်ကို စောင့်ရှောက်ရသော မှူးမတ်တို့က ကျန်စစ်သားကို မင်းမြှောက်ကြသည်။ ကျန်စစ်သားက လက်မခံ။ ငါ့အရှင် ရှိသေးသည်။ ငါ့အရှင်ကို ငါရအောင်ကယ်၍ ပြန်လည် နန်းတင်မည်ဟု ဆိုခဲ့သည်။ ဆိုသည့်အတိုင်းပင် အသက်စွန့်၍ စောလူးမင်းကို ကယ်ခဲ့သည်။ လွတ်အံ့ဆဲဆဲတွင် စောလူးမင်းက ကျန်စစ်သားကို အထင်မှားသဖြင့် မအောင်မမြင် ဖြစ်သွားသည်။ ငရမန်ကန်းလည်း စောလူးမင်းကို ကွပ်မျက်လိုက်လေသည်။

ထိုအခါ ကျန်စစ်သားသည် ပုဂံသားတို့ကို စည်းရုံးကာ ငရန်မန်ကန်း သူပုန်တို့ကို တွန်းလှန် တိုက်ခိုက်သည်။ သူပုန်တို့ အရေးနိမ့်သောအခါ ကျန်စစ်သားသည် မင်းအဖြစ်ကို ခံယူ၍ ပုဂံထီးနန်းကို သိမ်းပိုက်သည်။

ကျန်စစ်သားမင်းသည် လက်ရုံးရည် နှလုံးရည်နှင့် အထူးပြည့်စုံသည်။ သူရသတ္တိ အရာ၌လည်းကောင်း သစ္စာစောင့်စည်းရာတွင်လည်းကောင်း ဆုံးဖြတ်ချက်ချရာတွင်လည်းကောင်း မြော်တွေးကြံဆရာတွင်လည်းကောင်း ပြည်သူကို စည်းရုံးရာတွင် လည်းကောင်း စံပြုသင့်သော ပုဂ္ဂိုလ်ထူး ဖြစ်သည်ဟူ၍ သမိုင်းဆရာအချို့က မှတ်တမ်းတင် ဖော်ပြကြသည်။

ကျန်စစ်သားမင်းသည် မွန်ရဟန်းတော် ရှင်အရဟံ အဆုံးအမကို ခံယူလျက် အမှုကိစ္စများကို လူမျိုးမရွေး ဘာသာမရွေး တရားမျှတစွာ ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း ငြိမ်းချမ်းမှု နိုင်ငံတော် စည်းလုံးမှုတို့ကို အရယူခဲ့သည်။ ငရန်မန်ကန်း သူပုန်အရေး ငြိမ်းအေးသော်လည်း သူပုန်အရေးကြောင့် ပျူ မွန် သက် မြန်မာ အစရှိသော တိုင်းသူပြည်သားတို့သည် ဒုက္ခရောက်ကြရသည်။ အချို့မှာ မိတကွဲ ဖတကွဲ အချို့မှာ သားတကွဲ မယားတကွဲ အချို့မှာ စားရမဲ့ သောက်ရမဲ့ ၀တ်ရမဲ့ ဖြစ်ကြရသည်။ ကျန်စစ်သားသည် လူမျိုးမရွေး ဘာသာ သာသနာမရွေး အားလုံး၏ဒုက္ခကို ကယ်တင်သည်။ အမိအဖ သားမယား အဆွေအမျိုးတို့နှင့် ပြန်တွေ့အောင် ဆောင်ရွက်သည်။ ဆန်စပါး အ၀တ် ပုဆိုး စသည်တို့ကို ပြည့်စုံအောင် ဆောင်ရွက်သည်။ သူပုန်ရန်ကြောင့် ပျက်စီးခဲ့သော ပိဋကတ် စာပေတို့ကို ပြန်လည်စုဆောင်း၍ တည်းဖြတ်စေသည်။ မွန်မြန်မာ စည်းလုံးရေးကို အလေးပေး ဆောင်ရွက်သည်။ နိုင်ငံ တိုးတက်သာယာအောင် ကြံ့ခိုင်အောင် ယဉ်ကျေးမှု ထွန်းကားလာအောင် အစွမ်းကုန် ဆောင်ရွက်သည်။ ဗုဒ္ဓသာသနာ ပြန့်ပွားအောင် အထူးဆောင်ရွက်သည်။ စေတီဘုရား ဂူဘုရားများကို ဆောက်လုပ် လှူဒါန်းသည်။ ကျန်စစ်သားမင်း တည်ခဲ့သည့် ဘုရားများအနက် အထင်ရှားဆုံးသော ဂူဘုရားမှာ အာနန္ဒာဂူဘုရားဖြစ်သည်။ တည်ဆောက်ထားသည်မှာ အံ့ချီးဖွယ်ရာ အနုပညာ လက်ရာမြောက်လှသဖြင့် ယနေ့တိုင် တည်တံ့ခိုင်မြဲ ထင်ရှား ကျော်စောဆဲ ဖြစ်သည်။

ကျန်စစ်သားမင်းသည် ပြည်တွင်း ငြိမ်းချမ်းရေးကိုသာမက ပြည်ပ ငြိမ်းချမ်ရေးကိုပါ အရယူနိုင်ခဲ့သည်။ အိမ်နီးချင်း နိုင်ငံများဖြစ်သော အိန္ဒိယ တရုတ် နိုင်ငံများသို့ သံတမန်များ စေလွှတ်၍ ချစ်ကြည်စွာ ပေါင်းသင်း ဆက်ဆံခဲ့သဖြင့် နိုင်ငံမှာ ပြည်ပ အနှောင့်အယှက် ဘေးရန်များမှ ကင်းဝေးခဲ့သည်။ ကျန်စစ်သားမင်းလက်ထက်တွင် အိန္ဒယပြည် ဗုဒ္ဓဂါယာရှိ စေတီတော်မြတ် ပျက်စီးသည်တွင် ပြင်ဆင်ရန်နှင့် ဆီမီး ထွန်းညှိ ပူဇော်နိုင်ရန်အတွက် ကျန်စစ်သားမင်းက သင်္ဘောတစ်စင်းတွင် ရွှေငွေဘဏ္ဍာ အလုံအလောက်ထည့်၍ စေလွှတ်ခဲ့သည်။

ကျန်စစ်သားမင်းသည် မြန်မာသက္ကရာဇ် ၄၀၂ ခုနှစ်တွင် ဖွားမြင်ပြီး ၄၇၄ ခုနှစ် ( ခရစ်သက္ကရာဇ် ၁၁၁၃ ) သက်တော် ၇၀ ကျော်တွင် လွန်ခဲ့သည်။

No comments: