Thursday, July 24, 2008

စစ်ရာထူးခန့်ချုပ် မိန့်ကြားသည့် ဩ၀ါဒ


၂၀၀၁ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ကျင်းပသော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၃ မှ ဗိုလ်လောင်းများအား ခန့်အပ်လွှာ ချီးမြှင့်ပေးအပ်ပွဲတွင် စစ်ရာထူးခန့်ချုပ် မိန့်ကြားသည့် ဩ၀ါဒ
ရဲဘော်တို့
ဒီနေ့ဟာ ရဲဘော်တို့ရဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၃ အနေနဲ့ သင်တန်း ပြီးမြောက်အောင်မြင်လို့ ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ပေးတဲ့ နေ့ ဖြစ်တဲ့အတွက် မွန်မြတ်တဲ့ နေ့တစ်နေ့ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ဟာ ရဲဘော်တို့အတွက် ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်သလို ဒို့တပ်မတော် အင်အား တောင့်တင်း ခိုင်မာရေးအတွက် အားသစ်လောင်းတဲ့နေ့လည်း ဖြစ်တယ်။ ရဲဘော်တို့ဟာ တပ်မတော် ပြန်တမ်းဝင် အရာရှိများ အဖြစ်နဲ့ မကြာခင်မှာ တာဝန်ကျရာ တပ်အသီးသီးကို သွားရောက် တာဝန် ထမ်းဆောင်ကြရမှာ ဖြစ်လို့ လိုက်နာဆောင်ရွက်ရန် လိုအပ်တဲ့ အချက်အချို့ကို စစ်ရာထူးခန့်ချုပ်အနေနဲ့ မှာကြားလိုတယ်။
ရဲဘော်တို့
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၃ မှာ စစ်လက်ရုံး ရွေးချယ် နေရာချထားမှုအရ တပ်မတော်(ကြည်း) ခြေလျင် ခြေမြန်မှာ (၃၇၁) ယောက်၊ တပ်မတော် (ရေ) မှာ (၂၂) ယောက်၊ အမြောက်တပ်ဖွဲ့မှာ (၄၈) ယောက်၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့မှာ (၁၄) ယောက်နဲ့ ဆက်သွယ်ရေး တပ်ဖွဲ့များမှာ (၉)ယောက် နေရာချထား ပေးခဲ့တယ်။ ရဲဘော်တို့ အနေနဲ့ စစ်တက္ကသိုလ်မှာ သင်ကြားပေးခဲ့တဲ့ စစ်ပညာ စာပေပညာတွေကို အခြေခံပြီး မိမိတာဝန် ထမ်းဆောင်ရမယ့် တပ်ရင်းတပ်ဖွဲ့များရဲ့ လုပ်ငန်းခွင်မှာ စာတွေ့လက်တွေ့ ပေါင်းစပ်ပြီး တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားရမှာ ဖြစ်တယ်။
ရဲဘော်တို့
ဒို့တပ်မတော်ဟာ နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတော် အသစ်အဖြစ် တည်ဆောက်လျက်ရှိတယ်။ ဖြစ်ပေါ်လာမယ့် နိုင်ငံတော်ကြီးကို အကြွင်းမဲ့ ကာကွယ်နိုင်ဖို့အတွက် အင်အား တောင့်တင်းပြီး အရည်အချင်း ပြည့်ဝ၍ စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ တပ်မတော်တစ်ရပ်ဟာ မရှိမဖြစ် လိုအပ်တယ်။ ဒါကြောင့် ဒီနေ့ တပ်မတော်ကို အင်အား တောင့်တင်းပြီး အရည်အချင်း ပြည့်ဝ၍ စွမ်းရည်ထက်မြက်သော ခေတ်မီ တပ်မတော်အဖြစ် ရည်မှန်းချက်ထားပြီး တည်ဆောက်နေတာဘဲ ဖြစ်တယ်။ ရဲဘော်တို့အနေနဲ့ ယုံကြည်ချက် ခံယူချက်ရှိမှ လုပ်ရတဲ့ လုပ်ငန်း အပေါ်မှာ ပိုပြီး လေးနက်မှု ရှိမယ်။ ရည်မှန်းချက် ပန်းတိုင် ဦးတည်တဲ့ လမ်းကြောင်းလည်း မယိမ်းမယိုင် တည်တံ့ ခိုင်မြဲမှာ ဖြစ်တယ်။ တို့တပ်မတော်သားတွေရဲ့ ယုံကြည်ချက် ခံယူချက်ကတော့-
  • ပြည်ထောင်စု မပြိုကွဲရေး
  • တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး
  • အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
ဆိုတဲ့ တို့တာဝန် အရေးသုံးပါးဘဲ ဖြစ်တယ်။ တို့တပ်မတော်သားတွေ အနေနဲ့ ဘာလုပ်ငန်းလုပ်လုပ် အမျိုးသားရေး တာဝန်ဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါးအတွက်ဘဲ လုပ်ကိုင်နေတာ ဖြစ်တယ်။ စစ်တိုက်တဲ့ အဓိက လုပ်ငန်း အပါအ၀င် ပေးအပ်တဲ့ ကျရာတာဝန်တွေကို ထမ်းဆောင်ရာမှာ ဒို့တာဝန် အရေးသုံးပါးကို ဦးတည် လုပ်ကိုင်နေတာ တွေ့ရမယ်။ ဒို့တာဝန် အရေးသုံးပါးကို ထိပါးမယ့် ဘယ်အန္တရာယ်မျိုးကိုမဆို အသက်စွန့် ကာကွယ်ကြဖို့ ရဲဘော်တို့ကို မှာကြားလိုတယ်။
ရဲဘော်တို့ဟာ ဒိုတာဝန် အရေးသုံးပါးအတွက် ဦးတည်လုပ်ဆောင်ရင်း တို့တပ်မတော်ရဲ့ အဓိက တာဝန်ကြီး သုံးရပ်ကိုလည်း ထိရောက်စွာ ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ တို့ရဲ့ အဓိက တာဝန်သုံးရပ်ကတော့-
  • နိုင်ငံတော် ကာကွယ်ရေး တာဝန်
  • လေ့ကျင့်ရေးတာဝန်
  • ပြည်သူ့ အကျိုးပြု လုပ်ငန်း တာဝန်
တို့ဘဲ ဖြစ်တယ်။ ဒီတာဝန် သုံးရပ်ကို ရဲဘော်တို့ ရောက်ရာဒေသ ရတဲ့အချိန်မှာ မမေ့မလျော့ အောင်မြင်အောင် ထမ်းဆောင်သွားကြဖို့ ရဲဘော်တို့ကို အလေးအနက် မှာကြားလိုတယ်။
ရဲဘော်တို့
ရဲဘော်တို့ဟာ မိမိ တာဝန်ကျရာ အရပ်ဒေသမှာ တပ်စုမှူး ခေါင်းဆောင်ငယ် တစ်ဦးအနေနဲ့ မိမိ လက်အောက် ငယ်သားများကို ထိန်းသိမ်းကွပ်ကဲပြီး တိုက်ပွဲဝင်သွား ကြရမယ့် အရာရှိများ ဖြစ်တဲ့အလျောက် လက်အောက်ငယ်သားများအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်များအတိုင်း တော်တည့်မှန်ကန်စွာ အုပ်ချုပ်ကွပ်ကဲသွားကြဖို့ မှာကြားလိုတယ်။ လက်အောက်ငယ်သားများအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ် ငါးပါးကတော့-
  • ငယ်သားများအား ကျောသားရင်သား မခွဲခြားဘဲ တရားမျှတစွာ ကွပ်ကဲ အုပ်ချုပ်ပါ။
  • ငယ်သားများအား စံနမူနာကောင်းပြပါ။ အနစ်နာခံ၍ မှန်ကန်စွာ ခေါင်းဆောင်ပါ။
  • ငယ်သားများ၏ တင်ပြချက်များကို အရေးတယူ မှတ်သားနားထောင်ပါ။
  • ငယ်သားများအပေါ် သစ္စာစောင့်သိ၍ အပြည့်အ၀ ယုံကြည်အားကိုးပါ။
  • ငယ်သားများ၏ သက်သာချောင်ချိရေး၊ ပျော်ရွှင်ရေး၊ ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပါ။
စတဲ့ အချက်တွေဘဲ ဖြစ်တယ်။
ရဲဘော်တို့
အသက်ကို စွန့်လွှတ်ရန် သစ္စာပြုထားကြတဲ့ တပ်မတော်သားတွေဟာ တိုက်လိုခိုက်လိုစိတ် ပြင်းပြဖို့ လိုအပ်တယ်။ တပ်မတော်ရဲ့ မူလ တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်တယ်။ ဒါကြောင့် တပ်မတော်သားတစ်ယောက် ဖြစ်လာရင် တိုက်ပွဲ အတွေ့အကြုံ ရှိရမယ်။ အတွေ့အကြုံ များပြားမှုဟာ အောင်မြင်မှုကို အလွယ်တကူ ဆွတ်လှမ်းနိုင်ပြီး အောင်မြင်မှုများက ယုံကြည်မှုကို ဖြစ်ပေါ်စေတာ ဖြစ်တယ်။ မိမိတပ်ဖွဲ့ကို မိမိ ယုံကြည်လေ တိုက်လိုခိုက်လိုစိတ် ပြင်းပြလေဘဲ ဖြစ်တယ်။ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ ဆိုတဲ့ သစ္စာ အဓိဌာန်ဟာ အသက်ကို ပဓာန မထားဘဲ ရဲဝံ့ စွန့်စားဖို့အတွက် သစ္စာပြုခြင်းဘဲ ဖြစ်တယ်။ ရဲသော်မသေ ဆိုတဲ့ စကားအတိုင်း ရဲဝံ့ စွန့်စားသူ မှန်သမျှဟာ အသက်ကို မစွန့် လွှတ်ရဘဲ အောင်မြင်မှုတွေ ရရှိမှာ ဖြစ်တယ်။
ရဲဘော်တို့
ဒို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ အင်အားတောင့်တင်းပြီး စွမ်းရည် ပြည့်ဝတဲ့ ခေတ်မီ တပ်မတော်ကြီး တည်ဆောက်ရာမှာ စွမ်းရည် သုံးရပ် ထက်မြက် မြင့်မားဖို့ အထူး လိုအပ်တယ်။ စစ်ရေးစွမ်းရည် အုပ်ချုပ်ရေးစွမ်းရည် စည်းရုံးရေးစွမ်းရည် ဆိုတဲ့ စွမ်းရည် သုံးရပ် အနက်က စည်းရုံးရေးစွမ်းရည်ဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လျက်ရှိတယ်ဆိုတာ ရဲဘော်တို့ နားလည်ဖို့ လိုတယ်။ စည်းလုံးညီညွတ်မှုကို တည်ဆောက်လိုတဲ့အခါမှာ စည်းရုံးရေး စွမ်းရည်နဲ့ တည်ဆောက်ယူရမှာ ဖြစ်တယ်။ တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့အတွက် တပ်မတော်အတွင်း စည်းလုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်ရမှာ ဖြစ်တယ်။ ခုချိန်ခါမှာဆိုရင် ပြည်တွင်းပြည်ပ အဖျက်သမားများရဲ့ အမှောင့် ပယောဂကြောင့် တို့တပ်မတော်အတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားအောင် ကြံရွယ် လုပ်ဆောင်လာကြတာကို တွေ့ရှိရတယ်။ အဖျက်သမားတွေရဲ့ အမှောင့် ပယောဂကို တွန်းလှန် ချေမှုန်းဖို့အတွက် တပ်မတော် တစ်ရပ်လုံး စည်းလုံးညီညွတ်မှု မပျက်ပြားရလေအောင် တပ်တွင်း စည်းလုံးညီညွတ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် တပ်မတော် စည်းရုံးရေး ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်း ဆောင်ရွက်နေတာကို ရဲဘော်တို့ အသိပဲ ဖြစ်တယ်။ ရဲဘော်တို့ အနေနဲ့လည်း သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ကြတဲ့အခါမှာ ဖွဲ့စည်း ထားရှိတဲ့ တပ်မတော် စည်းရုံးရေး ကော်မတီ အဆင့်ဆင့်မှာ ပါဝင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ဒီလို ဆောင်ရွက်ကြတဲ့ အခါမှာ အင်အား တောင့်တင်း ခိုင်မာပြီး စည်းလုံးညီညွတ်တဲ့ တပ်မတော်ကြီး ဖြစ်ဖို့ အတွက် ထက်မြက် မြင့်မားတဲ့ စည်းရုံးရေး စွမ်းရည်နဲ့ ရဲဘော်တို့ စည်းရုံး ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်။
ရဲဘော်တို့
စစ်ရေး စည်းရုံးရေး အုပ်ချုပ်ရေးဆိုတဲ့ စွမ်းရည်သုံးရပ် ပြည့်စုံမှု ရှိရမယ် ဆိုတဲ့အပိုင်းမှာ စစ်ရေးစွမ်းရည် ပြည့်ဝဖို့အတွက် အချိန်မရွေး တိုက်ပွဲဝင်နိုင်အောင် အကြီးအကဲများ လမ်းညွှန်မှု ပြုထားတဲ့-
  • အမြဲတမ်း လေ့ကျင့်ရမယ်
  • အမြဲတမ်း စစ်ရေးသတိ ရှိရမယ်
  • အမြဲတမ်း တိုက်ပွဲဝင် အသင့် ဖြစ်ရမယ်
ဆိုတဲ့ မြဲသုံးမြဲနဲ့ ညီညွတ်အောင် ကြိုးစား ဆောင်ရွက်ရမယ်။ စည်းရုံးရေး စွမ်းရည်နဲ့ ပတ်သက်လို့ သက်သာချောင်ချိရေး ကိစ္စတွေကို မိမိ ရဲဘော်ရဲဘက် မိသားစုများ အပါအ၀င် ခံစားပိုင်ခွင့် ရှိအောင် တတ်နိုင်သမျှ စွမ်းဆောင်ပေးရမယ်။ စိတ်ဓာတ်ရေးရာအပိုင်း ကြံ့ခိုင်မှုများ မြင့်မားလာအောင် စည်းရုံး မြှင့်တင်ပေးဖို့ လိုအပ်တယ်။ အုပ်ချုပ်ရေးစွမ်းရည်ပိုင်း မြင့်မားအောင် တည်ဆောက်ရာမှာ စစ်ဦးစီး စစ်ရေး စစ်ထောက်ဆိုင်ရာ ပညာရပ်တွေကို ဆင့်ကဲ လေ့လာ ဆည်းပူးသွားကြရဦးမှာ ဖြစ်တယ်။ ဒီပညာရပ်တွေ အပြင် အထက်အကြီးအကဲများနဲ့ ရဲဘော်ရဲဘက်များထံမှ စစ်မြေပြင် အတွေ့အကြုံ လုပ်ငန်း အတွေ့အကြုံ တွေကိုပါ ရယူဆင့်ပွားပြီး အုပ်ချုပ်ရေးစွမ်းရည် မြင့်မားအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ မိမိကို ပေးအပ်တဲ့ တာဝန် ကျေပွန်ဖို့နဲ့ ရည်မှန်းချက် အောင်မြင်အောင်-
  • အလုပ်ကို ဖိဖိစီးစီး အားကြိုးမာန်တက် လုပ်
  • အကြံအစည်ကောင်း အကြံကောင်း ဥာဏ်ကောင်းထုတ် တိုင်းပြည် တိုးတက်အောင်လုပ်
  • အောက်ခြေထိဆင်း အောင်မြင်အောင်လုပ် ဆိုတဲ့ အထက်အကြီးအကဲများ လမ်းညွှန်ချက် အ-သုံးလုံးကို ဆောင်ပြီး ကြိုးစားလုပ်ဆောင်ကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့
ဒီနေ့ နိုင်ငံတကာ အခြေအနေကို လေ့လာကြည့်မယ်ဆိုရင် အင်အားကြီးတဲ့ နိုင်ငံ အချို့ဟာ အခြား နိုင်ငံများရဲ့ ပြည်တွင်းရေးတွေမှာ ၀င်ရောက် စွက်ဖက် လွှမ်းမိုး ချယ်လှယ်နိုင်ဖို့ အဲဒီ နိုင်ငံတွင်းက တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်း ကွဲပြားအောင် မသမာတဲ့ သတင်း ဖြန့်ချီရေး နည်းလမ်းတွေနဲ့ လှုံ့ဆော်လေ့ရှိတယ်။ နိုင်ငံအတွင်း အချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲစ ပြုလာပြီ ဆိုရင် လူကြားကောင်းအောင် အကြောင်းအမျိုးမျိုး ပြပြီး စစ်ရေးအရ ကျူးကျော် ၀င်ရောက်တတ်ကြတယ်။ ဒါကြောင့် ၂၁ ရာစုရဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်နိုင်ရေးဟာ ဒို့တပ်မတော်ရဲ့ အနာဂတ် ရည်မှန်းချက်ဘဲ ဖြစ်တယ်။ တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီ တပ်မတော် ဖြစ်လာအောင် မဖြစ်မနေ တည်ဆောက်ရမှာ ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ ခေတ်သစ်စစ်ပွဲကို ကိုယ့်မှာရှိသမျှ စွမ်းအားစုတွေနဲ့ ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားရမယ်။ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အနေနဲ့ ပြည်ထောင်စု တိုင်းရင်းသား အားလုံးဟာ ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှ ပူးပေါင်းနေထိုင်လိုတဲ့ တစ်စည်းတစ်လုံး တစ်ညီ တစ်ညွတ်တည်းသော မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်နေအောင် တည်ဆောက်ပေးရမယ်။ ဒို့တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်နေသမျှ ကာလပတ်လုံး ဘယ်လို ရန်သူမျိုးကမှ သပ်လျှို သွေးခွဲ နှောင့်ယှက် နိုင်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ ဒါ့အပြင် စည်းလုံးခြင်းသည် အင်အား ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ခေတ်သစ် စစ်ပွဲကို စိတ်ဓာတ်နဲ့ အနိုင်ယူနိုင်တဲ့ ကမ္ဘာ့စစ်ပွဲ သာဓကတွေ ရှိခဲ့ကြောင်း ပြောကြားလိုတယ်။
ရဲဘော်တို့
ရဲဘော်တို့ဟာ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ပေးခြင်း ခံရသူတွေ ဖြစ်တဲ့အတွက် ထိုးထွင်းကြံဆ လုပ်ဆောင်တတ်မှုနဲ့ တီထွင်လုပ်ကိုင် ဆောင်ရွက်တတ်ဖို့ အထူး လိုအပ်တယ်။ ခေတ်မီ ဆန်းသစ်လာတဲ့ ကွပ်ကဲမှုနဲ့ ကြီးကြပ်မှု စနစ်တွေကို နားလည် တတ်ကျွမ်းအောင် ကြိုးစား အားထုတ်ကြရမယ်။ ဗဟုသုတ ကြွယ်ဝပြီး လေ့လာလိုစိတ် ရှိရမယ်။ ဒါ့အပြင် ရဲဘော်တို့ဟာ ရည်မှန်းချက်တာဝန် အောင်မြင်ဖို့အတွက် တပ်ဖွဲ့ဝင်တွေက ယုံကြည်ကိုးစားမှု ခံရတဲ့ ခေါင်းဆောင်ဖြစ်အောင် အကျင့်စာရိတ္တ ကောင်းရမယ်။ စိတ်ဓာတ် ကောင်းရမယ်။ သစ္စာရှိရမယ်။ တပ်မှူးကောင်း စိတ်ဓာတ်နဲ့ မိဘသဖွယ် စိတ်ဓာတ် ရှိရမယ်။ စည်းကမ်းအရာမှာ စံနမူနာပြ ဖြစ်ရမယ်။ တပ်၏ ကောင်းရာ ကောင်းကျိုးအတွက် အစဉ် ကြိုးပမ်း ဆောင်ရွက်လိုစိတ် ရှိရမယ်။ ဇွဲ လုံ့လ ၀ီရိယနဲ့ ကြိုးစားမှု ရှိရမယ်။ စိတ်ရင်း စေတနာကောင်း ရှိရမယ်။ တစ်ညီတစ်ညွတ်တည်း စုပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်း စိတ်ဓာတ် ရှိရမယ်။ သတ္တိ ဗျတ္တိ ရှိရမယ်။ မိမိ ခေါင်းဆောင်သည့် အဖွဲ့အစည်းအား အမြဲ စည်းလုံးညီညွတ်မှု ရှိနေအောင် တည်ဆောက်နိုင်စွမ်း ရှိရမယ်။ အခွင့်အရေးနှင့် ယှဉ်လာလျှင် မိမိက အမြဲ အနစ်နာ ခံတတ်ရမယ်။ စွမ်းရည်သုံးရပ် ပြည့်စုံရမယ်။ ဒီအချက်တွေဟာ ခေါင်းဆောင်မှု အင်္ဂါရပ်တွေပဲ ဖြစ်တယ်။ ခေါင်းဆောင်မှု အင်္ဂါရပ်ဆိုတာ မွေးရာပါ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရမယ့် အရည်အချင်းတွေပဲ ဖြစ်တယ်။ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံမှသာ တပ်မတော်ရဲ့ အဓိက တာဝန်သုံးရပ်ဖြစ်တဲ့-
  • နိုင်ငံတော် ကာကွယ်ရေး တာဝန်
  • လေ့ကျင့်ရေး တာဝန်
  • ပြည်သူ့ အကျိုးပြု တာဝန
်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြရမှာ ဖြစ်တယ်။
ရဲဘော်တို့
နိုင်ငံတော် ကာကွယ်ရေး တာဝန်ဆိုတာ တစ်နည်းအားဖြင့်တော့ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မယ့် တာဝန်တွေပဲ ဖြစ်တယ်။ ဒီတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် အမြဲတမ်း လေ့ကျင့်ရမယ်။ အမြဲ စစ်ရေး သတိရှိရမယ်။ အမြဲ တိုက်ပွဲဝင် အသင့် ဖြစ်ရမယ်ဆိုတဲ့ မြဲသုံးမြဲကို သတိမလစ်ဆောင်ရွက်နေရမှာ ဖြစ်တယ်။ ဒါကြောင့်လဲ ယနေ့ အချိန်အခါမှာ တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ တပ်မတော် ဖြစ်အောင် တည်ဆောက်နေတာ ဖြစ်တယ်။ တပ်တည်ဆောက်ရေး လုပ်ငန်း တာဝန်ကြီး လေးရပ်ကိုလည်း သတ်မှတ်ပေးထားပြီး ဖြစ်တယ်။ အဲဒီ လုပ်ငန်း တာဝန်တွေကတော့-
  • တပ်ကို လေ့ကျင့်ရေးနဲ့ တည်ဆောက်
  • တပ်ကို အုပ်ချုပ်ရေးနဲ့ တည်ဆောက်
  • တပ်ကို သက်သာချောင်ချိရေးနဲ့ တည်ဆောက်
  • တပ်ကို စိတ်ဓာတ်နဲ့ တည်ဆောက်
ဆိုတဲ့ အချက်တွေပဲ ဖြစ်တယ်။
တပ်မတော်ဆိုတာ အချိန်နဲ့ အမျှ လေ့ကျင့်နေရမယ့် အဖွဲ့အစည်းပဲ ဖြစ်တယ်။ လေ့ကျင့်မှု မပြတ်ပါမှ တန်ကာကျမယ့် လုပ်ငန်း သဘာဝမျိုးလည်း ဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့ဟာ မိမိကိုယ်ကို မိမိ လေ့ကျင့်ရင်းနဲ့ တပ်ဖွဲ့ဝင်များအပေါ် လေ့ကျင့်ရေးတို့ကို စိတ်အားထက်သန်စွာ ဆောင်ရွက် သွားကြဖို့ မှာကြားလိုတယ်။ ဒါ့အပြင် အုပ်ချုပ်မှု ကောင်းခြင်းဟာလည်း စစ်ပွဲရဲ့ အားသာချက် တစ်ရပ် ဖြစ်တာကြောင့် စစ်ဦးစီး စစ်ရေးနဲ့ စစ်ထောက်ဆိုင်ရာ လုပ်ငန်းတွေကို ကျွမ်းကျွမ်း ကျင်ကျင် ဆောင်ရွက်နိုင်အောင် ကြိုးစားကြဖို့ မှာကြားလိုတယ်။ တပ်ကို သက်သာချောင်ချိရေးနဲ့ တည်ဆောက်ရခြင်းဟာ မျိုးချစ်တပ်မတော် ဖြစ်တဲ့ ဒို့ တပ်မတော်မှာ လုပ်ငန်းတာဝန်နဲ့ ပတ်သက်လာရင် တပ်မှူးကောင်းစိတ်ဓာတ်နဲ့ အမိန့်ပေး ဆောင်ရွက်ရပြီး ကျန်တဲ့ အပိုင်းတွေမှာတော့ မိဘသဖွယ် စိတ်ဓာတ်နဲ့ တပ်ဖွဲ့ဝင်တွေကို စောင့်ရှောက်ရတာကြောင့် ဖြစ်တယ်။ မိဘဟာ သားသမီးတွေရဲ့ စားဝတ်နေရေးကို အဆင်ပြေအောင် ကြည့်ရှု စောင့်ရှောက်ရသလို ရဲဘော်တို့ဟာ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ သက်သာချောင်ချိရေးကို အထူး ဂရုစိုက်ပြီး ဆောင်ရွက်ပေးကြဖို့ မှာကြားလိုတယ်။ တပ်ကို စိတ်ဓာတ်နဲ့ တည်ဆောက်ရာမှာ ယုံကြည်ချက် ခံယူချက်နဲ့ တည်ဆောက်ရမှာ ဖြစ်တယ်။ တပ်မတော်ရဲ့ ယုံကြည်ချက်ဟာ ဒို့တာဝန် အရေးသုံးပါးပဲ ဖြစ်တယ်။ ဒီယုံကြည်ချက်ကို တပ်မတော်သားတိုင်း ခံယူထားမယ်ဆိုရင် လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ် တပ်မတော်ရဲ့ အစဉ်အလာကို အသက်ပေး စောင့်ထိန်းလိုသည့် စိတ်ဓာတ်တွေကို အလွယ်တကူ လှုံ့ဆော်ပေးနိုင်မှာပဲ ဖြစ်တယ်။ ဒါ့ကြောင့် ရဲဘော်တို့ဟာ တပ်တည်ဆောက်ရေး တာဝန်ကြီး လေးရပ်ကို အလေးထား ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါမှသာ တပ်တိုင်း ရဲဘော်တိုင်းမှာ စိတ်ဓာတ် စည်းကမ်း သစ္စာ စည်းလုံးမှုနဲ့ စွမ်းရည်သုံးရပ် ပြည့်စုံမှု ဆိုတဲ့ အခြေခံ အရည်အချင်း ငါးပါးကို ရရှိလာလိမ့်မယ်။ အဲဒီ အခြေခံ အရည်အချင်း ငါးပါးဟာ တပ်မတော် အားဆယ်ပါးရဲ့ အနှစ်ချုပ်ပဲ ဖြစ်တယ်။
ရဲဘော်တို့
စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ အနည်းငယ် ပြောကြားလိုတယ်။ စစ်သည်တော်တိုင်း တစ်ဦးချင်းအနေနဲ့ ပြုကျင့်ရမယ့် ကျင့်ဝတ်များမှာ စည်းကမ်းကို တိကျစွာ လိုက်နာပါ ဆိုတဲ့ အချက် ပါရှိတယ်။ စည်းကမ်းဟာ တပ်မတော်ရဲ့ အဓိက မဏ္ဍိုင်ဖြစ်တယ်။ တပ်မတော်ကြီး အင်အား တောင့်တင်းပြီး အရာရာမှာ အောင်ပွဲဆင် နိုင်ဖို့အတွက် စည်းကမ်းကောင်းတဲ့ တပ်မတော်ဖြစ်ဖို့ အထူး လိုအပ်တယ်။ တပ်မတော်မှာ ခေါင်းဆောင်ငယ်တစ်ဦး အဖြစ်နဲ့ တာဝန်ထမ်းဆောင်ရမယ့် ရဲဘော်တို့ဟာလည်း စည်းကမ်းအရာမှာ စံနမူနာပြဖြစ်ဖို့ လိုတယ်။ စည်းကမ်းကို မိမိကိုယ်တိုင် လိုက်နာ စောင့်ထိန်းပြီး ရဲဘော်တစ်ဦးချင်း လိုက်နာ စောင့်ထိန်းတတ်အောင် မိမိက သွန်သင် ဆုံးမ ကြပ်မတ်ဖို့ လိုတယ်။ ရဲဘော် တစ်ဦးချင်း စည်းကမ်းလိုက်နာ စောင့်ထိန်းတတ်ဖို့အတွက် တစ်ဦးချင်း ကိုယ်ကျင့်တရား ကောင်းဖို့ လိုတယ်။ ဒို့တပ်မတော်မှာ စစ်သည်တော်ကောင်း တစ်ဦး ဖြစ်လာနိုင်ဖို့အတွက် စစ်သည်တော်ကျင့်ဝတ် ခြောက်ဆယ်ကို ချမှတ် ပေးထားပြီး ဖြစ်တယ်။ စစ်သည်တော် ကျင့်ဝတ်တိုင်းကို ရဲဘော်အားလုံး လိုက်နာ ကျင့်ကြံ ထိန်းသိမ်းနိုင်ရင် စစ်စည်းကမ်းကောင်းမွန်တဲ့ တပ်မတော်တစ်ရပ် ဖြစ်လာမှာဘဲ ဖြစ်တယ်။ ဒါကြောင့် အရည်အသွေး မြင့်မားပြီး ပြည်သူလူထု ကြည်ညို ကိုးစားခြင်း ခံရတဲ့ စစ်စည်းကမ်း ကောင်းမွန်တဲ့ တပ်မတော်ကြီး ဖြစ်လာစေဖို့ ဒို့တပ်မတော်သားတိုင်းဟာ စစ်သည်တော် ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်း လိုက်နာကြဖို့ မှာကြားလိုတယ်။
နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ ရဲဘော်တို့ဟာ အမျိုးသားရေး တာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ကြပါ။ ခေတ်မီ တိုးတက်သော စစ်ရေးဆိုင်ရာ သိပ္ပံ နည်းပညာများကို ကျွမ်းကျင် တတ်မြောက်အောင် ဆည်းပူး လေ့လာ လေ့ကျင့် သင်ကြားကြပါ။ ဒို့တပ်မတော်ကြီး အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီ တပ်မတော် ဖြစ်လာအောင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှစ်ဖြာစလုံး တိုးတက်မြင့်မားလာအောင် ကြိုးစား ဆောင်ရွက်ကြပါ။ အထက်အကြီးအကဲများထံမှ ကောင်းတဲ့ အချက်များကိုသာ အတုယူပြီး မိမိ လက်အောက် ငယ်သားများကိုလည်း ကောင်းတဲ့အချက်များကိုသာ စံနမူနာပြပါ။ စစ်စည်းကမ်းကောင်းတဲ့ တပ်မတော်ကြီး ဖြစ်လာအောင် စစ်သည်တော်ကျင့်ဝတ်ကို တစ်သဝေမတိမ်း လိုက်နာ စောင့်ထိန်းကြပါ။ မိမိဘ၀ တိုးတက် မြင့်မားရေးအတွက် တာဝန်သိသိ သစ္စာရှိရှိဖြင့် ရိုးသားစွာ ကြိုးစား ဆောင်ရွက်ပြီး စိတ်ဓာတ် မြင့်မား ကြံ့ခိုင်တဲ့ တပ်မတော်အတွက် ဂုဏ်ယူ အားထားလောက်တဲ့ အရာရှိကောင်းတစ်ယောက်ဖြစ်လာအောင် ကြိုးစား အားထုတ်ကြပါလို့ အလေးအနက် မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။

No comments: