ဆင်ဖြူရှင်မင်း သည် မြန်မာနိုင်ငံ ကုန်းဘောင်မင်းဆက်တွင် တတိယမြောက်မင်းဖြစ်၍ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ ဒုတိယသားတော် ဖြစ်လေသည်။ သက္ကရာဇ် ၁၀၉၈ ခုနှစ် ၀ါခေါင်လဆန်း ၁၃ ရက် တနင်္ဂနွေနေ့( ခရစ်နှစ် ၁၇၆၉)တွင် ဖွားမြင်၏။ ငယ်မည်မှာ မောင်ရွဖြစ်၍ မြေဒူးမင်းဟုလည်းတွင်၏။ နောင်အခါ မကွေးမြို့မှ ဆင်ဖြူတော်ကို ရရှိသဖြင့် ဆင်ဖြူရှင်ဘွဲ့ကို ခံယူသည်။ ဘွဲ့တံဆိပ်နာမံတော်ကား သီရိပ၀ရသုဓမ္မမဟာရာဇာဇိန္ဒာဓိပတိ ဖြစ်သည်။ ပထမတွင် ရွှေဘို၌ နှစ်နှစ်မျှ စံနေတော်မူပြီးနောက် အင်းဝ၌ မြို့နန်းအသစ် တည်ထောင်ပြောင်းရွှေ့ စံနေတော်မူသည်။
ဆင်ဖြူရှင်မင်းသည် ခမည်းတော်လက်ထက်ကတည်းကပင် စစ်ပွဲများပါဝင်တိုက်ခိုက်ခဲ့သည်။ ၎င်းလက်ထက်တွင် မြန်မာ့သမိုင်း၌ ထူးခြားသော စစ်ပွဲများကို တွေ့ရသည်။ နန်းတက်၍ မကြာမီပင် ဇင်းမယ်ကို အောင်တော်မူသည်။ ၁၁၂၆ ခုနှစ်တွင် မဏိပူရကသည်းပြည်သို့ ကိုယ်တော်တိုင် ချီတက်တိုက်ရာ အောင်တော်မူလေသည်။ ခမည်းတော်လက်ထက်က အောင်တော်မမူသော ယိုးဒယားသို့ ချီတက်တိုက်ခိုက်စေသည်။ သက္ကရာဇ် ၁၁၂၅ ခုနှစ် (1764) တပေါင်းလတွင် တပ်ပေါင်း ၂၈ တပ်ကို နေမျိုးသီဟပတေ့ အုပ်ချုပ်စေလျက် ဇင်းမယ်ကြောင်း ချီစေသည်။ ၁၁၂၆ နတ်တော်လတွင် မဟာနော်ရထာကို ဗိုလ်ချုပ်ခန့်၍ တပ်ပေါင်း ၃၀ ကို ထားဝယ်ကြောင်း ချီစေသည်။ ထိုတပ်အသီးသီးသည် ၄ နှစ်အကြာတွင် အယုဒ္ဓယ မြို့ပြင်တွင် ပေါင်းမိကာ ၁၄ လတိုင်တိုင် မြို့ကို ၀န်းရံထားခဲ့သည်။ ၁၁၂၉ တန်ခူးလဆန်း ၁၁ ရက် (28-4-1767) တွင် အယုဒ္ဓယမြို့ကို အောင်မြင်လေသည်။ ယိုးဒယားကို အလိုပြည့်ပြီးသော် မြန်မာနိုင်ငံသို့ တရုတ်တပ်များ တိုက်ခိုက်လာသည့်အတွက် ယိုးဒယားမှ မြန်မာတပ်များကို ပြန်လည် ခေါ်ယူခဲ့ရသည်။
ပထမအကြိမ်တွင် တရုတ်တပ်များသည် ကောင်းတုံမြို့ကို အထပ်ထပ် ၀န်းရံလုပ်ကြံလာသည်။ ထိုသတင်းကိုကြားလျှင် လက်ဝဲ၀င်းမှူး နေမျိုးစည်သူကို စစ်သည်သူရဲများနှင့် ချီတက်တိုက်ခိုက်စေသည်။ ကောင်းတုံမြို့တွင်းကလည်း ထွက်တိုက်သည်နှင့် တရုတ်တို့ မခံနိုင် ဆုတ်ခွာပြေးရလေသည်။ ၁၁၂၈ ခုနှစ်တွင် တရုတ်တို့သည် ဒုတိယအကြိမ် ဗန်းမော်ကြောင်းမှ ချီတက်လာပြန်သည်။ ထိုအခါ နေမျိုးစည်သူကို ရေကြောင်းမှ ဗန်းမော်သို့ ချီစေ၍ မဟာစည်သူကို မိုးကောင်း မိုးညှင်းကြောင်း ချီစေသည်။ ကောင်းတုံတွင် ရှိနေသော ဗလမင်းထင်၏ တပ်ကိုလည်း အင်အားဖြည့်ပေးလေသည်။ သုံးရက်အတွင်း တရုတ်တပ်များ ဆုတ်ခွာသွားရလေသည်။
၁၁၂၉ ခုနှစ်တွင် တရုတ်တို့ တတိယအကြိမ် ချီလာပြန်သည်။ တရုတ်တို့သည် သိန္နီမြို့ကို သိမ်းယူပြီး သီပေါသို့ တစ်ကြောင်း ဗန်းမော်သို့ တစ်ကြောင်း ချီတက်တိုက်ခိုက်သည်။ ဤတစ်ကြိမ်တွင်လည်း မဟာစည်သူနှင့် မဟာသီဟသူတပ်တို့ ပူးပေါင်းတိုက်ခိုက်ရာ တရုတ်တို့သည် ၎င်းတို့ပြည်ထဲသို့တိုင် ဆုတ်ခွာသွားရသည်။
၁၁၃၀ ပြည့်နှစ်တွင် တရုတ်တို့ စတုတ္ထအကြိမ် လာပြန်၏။ ဗန်းမော်ကို သိမ်းပိုက်၍ ကောင်းတုံကို ရေကြောင်း ကြည်းကြောင်းဖြင့် အထပ်ထပ် ၀န်းရံ လုပ်ကြံသော်လည်း ဗလမင်းထင် အစီအမံကောင်း၍ မရချေ။ စစ်ပြေငြိမ်းရန် တရုတ်တို့ စကားကမ်းလှမ်းလာလျှင် အခြားစစ်ဗိုလ်များက သဘောမတူသော်လည်း ဗိုလ်ချုပ် မဟာသီဟသူရသည် ရှေ့ရေးကို မြှော်တွေးလျက် ဘုရင့်အမိန့်ကို မခံယူတော့ဘဲ လက်ခံလိုက်လေသည်။ ထိုသတင်းကိုကြားလျှင် ဆင်ဖြူရှင်မင်း အမျက်တော်ရှကာ ရရှိခဲ့သော လက်ဆောင်ပဏ္ဏာတို့ကို ဗိုလ်မှူး တပ်မှူးတို့၏ ဇနီးများအား ရွက်စေလျက် သုံးရက်တိုင်တိုင် နေလှန်းသည်ဟု ဆိုလေသည်။ ထို့ကြောင့်လည်း မြန်မာ စစ်သည်တော်တို့သည် နေပြည်တော်သို့ မပြန်ကြဘဲ မဏိပူရ ကသည်းပြည်တွင် ပုန်ကန်ခြားနားသည်ကို သွားရောက်နှိမ်နင်း၍ လက်ဆောင်ပဏ္ဏာများ ဆောင်ကျဉ်းပြီးမှ ပြန်ခဲ့လေသည်။
ယင်းသို့ နှစ်စဉ်ဆက်ကာ တရုတ်တို့ လေးကြိမ်တိုင်တိုင် စစ်သည်အင်အား မြောက်များစွာဖြင့် တိုက်ခိုက်လာသည်ကို အောင်မြင်စွာ တွန်းလှန်နိုင်ခဲ့သည်မှာ ဆင်ဖြူရှင်မင်းလက်ထက် ထူးခြားချက်တစ်ရပ်ဟု ဆိုရပေမည်။
ဆင်ဖြူရှင်မင်းသည် စာပေရေးရာကိုလည်း ချီးမြှောက်ခဲ့ကြောင်း တွေ့ရသည်။ စစ်ရေး စာပေရေးတွင်သာမဟုတ်၊ သာသနာရေးတွင်လည်း ရွှေစည်းခုံဘုရားကို ထီးတော်တင်ကာ ရွှေပိန်းချတော်မူသည်။ မွန်တို့ပုန်ကန်သည်ကို နှိမ်နင်းရင်း ရန်ကုန်မြို့ရှိ ရွှေတိဂုံ စေတီတော်မြတ်အား ယနေ့ ဖူးမြင်ရသော ဥာဏ်တော် ၃၂၇ ပေထိ တိုးမြှင့်တည်ထား၍ ကိုယ်အလေးချိန်ရှိသော ရွှေများချလျက် ထီးတော်တင်ခဲ့သည်။ အပြန်တွင်လည်း ပြည်ရွှေဆံတော်စေတီကို ၀င်ရောက်ဖူးမြှော်လျက် ဖိုးဦးတောင်စေတီကို ထပ်၍ တည်တော်မူသည်။
ဆင်ဖြူရှင်မင်းသည် ၁၁၃၈ နယုန်လပြည့်ကျော် ၉ ရက် တနင်္ဂနွေနေ့ သက်တော် ၃၉ နှစ် ၁၀ လ အရွယ်တွင် နတ်ရွာစံတော်မူသည်။ ဆင်ဖြူရှင်မင်းကား ရဲရင့်တည်ကြည်ခြင်း စစ်မက်လိုလားခြင်း ယောက်ျားမြတ်တို့ ရုပ်လက္ခဏာ ပြည့်စုံခြင်းတို့ကြောင့် အလောင်းမင်းတရားကြီး၏ သားတော် ပီသပေသည်ဟု ပြောစမှတ်ရှိသည်။ ရတနာသုံးပါး၌ ယုံကြည် ပညာရှိတို့ကို ချစ်ကြည် ပညာရှိတို့၏စကားကို နာယူ မိမိလည်း ပညာရှိတော်မူသည်။ အမှုထမ်း ကျွန်တော်မျိုးတို့ကို အထိုက်အလျောက် ချီးမြှင့် ပြုစုတတ် လူရည်လူသွားကို သိ၍ ရွေးချယ် ခန့်ထားတတ်သောကြောင့် ခန့်ထား စေခိုင်းသမျှ အောင်မြင်သည်များ၏။
No comments:
Post a Comment