Thursday, July 24, 2008

မြ၀တီ

သူငယ်ချင်းတို့
ငါတို့ဟာ ဘ၀ လမ်းဆုံလို့ ပြောကြတဲ့ ဆယ်တန်းဆိုတဲ့ တံတိုင်းကြီးကို ကျော်လွန်ပြီး အမျိုးမျိုးသော ရည်ရွယ်ချက် ခံယူချက်တွေနဲ့ ဒီကျောင်းတော်ကြီးကို ရောက်လာခဲ့တယ်။
၁၉၉၈ ခုနှစ် မေလ ၃ ရက်နေ့ကစပြီး ငါတို့ရဲ့ စစ်သားဘ၀ဟာ စခဲ့တယ်လေ။ လူငယ်ဘ၀ရဲ့ လွတ်လပ်မှု အခွင့်အရေးတွေကို စွန့်လွှတ်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပခုံးချင်းဖက် လက်ချင်းယှက်ပြီး မြ၀တီ ဆိုတဲ့ တပ်ခွဲမှာ အေးအတူ ပူအမျှ နေလာခဲ့ကြတယ်။
၂၀၀၁ ခုနှစ် ဧပြီလ ၆ ရက် ဆိုရင် ငါတို့ဟာ နယ်ပယ်ဒေသ အသီးသီးမှာ တာဝန် ထမ်းဆောင်ကြတော့မယ်။
မကြာတော့တဲ့ အချိန်တာကို ကျော်လွန်ပြီးရင် ငါတို့ရဲ့ ပညာတွေနဲ့အတူ ကြံစည်ချက်တွေကို မျက်မြင်ကိုယ်တွေ့ ဖြစ်လာအောင် သရုပ်ဖော် ပြကြရတော့မယ်။ ငါတို့ရဲ့ ရနံ့တွေဟာ သမိုင်းတလျှောက်လုံးမှာ ထင်ကျန်ခဲ့မှာ ဖြစ်တယ်။ ဒါကြောင့် မွှေးပျံ့ ထုံသင်းနေဖို့ပဲ အားထုတ်ကြပါ။ အမှိုက်ပုံထဲက ရနံ့တွေလို ရာဇ၀င်တစ်ခုလို ကပ်ညိပြီး ထင်ကျန်ခဲ့တာမျိုး မဖြစ်ကြစေနဲ့။ စိုက်သောအပင်ရဲ့ အသီးကိုသာ စားကြရလိမ့်မယ်။
ကိုယ့်ကိုယ်ကို စီရင်နိုင်တဲ့ တရားသူကြီးတွေ ဖြစ်စေချင်တယ်။ တောင်ထိပ်ကို အားလုံး မရောက်ခဲ့ရင်တောင် ချောက်ထဲကိုတော့ တစ်ဦးတစ်ယောက်တောင် ဘယ်လိုအကြောင်းနဲ့မှ မကျဆင်းပါစေနဲ့။
ဘုံဖျားဆီကို စိတ်ထားတွေ ပို့ဆောင်နိုင်မှ ချုံကြားထဲကဘ၀ဆိုတာ လွတ်မြောက်နိုင်မယ်။ ငါတို့ရဲ့ တန်ဖိုးဆိုတာတွေဟာ မြင့်မြတ်စေမယ့် ဘုန်းတန်ခိုးတွေပဲ မဟုတ်လား။ အဲဒါကြောင့် တန်ခိုးကြီးသူတွေ ဖြစ်လာဖို့ဆိုတာ တန်ဖိုးမြင့်သူများ ဖြစ်အောင် ပထမဆုံး ကြိုးပမ်းကြရမယ်။ (အတော်ဆုံးလူတွေဆီကို အကြီးမားဆုံး ပြဿနာတွေ ရောက်လာစမြဲပဲ။)
စိတ်ဓာတ်တွေ ပျက်နေကြရင် ဒုက္ခတွေ ကြီးမားလာမယ်။ စိတ်ညစ်နေကြရင်လည်း မောဟတွေနဲ့ပဲ ဖုံးလွှမ်းသွားမယ်။ စူးစိုက်နိုင်တဲ့ သမာဓိဆိုတာ တို့အတွက် တန်ခိုးကြီးစေနိုင်တဲ့ အဖော်မွန်ကောင်း တစ်ဦးပါပဲ။ ဘ၀မှာ ကြုံတွေ့ ကြရမယ့် စိတ်ဆင်းရဲဒုက္ခ ငြိုငြင်ခြင်းတွေကို ပေပေါ်မှာတင်ပြီး ငါတို့ရဲ့ အစွမ်းသတ္တိတွေနဲ့ ထုလုပ်ပစ်ကြရမယ်။ အလျှော့မပေးတဲ့ စိတ်ဓာတ်တွေနဲ့ အတူ အခက်အခဲတွေကို ကျော်လွှားသွားကြပါ။ လောကဓံဆိုတာ အမောခံနိုင်ဖို့ပဲ လိုတာပါ။ ဘယ်သူ့ရဲ့ စော်ကားခြင်းကိုမှ မခံဘူးဆိုတဲ့ စိတ်ထားဟာ တို့အတွက် အလုံခြုံဆုံး စိတ်ထားတစ်ခုပါပဲ။
တစ်ချိန်ချိန်မှာ တပ်မတော်ရဲ့ လုပ်ငန်းတာဝန်တွေကို အကြောင်းအမျိုးမျိုးကြောင့် ထမ်းဆောင်ခွင့် မရတော့ရင်လည်း ကိုယ့်ကိုယ်ကို အစွယ်နုတ်ခံရတဲ့ မြွေပမာ စိတ်ခွန်အားနဲ့ ဇွဲမာန်သတ္တိတွေကို ချမပစ်ပါနဲ့။ ဇောင်းကနေ လွှတ်ပေးလိုက်တဲ့ မြင်းပမာ လွတ်လပ်စွာနဲ့ ကိုယ့်ဝါသနာအတိုင်း စိတ်ဝင်စားရာမှာ ထူးချွန်ခြင်းတွေနဲ့ အတူ မွေ့လျော်ကြပြီး သတင်းကျော်သူတွေဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။
မကောင်းတဲ့ စရိုက်ဆိုးတွေကို အမှတ်တမဲ့အနေနဲ့တောင် ကြီးထွားခွင့် မပေးကြပါနဲ့။ ဘာကြောင့်လဲဆိုတော့ အကျင့်စရိုက်ဆိုတာ အကောင်းဆုံး ကျေးကျွန် ဖြစ်လာတတ်သလိုပဲ အဆိုးရွားဆုံး အရှင်သခင်လည်း ဖြစ်နိုင်တာပဲ။ တို့လို အရာရှိ လုပ်ကြမယ့် သူတွေ အတွက်တော့ ဓန ကြွယ်ဝရေး သက်သက် အတွက်ကိုပဲ ရည်မှန်းထားတဲ့ ပုဂ္ဂိုမျိုးတွေ မဖြစ်စေလိုဘူး။ ရွှေ ငွေ ကိုပဲ တန်ခိုးကြီးပြီး တန်ဖိုး မဖြတ်နိုင်ဘူးလို့ မယူဆထားကြပါနဲ့။ စိတ်ဓာတ် စိတ်မြတ်တွေရဲ့ အဖိုးတန်ပုံကိုလည်း သဘောပေါက် ထားစေလိုတယ်။
ရှေးဘ၀ ရေစက်ကြောင့် ဆုံဆည်းခဲ့ကြတဲ့ ငါတို့ သူငယ်ချင်းတွေ ဘယ်ဘ၀ ဘယ်အခြေအနေပဲ ရောက်ရောက် ငါတို့ရဲ့ နှလုံးသားတွေထဲမှာ ထာဝရ စွဲမြဲစွာ အမှတ်ရနေမှာပါ။
သူငယ်ချင်း အားလုံးအတွက် နောက်ဆုံးအနေနဲ့ ဆန္ဒပြု သတိပေးလိုတာက ပညတ်ချက်တစ်ခုအနေနဲ့ သတ်မှတ်ခြင်း ခံရတဲ့ အရာရှိမျိုးတွေ မဖြစ်ကြပါစေနဲ့။ ကိုယ့်ရဲ့ Intake ကို အဆိပ်ခတ်မိတဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်မိစေနဲ့။
မြ၀တီ တပ်ခွဲနဲ့အတူ 43rd Intake ဟာ ကမ္ဘာကျေသော်လည်း ဥဒါန်း မကျေ ဖြစ်နေရမယ်။
ဗလအောင်သူရ

No comments: