Thursday, September 4, 2008

ဗိုလ်ချုပ်အောင်ဆန်း



ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာ့ လွတ်လပ်ရေး ဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၈၈၆ မှ ၁၉၄၇ ခုနှစ်အထိ သူ့ကျွန်ဘ၀သို့ ကျရောက်ခဲ့သည်။ နယ်ချဲ့အင်္ဂလိပ် လက်အောက်သို့သာမက ဖက်ဆစ်ဂျပန်တို့၏ လက်အောက်သို့ပါ ကျရောက်ခဲ့သည်။ ဤသို့ကျရောက်ခဲ့သည်ကဗိုလ်ချုပ်အောင်ဆန်းက ပြည်သူလူထုကို စည်းရုံး၍ အောင်မြင်စွာ တော်လှန်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး ရရှိအောင်လည်းကောင်း တိုင်းရင်းသားများ သွေးစည်း ညီညွတ်လာအောင်လည်းကောင်း ပြည်သူကို စည်းရုံး၍ အောင်မြင်စွာ ဆောင်ရွက်နိုင်သော ခေါင်းဆောင်ကြီးပင် ဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် နတ်မောက်ဇာတိဖြစ်သည်။ မိဘများမှာ ရှေ့နေ ဦးဖာနှင့် ဒေါ်စုတို့ဖြစ်သည်။ သားချင်း ခြောက်ယောက်အနက် အထွေးဆုံးသားဖြစ်သည်။ ရှေးဦးစွာ ဘုန်းတော်ကြီးကျောင်းတွင် ပညာဆည်းပူးသည်။ ထို့နောက် အမျိုးသားအထက်တန်းကျောင်းတွင် ပညာဆည်းပူးရာ ၁၉၃၂ ခုတွင် ဆယ်တန်းအောင်ခဲ့သည်။ ထိုနောက် ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်နေစဉ် နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းနှင့် လွတ်လပ်ရေး ကြိုးပမ်းမှု လုပ်ငန်းတို့ကို စတင်ဆောင်ရွက်သည်။ ၁၉၃၅-၃၆ ခုတွင် ရန်ကုန်တက္ကသိုလ် သမဂ္ဂအမှုဆောင်အဖွဲ့ဝင် ဖြစ်လာပြီး အိုးဝေမဂ္ဂဇင်းကို တာဝန်ခံ ထုတ်ဝေခဲ့သည်။ ၁၉၃၆ ခုနှစ် တက္ကသိုလ်သပိတ် အရေးတော်ပုံတွင် ရှေ့တန်းခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ၀ိဇ္ဇာဘွဲ့ ရရှိခဲ့သည်။
ဘွဲ့ရသော်လည်း ရာထူးရာခံများကို လက်ခံထမ်ဆောင်ခြင်း မပြုဘဲ အဆင်းရဲခံကာ နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းများကိုသာ လုပ်ခဲ့သည်။ ၁၉၃၇-၃၈ တွင် တို့ဗမာအစည်းအရုံးကြီးသို့ ၀င်ရောက်လျက် သခင်အောင်ဆန်း အမည်ခံယူကာ နိုင်ငံရေးနယ်ပယ်သို့ ခြေစုံပစ်ဝင်ပြီး နယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းများကို ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သည်။ အရည်အချင်း ပြည့်ဝ၍ အလွန်နိုးကြားတက်ကြွသူ ဖြစ်သဖြင့် ထိုနှစ်မှာပင် တို့ဗမာအစည်းအရုံးကြီး၏ အထွေထွေအတွင်းရေးမှူး ဖြစ်လာခဲ့သည်။
မြန်မာနိုင်ငံသို့ ဒုတိယကမ္ဘာစစ်မီး ကူးလာခါနီးတွင် သခင်အောင်ဆန်းသည် မြန်မာ့လွတ်လပ်ရေးအတွက် နယ်ချဲ့အစိုးရကို လက်နက်ကိုင်တော်လှန်ရန် ကြံစည် ကြိုးပမ်းခဲ့သည်။ သို့ဖြင့် ရဲဘော်သုံးကျိပ်ကို စုစည်းပြီး ၁၉၄၁ ခုနှစ်တွင် ဟိုင်နန်ကျွန်း၌ ရဲဘော်သုံးကျိပ်နှင့်အတူ စစ်ပညာများ ဆည်းပူးခဲ့သည်။ ထိုနောက် ရဲဘော်သုံးကျိပ်နှင့်အတူ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ၁၉၄၁ ဒီဇင်ဘာတွင် ယိုးဒယားပြည်၌ စတင်ဖွဲ့စည်းသည်။ ဗိုလ်တေဇအမည်ကို ခံယူလျက် ဗမာ့လွတ်လပ်ရေးတပ်မတော်သေနာပတိအဖြစ် ဆောင်ရွက်သည်။ ဂျပန်တပ်များနှင့် ပူးပေါင်းကာ နယ်ချဲ့အင်္ဂလိပ်များကို တိုက်ခဲ့သည်။ ၁၉၄၂ မတ်လတွင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် တပ်မတော်အလံကို လွှင့်ထူကာ ရန်ကုန်မြို့ကို သိမ်းပိုက်ခဲ့သည်။
ဂျပန်ခေတ်တွင် ဗိုလ်ချုပ်အောင်ဆန်းသညှ်ဗမာ့ကာကွယ်ရေးတပ်မတော် စစ်သေနာပတိအဖြစ်လည်းကောင်း မြန်မာအစိုးရအဖွဲ့၏ စစ်ဝန်ကြီးအဖြစ်လည်းကောင်း ဆောင်ရွက်သည်။ ထိုနောက် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ဗမာ့ကာကွယ်ရေးတပ်မတော်နှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ဖက်ဆစ်တိုက်ဖျက်ရေးအဖွဲ့ချုပ်ကို လျှို့ဝှက်စွာ ဖွဲ့စည်းပြီးလျှင် ၁၉၄၅ မတ်လ ၂၇ ရက်နေ့တွင် ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့သည်။
ဖက်ဆစ်ဂျပန်များ ကျဆုံး၍ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသောအခါ မြန်မာနိုင်ငံသို့နယ်ချဲ့အင်္ဂလိပ်တို့ ပြန်ဝင်လာကြသည်။ ထိုအခါ ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှ နုတ်ထွက်ပြီးလျှင် မြန်မာ့လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုစဉ်က အမျိုးသားတပ်ဦးကြီးဖြစ်သည့် ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးကို စည်းရုံးကာ လွတ်လပ်ရေးအတွက် မရမနေ အပြင်းအထန် ကြိုးပမ်းဆောင်ရွက်သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ကြိုးပမ်းမှုကြောင့် နယ်ချဲ့အင်္ဂလိပ်အစိုးရသည် ၁၉၄၇ ဇန်န၀ါရီတွင် အောင်ဆန်း-အက်တလီစာချုပ်ကို ချုပ်ဆိုခဲ့ရသည်။ မြန်မာနိုင်ငံအား တစ်နှစ်အတွင်း လွတ်လပ်ရေးပေးရန် သဘောတူခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက်လည်း ပင်လုံညီလာခံ ကျင်းပကာ ပင်လုံစာချုပ်ကို ဦးဆောင်ချုပ်ဆိုခဲ့သည်။ တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲကို စနစ်တကျ ကျင်းပပြီးလျှင် မကြာမီ လွတ်လပ်တော့မည့် ဖွဲ့စည်းအုပ်ချုပ်ရေးဆိုင်ရာ လမ်းစဉ်များကိုလည်း ချမှတ်ပေးခဲ့သည်။ ယင်းသို့ ဆောင်ရွက်ဆဲမှာပင် ၁၉၄၇ ဇူလိုင် ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများသည် နယ်ချဲ့လက်ပါးစေများ၏ လုပ်ကြံခြင်းကို ခံခဲ့ရရှာသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီလ ၁၃ ရက် စနေနေ့တွင် ဖွားမြင်၍ ၁၉၄၇ ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်တွင် ကျဆုံးခဲ့သည်။ ကျဆုံးချိန်တွင် အသက် ၃၃ နှစ်အရွယ်မျှသာ ရှိသေးသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဒေါ်ခင်ကြည်နှင့် ၁၉၄၂ ခုတွင် လက်ထပ်ခဲ့သည်။ သား အောင်ဆန်းဦး အောင်ဆန်းလင်း သမီး အောင်ဆန်းစုကြည်တို့ကို ဖွားမြင်ခဲ့သည်။ သားအောင်ဆန်းလင်းသည် ငယ်စဉ်ကပင် ကွယ်လွန်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ပကာသန အဆောင်အယောင်တို့ကို လုံးဝ မနှစ်သက်။ အလွန်ရိုးသားသည်။ နိုင်ငံချစ်စိတ် ကြီးမားသည်။ ကိုယ်ကျိုးကို မကြည့်။ နိုင်ငံအတွက် ပြည်သူအတွက် လွတ်လပ်ရေးအတွက် အနစ်နာခံကာ အသက်ပေး ဆောင်ရွက်သွားသော ပုဂ္ဂိုလ်ထူးပင်ဖြစ်သည်။ ကဗျာဆရာ စာရေးဆရာများ ချီးကျူးစာဖွဲ့ခြင်းကို အများဆုံး ခံယူရရှိသော ထူးခြားသည့် အာဇာနည်ခေါင်းဆောင်ကြီးပင် ဖြစ်သည်။
မြန်မာ့စွယ်စုံကျမ်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် စတုတ္ထမြန်မာနိုင်ငံတော်ကြီးကို ထူးချွန်စွာ တည်ဆောက်နိုင်ခဲ့သော အာဇာနည်ပုဂ္ဂိုလ်ထူးဖြစ်သည်ဟူ၍ မှတ်တမ်းတင် ဖော်ပြထားပေသည်။ ငယ်စဉ်က ကျောင်းမှာ သင်ရသော အာရှသူရဲကောင်းဗိုလ်ချုပ်အောင်ဆန်းသီချင်းကို အောက်တွင် နားဆင်နိုင်ပါသည်။

No comments: