Saturday, July 26, 2008

သတိုးမဟာဗန္ဓုလ


-->

မဟာဗန္ဓုလသည် မြန်မာ့သမိုင်းတွင် ထင်ရှားသော စစ်သူကြီး ဖြစ်သည်။ ရွာငယ်လေးတွင် မထင်မရှားသော အမျိုးအနွယ်မှ ဖွားမြင်ခဲ့သော်လည်း ရဲစွမ်းသတ္တိရှိ၍ စစ်ရေးစစ်ရာတွင် ထူးချွန်သောကြောင့် စစ်သူကြီးဖြစ်လာသူ ဖြစ်သည်။ ဘွဲ့အမည် အပြည့်အစုံမှာ စစ်သူကြီး သတိုးဓမ္မမဟာဗန္ဓုလ ဖြစ်သည်။ သတိုးဘွဲ့သည် မင်းညီမင်းသားတို့သာ ခံယူရရှိသည့် ဘွဲ့ဖြစ်သည်။ စစ်သူကြီးဘွဲ့သည် အိမ်ရှေ့မင်းသားတို့သာ ရရှိသော ဘွဲ့ဖြစ်သည်။ အရည်အချင်း အထူးပြည့်စုံလှသဖြင့် ထိုဘွဲ့များ ပေးအပ်ခံရခြင်း ဖြစ်သည်။
မဟာဗန္ဓုလ၏ ငယ်မည်မှာ မောင်ရစ်ဖြစ်သည်။ မြန်မာသက္ကရာဇ် ၁၁၄၄ ခု (ခရစ်နှစ် 1782 ) တွင် အလုံတိုက်နယ် ငပယင်းရွာတွင် ဖွားမြင်သည်။ အဖ ဦးပေါက်တော အမိ ဒေါ်မိငြိမ်းတို့၏ သားဖြစ်သည်။
မောင်ရစ်သည် ရှေးဦးစွာ ငပယင်းရွာဦးကျောင်း ဆရာတော်ထံ၌ ပညာဆည်းပူးသည်။ ထို့နောက် မိဘလက်ငုတ်ဖြစ်သော နှမ်းခင်းအလုပ်ကို လုပ်ကိုင်သည်။ မင်းမှုထမ်းလုပ်လိုသဖြင့် အမရပူရ နေပြည်တော်သို့ တက်ခဲ့သည်။ ထိုအချိန်တွင် မင်းပြုနေသူမှာ ဘိုးတော်ဘုရားဖြစ်သည်။
မောင်ရစ်သည် ရှေးဦးစွာ ဘိုးတော်ဘုရား၏သားတော် အိမ်ရှေ့မင်းထံတွင် ၀င်ရောက်မှုထမ်းသည်။ ကိုယ်ရံတော်အဆင့်သို့ ရောက်ရှိခဲ့သည်။ အိမ်ရှေ့မင်း နတ်ရွာစံသွားရာ စစ်ကိုင်းမင်းသားသည် အိမ်ရှေ့အရာကို ဆက်ခံသည်။ မောင်ရစ်သည် အိမ်ရှေ့မင်းသစ်ထံ၌ ဆက်လက်အမှုထမ်းသည်။ အိမ်ရှေ့မင်းသစ်သည် မောင်ရစ်ကို အရေးတယူ မရှိလှချေ။ ထို့ကြောင့် တစ်ခုသော ညီလာခံတွင် မောင်ရစ်သည် အမှုထမ်း နန္ဒဗလကို ထုထောင်းရာ ညီလာခံတွင် ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ အိမ်ရှေ့မင်းသည် အမျက်ရှကာ မောင်ရစ်အား ချုပ်နှောင်စစ်ဆေးသည်။ မောင်ရစ်က မိမိကို အရေးတယူ မရှိသဖြင့် အရေးတယူရှိလာစေရန် ဤသို့ထုထောင်းရခြင်းဖြစ်ကြောင်း ရဲဝံ့စွာ လျှောက်တင်သည်။
အိမ်ရှေ့မင်းသည် မောင်ရစ်၏သတ္တိကို လွန်စွာသဘောကျသွားသည်။ အရေးမယူဘဲ မောင်ရစ်၏ သတ္တိကို ဘိုးတော်ဘုရားအား လျှောက်ထား တင်ပြသည်။ ဘိုးတော်ဘုရားသည် နှစ်သက်သဖြင့် မောင်ရစ်ကို ဗြဲတိုက်သံအဆင့်အရာ ခန့်ထားသည်။ မောင်ရစ်သည် ဗြဲတိုက်သံအဆင့်အရာမှ တစ်ဆင့် ဒီပဲယင်းမြို့ဝန်အရာကို ရခဲ့သည်။ နေမျိုးသူရရဲခေါင်ဘွဲ့ ရခဲ့သည်။ စစ်ပွဲများတွင် ပါဝင်တိုက်ခိုက်ခဲ့သည်။
ဘိုးတော်ဘုရားလက်ထက် မဏိပူရနှင့် အာသံတိုက်ပွဲများမှ စ၍ နေမျိုးသူရရဲခေါင်ဘွဲ့ခံ မောင်ရစ်သည် ထင်ရှားခဲ့သည်။ ဘိုးတော် နတ်ရွာစံပြီး ဘကြီးတော် နန်းတက်လာသောအခါ မောင်ရစ်ကို ဗန္ဓုလဘွဲ့ ပေးလေသည်။
ဗန္ဓုလသည် ဘကြီးတော်လက်ထက် ပထမ အင်္ဂလိပ်-မြန်မာ စစ်ပွဲတွင် မြန်မာစစ်သေနာပတိအဖြစ် ခေတ်မီ လက်နက်ကိုင် နိုင်ငံကြီးဖြစ်သော နယ်ချဲ့ ဗြိတိသျှတို့ကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်။ ဗန္ဓုလ၏ စွမ်းရည်သတ္တိကို ဗြိတိသျှတို့ကပင် လေးစားကြရသည်။ စစ်ရေးစစ်ရာတွင် အတိုက်အခိုက် ကျွမ်းကျင်သည်သာမက အအုပ်အချုပ်လည်း ကျွမ်းကျင်သည်။ တပ်ချီတပ်ဆုတ်လည်း ကျွမ်းကျင်သည်။ ခံတပ်ဆောက်လည်း ကျွမ်းကျင်သည်။
ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲတွင် ဗန္ဓုလသည် ဗြိတိသျှတို့အား ပန်းဝါတိုက်ပွဲတွင် အောင်မြင်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ ထိုအတွင်း ဗြိတိသျှတို့က ရေကြောင်းမှ ချီတက်ပြီး ရန်ကုန်မြို့ကို သိမ်းပိုက်သည်။ ထိုအခါ ဘကြီးတော်ဘုရားက ဗန္ဓုလကို ရခိုင် စစ်မျက်နှာမှ အမြန်ပြန်လာစေသည်။ ဗန္ဓုလသည် မုတ်သုံမိုး အပြင်းထန်ဆုံး ရွာသွန်းနေချိန်တွင် တပ်မတော်တစ်ခုလုံးနှင့် အမြောက်လက်နက်များပါ သယ်ဆောင်၍ ရခိုင်ရိုးမကို အောင်မြင်စွာ အပြင်းချီတက် ဖြတ်ကျော်ခဲ့ရာ နယ်ချဲ့တို့ပင် အံ့ဩမဆုံးရှိကြသည်။ ဘကြီးတော်သည် ဗန္ဓုလ၏ အရည်အသွေးကို နှစ်သက်လေးစားသဖြင့် စစ်သူကြီးဘွဲ့ပေးခဲ့သည်။
ဗန္ဓုလတပ်များသည် ရန်ကုန်သို့ရောက်သောအခါ ဗြိတိသျှတပ်များနှင့် ရင်ဆိုင်တိုက်ခိုက်ကြသည်။ နယ်ချဲ့တပ်များမှာ လက်နက်အင်အား သာလွန်သဖြင့် ဗန္ဓုလတပ်များ အရေးနိမ့်ခဲ့သည်။
ဗန္ဓုလသည် ဓနုဖြူဘက်သို့ ဆုတ်ကာ ရက်ပေါင်းသုံးဆယ်အတွင်း ဓနုဖြူခံတပ်ကို အပြီးအစီးတည်ဆောက် တပ်စွဲပြီး နယ်ချဲ့တို့အား သဲသဲမဲမဲ တိုက်ခိုက်ရန် စောင့်စားနေသည်။ ဗန္ဓုလ၏ ဓနုဖြူခံတပ်သည် တပ်စွဲနေရာကောင်းတွင် တည်ရှိသည်။ မြန်မာတို့တွင် နယ်ချဲ့တို့နည်းတူ အမြောက်လက်နက်ကောင်းများသာ အပြည့်အစုံ ရှိခဲ့လျှင် မြစ်ကြောင်းမှ ဆန်တက်လာသော ဗြိတိသျှတပ်ကို ချေဖျက်နိုင်ပေမည်။ သို့ရာတွင် လက်နက်အင်အားချင်း အလွန် ကွာခြားနေသည်။ နယ်ချဲ့တို့လည်း ခံတပ်ကို အမြောက်များဖြင့် နေ့ရောညပါ ပြင်းထန်စွာ တိုက်ခိုက်ကြသည်။
ဓနုဖြူခံတပ်အတွင်းသို့ နယ်ချဲ့တို့၏ အမြောက်ဆံများ ဆင့်ကဲဆင့်ကဲ ပေါက်ကွဲသည်။ သို့ရာတွင် ဗန္ဓုလကား မမှုဘဲ တပ်တွင်း၌ လှည့်လည်မြဲ လှည့်လည်ကာ စီမံကွပ်ကဲသည်။ ထိုအတွင်း အမြောက်ကျည်ဆံတစ်ခုသည် ဗန္ဓုလအနီးတွင် ကျရောက်ပေါက်ကွဲပြီး ဗန္ဓုလသည် ထိုနေရာမှာပင် ကျဆုံးခဲ့သည်။ မကြာမီပင် ဓနုဖြူခံတပ်လည်း ကျခဲ့သည်။ ထိုနေ့ကား ခရစ်သက္ကရာဇ် ၁၈၂၅ ခုနှစ် ဧပြီလ ၁ ရက်နေ့ ဖြစ်သည်။ ကျဆုံးချိန်တွင် ဗန္ဓုလ၏အသက်မှာ ၃၂ နှစ်သာ ရှိသေးသည်။
ဗန္ဓုလ ကျဆုံးသောနေရာ၌ အထိမ်းးအမှတ်ပြုထားသော အုတ်ဂူသင်္ချိုင်းသည် ဓနုဖြူမြို့တွင် ယခုတိုင် ရှိပေသည်။ ဗန္ဓုလ၀တ်ဆင်ခဲ့သော သံချပ်ဝတ်တန်ဆာသည်လည်း ယနေ့တိုင် ဗြိတိသျှ ပြတိုက်တွင် ရှိပေသည်။

Thursday, July 24, 2008

စစ်ရာထူးခန့်ချုပ် မိန့်ကြားသည့် ဩ၀ါဒ


၂၀၀၁ ခုနှစ် ဧပြီလ ၆ ရက်နေ့တွင် ကျင်းပသော စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၃ မှ ဗိုလ်လောင်းများအား ခန့်အပ်လွှာ ချီးမြှင့်ပေးအပ်ပွဲတွင် စစ်ရာထူးခန့်ချုပ် မိန့်ကြားသည့် ဩ၀ါဒ
ရဲဘော်တို့
ဒီနေ့ဟာ ရဲဘော်တို့ရဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၃ အနေနဲ့ သင်တန်း ပြီးမြောက်အောင်မြင်လို့ ပြန်တမ်းဝင် အရာရှိအဖြစ် ခန့်အပ်ပေးတဲ့ နေ့ ဖြစ်တဲ့အတွက် မွန်မြတ်တဲ့ နေ့တစ်နေ့ပဲ ဖြစ်တယ်။ ဒါကြောင့် ဒီနေ့ဟာ ရဲဘော်တို့အတွက် ဂုဏ်ယူဝမ်းမြောက်စရာ ဖြစ်သလို ဒို့တပ်မတော် အင်အား တောင့်တင်း ခိုင်မာရေးအတွက် အားသစ်လောင်းတဲ့နေ့လည်း ဖြစ်တယ်။ ရဲဘော်တို့ဟာ တပ်မတော် ပြန်တမ်းဝင် အရာရှိများ အဖြစ်နဲ့ မကြာခင်မှာ တာဝန်ကျရာ တပ်အသီးသီးကို သွားရောက် တာဝန် ထမ်းဆောင်ကြရမှာ ဖြစ်လို့ လိုက်နာဆောင်ရွက်ရန် လိုအပ်တဲ့ အချက်အချို့ကို စစ်ရာထူးခန့်ချုပ်အနေနဲ့ မှာကြားလိုတယ်။
ရဲဘော်တို့
စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် ၄၃ မှာ စစ်လက်ရုံး ရွေးချယ် နေရာချထားမှုအရ တပ်မတော်(ကြည်း) ခြေလျင် ခြေမြန်မှာ (၃၇၁) ယောက်၊ တပ်မတော် (ရေ) မှာ (၂၂) ယောက်၊ အမြောက်တပ်ဖွဲ့မှာ (၄၈) ယောက်၊ သံချပ်ကာ ယန္တရားတပ်ဖွဲ့မှာ (၁၄) ယောက်နဲ့ ဆက်သွယ်ရေး တပ်ဖွဲ့များမှာ (၉)ယောက် နေရာချထား ပေးခဲ့တယ်။ ရဲဘော်တို့ အနေနဲ့ စစ်တက္ကသိုလ်မှာ သင်ကြားပေးခဲ့တဲ့ စစ်ပညာ စာပေပညာတွေကို အခြေခံပြီး မိမိတာဝန် ထမ်းဆောင်ရမယ့် တပ်ရင်းတပ်ဖွဲ့များရဲ့ လုပ်ငန်းခွင်မှာ စာတွေ့လက်တွေ့ ပေါင်းစပ်ပြီး တိုးတက်အောင်မြင်အောင် ဆောင်ရွက်သွားရမှာ ဖြစ်တယ်။
ရဲဘော်တို့
ဒို့တပ်မတော်ဟာ နိုင်ငံတော်ကို အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတော် အသစ်အဖြစ် တည်ဆောက်လျက်ရှိတယ်။ ဖြစ်ပေါ်လာမယ့် နိုင်ငံတော်ကြီးကို အကြွင်းမဲ့ ကာကွယ်နိုင်ဖို့အတွက် အင်အား တောင့်တင်းပြီး အရည်အချင်း ပြည့်ဝ၍ စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ တပ်မတော်တစ်ရပ်ဟာ မရှိမဖြစ် လိုအပ်တယ်။ ဒါကြောင့် ဒီနေ့ တပ်မတော်ကို အင်အား တောင့်တင်းပြီး အရည်အချင်း ပြည့်ဝ၍ စွမ်းရည်ထက်မြက်သော ခေတ်မီ တပ်မတော်အဖြစ် ရည်မှန်းချက်ထားပြီး တည်ဆောက်နေတာဘဲ ဖြစ်တယ်။ ရဲဘော်တို့အနေနဲ့ ယုံကြည်ချက် ခံယူချက်ရှိမှ လုပ်ရတဲ့ လုပ်ငန်း အပေါ်မှာ ပိုပြီး လေးနက်မှု ရှိမယ်။ ရည်မှန်းချက် ပန်းတိုင် ဦးတည်တဲ့ လမ်းကြောင်းလည်း မယိမ်းမယိုင် တည်တံ့ ခိုင်မြဲမှာ ဖြစ်တယ်။ တို့တပ်မတော်သားတွေရဲ့ ယုံကြည်ချက် ခံယူချက်ကတော့-
  • ပြည်ထောင်စု မပြိုကွဲရေး
  • တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး
  • အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး
ဆိုတဲ့ တို့တာဝန် အရေးသုံးပါးဘဲ ဖြစ်တယ်။ တို့တပ်မတော်သားတွေ အနေနဲ့ ဘာလုပ်ငန်းလုပ်လုပ် အမျိုးသားရေး တာဝန်ဖြစ်တဲ့ ဒို့တာဝန် အရေးသုံးပါးအတွက်ဘဲ လုပ်ကိုင်နေတာ ဖြစ်တယ်။ စစ်တိုက်တဲ့ အဓိက လုပ်ငန်း အပါအ၀င် ပေးအပ်တဲ့ ကျရာတာဝန်တွေကို ထမ်းဆောင်ရာမှာ ဒို့တာဝန် အရေးသုံးပါးကို ဦးတည် လုပ်ကိုင်နေတာ တွေ့ရမယ်။ ဒို့တာဝန် အရေးသုံးပါးကို ထိပါးမယ့် ဘယ်အန္တရာယ်မျိုးကိုမဆို အသက်စွန့် ကာကွယ်ကြဖို့ ရဲဘော်တို့ကို မှာကြားလိုတယ်။
ရဲဘော်တို့ဟာ ဒိုတာဝန် အရေးသုံးပါးအတွက် ဦးတည်လုပ်ဆောင်ရင်း တို့တပ်မတော်ရဲ့ အဓိက တာဝန်ကြီး သုံးရပ်ကိုလည်း ထိရောက်စွာ ဆောင်ရွက်သွားရမှာ ဖြစ်တယ်။ တို့ရဲ့ အဓိက တာဝန်သုံးရပ်ကတော့-
  • နိုင်ငံတော် ကာကွယ်ရေး တာဝန်
  • လေ့ကျင့်ရေးတာဝန်
  • ပြည်သူ့ အကျိုးပြု လုပ်ငန်း တာဝန်
တို့ဘဲ ဖြစ်တယ်။ ဒီတာဝန် သုံးရပ်ကို ရဲဘော်တို့ ရောက်ရာဒေသ ရတဲ့အချိန်မှာ မမေ့မလျော့ အောင်မြင်အောင် ထမ်းဆောင်သွားကြဖို့ ရဲဘော်တို့ကို အလေးအနက် မှာကြားလိုတယ်။
ရဲဘော်တို့
ရဲဘော်တို့ဟာ မိမိ တာဝန်ကျရာ အရပ်ဒေသမှာ တပ်စုမှူး ခေါင်းဆောင်ငယ် တစ်ဦးအနေနဲ့ မိမိ လက်အောက် ငယ်သားများကို ထိန်းသိမ်းကွပ်ကဲပြီး တိုက်ပွဲဝင်သွား ကြရမယ့် အရာရှိများ ဖြစ်တဲ့အလျောက် လက်အောက်ငယ်သားများအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ်များအတိုင်း တော်တည့်မှန်ကန်စွာ အုပ်ချုပ်ကွပ်ကဲသွားကြဖို့ မှာကြားလိုတယ်။ လက်အောက်ငယ်သားများအပေါ် ပြုကျင့်ရမယ့် ကျင့်ဝတ် ငါးပါးကတော့-
  • ငယ်သားများအား ကျောသားရင်သား မခွဲခြားဘဲ တရားမျှတစွာ ကွပ်ကဲ အုပ်ချုပ်ပါ။
  • ငယ်သားများအား စံနမူနာကောင်းပြပါ။ အနစ်နာခံ၍ မှန်ကန်စွာ ခေါင်းဆောင်ပါ။
  • ငယ်သားများ၏ တင်ပြချက်များကို အရေးတယူ မှတ်သားနားထောင်ပါ။
  • ငယ်သားများအပေါ် သစ္စာစောင့်သိ၍ အပြည့်အ၀ ယုံကြည်အားကိုးပါ။
  • ငယ်သားများ၏ သက်သာချောင်ချိရေး၊ ပျော်ရွှင်ရေး၊ ကျန်းမာရေးနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးပါ။
စတဲ့ အချက်တွေဘဲ ဖြစ်တယ်။
ရဲဘော်တို့
အသက်ကို စွန့်လွှတ်ရန် သစ္စာပြုထားကြတဲ့ တပ်မတော်သားတွေဟာ တိုက်လိုခိုက်လိုစိတ် ပြင်းပြဖို့ လိုအပ်တယ်။ တပ်မတော်ရဲ့ မူလ တာဝန်ဟာ နိုင်ငံတော် ကာကွယ်ရေး တာဝန်ဖြစ်တယ်။ ဒါကြောင့် တပ်မတော်သားတစ်ယောက် ဖြစ်လာရင် တိုက်ပွဲ အတွေ့အကြုံ ရှိရမယ်။ အတွေ့အကြုံ များပြားမှုဟာ အောင်မြင်မှုကို အလွယ်တကူ ဆွတ်လှမ်းနိုင်ပြီး အောင်မြင်မှုများက ယုံကြည်မှုကို ဖြစ်ပေါ်စေတာ ဖြစ်တယ်။ မိမိတပ်ဖွဲ့ကို မိမိ ယုံကြည်လေ တိုက်လိုခိုက်လိုစိတ် ပြင်းပြလေဘဲ ဖြစ်တယ်။ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် အသက်ကို စွန့်လွှတ်ရန် အဓိဌာန်ပြုပါ၏ ဆိုတဲ့ သစ္စာ အဓိဌာန်ဟာ အသက်ကို ပဓာန မထားဘဲ ရဲဝံ့ စွန့်စားဖို့အတွက် သစ္စာပြုခြင်းဘဲ ဖြစ်တယ်။ ရဲသော်မသေ ဆိုတဲ့ စကားအတိုင်း ရဲဝံ့ စွန့်စားသူ မှန်သမျှဟာ အသက်ကို မစွန့် လွှတ်ရဘဲ အောင်မြင်မှုတွေ ရရှိမှာ ဖြစ်တယ်။
ရဲဘော်တို့
ဒို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးကို ကာကွယ် စောင့်ရှောက်နိုင်ဖို့ အင်အားတောင့်တင်းပြီး စွမ်းရည် ပြည့်ဝတဲ့ ခေတ်မီ တပ်မတော်ကြီး တည်ဆောက်ရာမှာ စွမ်းရည် သုံးရပ် ထက်မြက် မြင့်မားဖို့ အထူး လိုအပ်တယ်။ စစ်ရေးစွမ်းရည် အုပ်ချုပ်ရေးစွမ်းရည် စည်းရုံးရေးစွမ်းရည် ဆိုတဲ့ စွမ်းရည် သုံးရပ် အနက်က စည်းရုံးရေးစွမ်းရည်ဟာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်လျက်ရှိတယ်ဆိုတာ ရဲဘော်တို့ နားလည်ဖို့ လိုတယ်။ စည်းလုံးညီညွတ်မှုကို တည်ဆောက်လိုတဲ့အခါမှာ စည်းရုံးရေး စွမ်းရည်နဲ့ တည်ဆောက်ယူရမှာ ဖြစ်တယ်။ တပ်မတော်အတွင်း စည်းလုံးညီညွတ်မှုကို တည်ဆောက်ဖို့အတွက် တပ်မတော်အတွင်း စည်းလုံးရေး လုပ်ငန်းတွေကို ဆောင်ရွက်ရမှာ ဖြစ်တယ်။ ခုချိန်ခါမှာဆိုရင် ပြည်တွင်းပြည်ပ အဖျက်သမားများရဲ့ အမှောင့် ပယောဂကြောင့် တို့တပ်မတော်အတွင်း စည်းလုံးညီညွတ်မှု ပျက်ပြားအောင် ကြံရွယ် လုပ်ဆောင်လာကြတာကို တွေ့ရှိရတယ်။ အဖျက်သမားတွေရဲ့ အမှောင့် ပယောဂကို တွန်းလှန် ချေမှုန်းဖို့အတွက် တပ်မတော် တစ်ရပ်လုံး စည်းလုံးညီညွတ်မှု မပျက်ပြားရလေအောင် တပ်တွင်း စည်းလုံးညီညွတ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ဖို့အတွက် တပ်မတော် စည်းရုံးရေး ကော်မတီ အဆင့်ဆင့်ကို ဖွဲ့စည်း ဆောင်ရွက်နေတာကို ရဲဘော်တို့ အသိပဲ ဖြစ်တယ်။ ရဲဘော်တို့ အနေနဲ့လည်း သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်ကြတဲ့အခါမှာ ဖွဲ့စည်း ထားရှိတဲ့ တပ်မတော် စည်းရုံးရေး ကော်မတီ အဆင့်ဆင့်မှာ ပါဝင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ ဒီလို ဆောင်ရွက်ကြတဲ့ အခါမှာ အင်အား တောင့်တင်း ခိုင်မာပြီး စည်းလုံးညီညွတ်တဲ့ တပ်မတော်ကြီး ဖြစ်ဖို့ အတွက် ထက်မြက် မြင့်မားတဲ့ စည်းရုံးရေး စွမ်းရည်နဲ့ ရဲဘော်တို့ စည်းရုံး ဆောင်ရွက်သွားကြရမှာ ဖြစ်တယ်။
ရဲဘော်တို့
စစ်ရေး စည်းရုံးရေး အုပ်ချုပ်ရေးဆိုတဲ့ စွမ်းရည်သုံးရပ် ပြည့်စုံမှု ရှိရမယ် ဆိုတဲ့အပိုင်းမှာ စစ်ရေးစွမ်းရည် ပြည့်ဝဖို့အတွက် အချိန်မရွေး တိုက်ပွဲဝင်နိုင်အောင် အကြီးအကဲများ လမ်းညွှန်မှု ပြုထားတဲ့-
  • အမြဲတမ်း လေ့ကျင့်ရမယ်
  • အမြဲတမ်း စစ်ရေးသတိ ရှိရမယ်
  • အမြဲတမ်း တိုက်ပွဲဝင် အသင့် ဖြစ်ရမယ်
ဆိုတဲ့ မြဲသုံးမြဲနဲ့ ညီညွတ်အောင် ကြိုးစား ဆောင်ရွက်ရမယ်။ စည်းရုံးရေး စွမ်းရည်နဲ့ ပတ်သက်လို့ သက်သာချောင်ချိရေး ကိစ္စတွေကို မိမိ ရဲဘော်ရဲဘက် မိသားစုများ အပါအ၀င် ခံစားပိုင်ခွင့် ရှိအောင် တတ်နိုင်သမျှ စွမ်းဆောင်ပေးရမယ်။ စိတ်ဓာတ်ရေးရာအပိုင်း ကြံ့ခိုင်မှုများ မြင့်မားလာအောင် စည်းရုံး မြှင့်တင်ပေးဖို့ လိုအပ်တယ်။ အုပ်ချုပ်ရေးစွမ်းရည်ပိုင်း မြင့်မားအောင် တည်ဆောက်ရာမှာ စစ်ဦးစီး စစ်ရေး စစ်ထောက်ဆိုင်ရာ ပညာရပ်တွေကို ဆင့်ကဲ လေ့လာ ဆည်းပူးသွားကြရဦးမှာ ဖြစ်တယ်။ ဒီပညာရပ်တွေ အပြင် အထက်အကြီးအကဲများနဲ့ ရဲဘော်ရဲဘက်များထံမှ စစ်မြေပြင် အတွေ့အကြုံ လုပ်ငန်း အတွေ့အကြုံ တွေကိုပါ ရယူဆင့်ပွားပြီး အုပ်ချုပ်ရေးစွမ်းရည် မြင့်မားအောင် ဆောင်ရွက်ကြရမှာ ဖြစ်တယ်။ မိမိကို ပေးအပ်တဲ့ တာဝန် ကျေပွန်ဖို့နဲ့ ရည်မှန်းချက် အောင်မြင်အောင်-
  • အလုပ်ကို ဖိဖိစီးစီး အားကြိုးမာန်တက် လုပ်
  • အကြံအစည်ကောင်း အကြံကောင်း ဥာဏ်ကောင်းထုတ် တိုင်းပြည် တိုးတက်အောင်လုပ်
  • အောက်ခြေထိဆင်း အောင်မြင်အောင်လုပ် ဆိုတဲ့ အထက်အကြီးအကဲများ လမ်းညွှန်ချက် အ-သုံးလုံးကို ဆောင်ပြီး ကြိုးစားလုပ်ဆောင်ကြဖို့ မှာကြားလိုတယ်။
ရဲဘော်တို့
ဒီနေ့ နိုင်ငံတကာ အခြေအနေကို လေ့လာကြည့်မယ်ဆိုရင် အင်အားကြီးတဲ့ နိုင်ငံ အချို့ဟာ အခြား နိုင်ငံများရဲ့ ပြည်တွင်းရေးတွေမှာ ၀င်ရောက် စွက်ဖက် လွှမ်းမိုး ချယ်လှယ်နိုင်ဖို့ အဲဒီ နိုင်ငံတွင်းက တိုင်းရင်းသား အချင်းချင်း စိတ်ဝမ်း ကွဲပြားအောင် မသမာတဲ့ သတင်း ဖြန့်ချီရေး နည်းလမ်းတွေနဲ့ လှုံ့ဆော်လေ့ရှိတယ်။ နိုင်ငံအတွင်း အချင်းချင်း စည်းလုံးညီညွတ်မှု ပြိုကွဲစ ပြုလာပြီ ဆိုရင် လူကြားကောင်းအောင် အကြောင်းအမျိုးမျိုး ပြပြီး စစ်ရေးအရ ကျူးကျော် ၀င်ရောက်တတ်ကြတယ်။ ဒါကြောင့် ၂၁ ရာစုရဲ့ စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်နိုင်ရေးဟာ ဒို့တပ်မတော်ရဲ့ အနာဂတ် ရည်မှန်းချက်ဘဲ ဖြစ်တယ်။ တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီ တပ်မတော် ဖြစ်လာအောင် မဖြစ်မနေ တည်ဆောက်ရမှာ ဖြစ်တယ်။ ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ ခေတ်သစ်စစ်ပွဲကို ကိုယ့်မှာရှိသမျှ စွမ်းအားစုတွေနဲ့ ရင်ဆိုင်နိုင်အောင် ပြင်ဆင်ထားရမယ်။ စိတ်ဓာတ်ပိုင်း ဆိုင်ရာ အနေနဲ့ ပြည်ထောင်စု တိုင်းရင်းသား အားလုံးဟာ ဥမကွဲ သိုက်မပျက် အေးအတူ ပူအမျှ ပူးပေါင်းနေထိုင်လိုတဲ့ တစ်စည်းတစ်လုံး တစ်ညီ တစ်ညွတ်တည်းသော မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်နေအောင် တည်ဆောက်ပေးရမယ်။ ဒို့တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်နေသမျှ ကာလပတ်လုံး ဘယ်လို ရန်သူမျိုးကမှ သပ်လျှို သွေးခွဲ နှောင့်ယှက် နိုင်မှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ ဒါ့အပြင် စည်းလုံးခြင်းသည် အင်အား ဆိုတဲ့ ဆောင်ပုဒ်အတိုင်း ခေတ်သစ် စစ်ပွဲကို စိတ်ဓာတ်နဲ့ အနိုင်ယူနိုင်တဲ့ ကမ္ဘာ့စစ်ပွဲ သာဓကတွေ ရှိခဲ့ကြောင်း ပြောကြားလိုတယ်။
ရဲဘော်တို့
ရဲဘော်တို့ဟာ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ပေးခြင်း ခံရသူတွေ ဖြစ်တဲ့အတွက် ထိုးထွင်းကြံဆ လုပ်ဆောင်တတ်မှုနဲ့ တီထွင်လုပ်ကိုင် ဆောင်ရွက်တတ်ဖို့ အထူး လိုအပ်တယ်။ ခေတ်မီ ဆန်းသစ်လာတဲ့ ကွပ်ကဲမှုနဲ့ ကြီးကြပ်မှု စနစ်တွေကို နားလည် တတ်ကျွမ်းအောင် ကြိုးစား အားထုတ်ကြရမယ်။ ဗဟုသုတ ကြွယ်ဝပြီး လေ့လာလိုစိတ် ရှိရမယ်။ ဒါ့အပြင် ရဲဘော်တို့ဟာ ရည်မှန်းချက်တာဝန် အောင်မြင်ဖို့အတွက် တပ်ဖွဲ့ဝင်တွေက ယုံကြည်ကိုးစားမှု ခံရတဲ့ ခေါင်းဆောင်ဖြစ်အောင် အကျင့်စာရိတ္တ ကောင်းရမယ်။ စိတ်ဓာတ် ကောင်းရမယ်။ သစ္စာရှိရမယ်။ တပ်မှူးကောင်း စိတ်ဓာတ်နဲ့ မိဘသဖွယ် စိတ်ဓာတ် ရှိရမယ်။ စည်းကမ်းအရာမှာ စံနမူနာပြ ဖြစ်ရမယ်။ တပ်၏ ကောင်းရာ ကောင်းကျိုးအတွက် အစဉ် ကြိုးပမ်း ဆောင်ရွက်လိုစိတ် ရှိရမယ်။ ဇွဲ လုံ့လ ၀ီရိယနဲ့ ကြိုးစားမှု ရှိရမယ်။ စိတ်ရင်း စေတနာကောင်း ရှိရမယ်။ တစ်ညီတစ်ညွတ်တည်း စုပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်း စိတ်ဓာတ် ရှိရမယ်။ သတ္တိ ဗျတ္တိ ရှိရမယ်။ မိမိ ခေါင်းဆောင်သည့် အဖွဲ့အစည်းအား အမြဲ စည်းလုံးညီညွတ်မှု ရှိနေအောင် တည်ဆောက်နိုင်စွမ်း ရှိရမယ်။ အခွင့်အရေးနှင့် ယှဉ်လာလျှင် မိမိက အမြဲ အနစ်နာ ခံတတ်ရမယ်။ စွမ်းရည်သုံးရပ် ပြည့်စုံရမယ်။ ဒီအချက်တွေဟာ ခေါင်းဆောင်မှု အင်္ဂါရပ်တွေပဲ ဖြစ်တယ်။ ခေါင်းဆောင်မှု အင်္ဂါရပ်ဆိုတာ မွေးရာပါ မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပြုစုပျိုးထောင်ရမယ့် အရည်အချင်းတွေပဲ ဖြစ်တယ်။ ဒီအရည်အချင်းတွေနဲ့ ပြည့်စုံမှသာ တပ်မတော်ရဲ့ အဓိက တာဝန်သုံးရပ်ဖြစ်တဲ့-
  • နိုင်ငံတော် ကာကွယ်ရေး တာဝန်
  • လေ့ကျင့်ရေး တာဝန်
  • ပြည်သူ့ အကျိုးပြု တာဝန
်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြရမှာ ဖြစ်တယ်။
ရဲဘော်တို့
နိုင်ငံတော် ကာကွယ်ရေး တာဝန်ဆိုတာ တစ်နည်းအားဖြင့်တော့ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်မယ့် တာဝန်တွေပဲ ဖြစ်တယ်။ ဒီတာဝန်တွေကို ထမ်းဆောင်နိုင်ဖို့အတွက် အမြဲတမ်း လေ့ကျင့်ရမယ်။ အမြဲ စစ်ရေး သတိရှိရမယ်။ အမြဲ တိုက်ပွဲဝင် အသင့် ဖြစ်ရမယ်ဆိုတဲ့ မြဲသုံးမြဲကို သတိမလစ်ဆောင်ရွက်နေရမှာ ဖြစ်တယ်။ ဒါကြောင့်လဲ ယနေ့ အချိန်အခါမှာ တပ်မတော်ကို အင်အား တောင့်တင်းပြီး စွမ်းရည် ထက်မြက်တဲ့ ခေတ်မီ တပ်မတော် ဖြစ်အောင် တည်ဆောက်နေတာ ဖြစ်တယ်။ တပ်တည်ဆောက်ရေး လုပ်ငန်း တာဝန်ကြီး လေးရပ်ကိုလည်း သတ်မှတ်ပေးထားပြီး ဖြစ်တယ်။ အဲဒီ လုပ်ငန်း တာဝန်တွေကတော့-
  • တပ်ကို လေ့ကျင့်ရေးနဲ့ တည်ဆောက်
  • တပ်ကို အုပ်ချုပ်ရေးနဲ့ တည်ဆောက်
  • တပ်ကို သက်သာချောင်ချိရေးနဲ့ တည်ဆောက်
  • တပ်ကို စိတ်ဓာတ်နဲ့ တည်ဆောက်
ဆိုတဲ့ အချက်တွေပဲ ဖြစ်တယ်။
တပ်မတော်ဆိုတာ အချိန်နဲ့ အမျှ လေ့ကျင့်နေရမယ့် အဖွဲ့အစည်းပဲ ဖြစ်တယ်။ လေ့ကျင့်မှု မပြတ်ပါမှ တန်ကာကျမယ့် လုပ်ငန်း သဘာဝမျိုးလည်း ဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့ဟာ မိမိကိုယ်ကို မိမိ လေ့ကျင့်ရင်းနဲ့ တပ်ဖွဲ့ဝင်များအပေါ် လေ့ကျင့်ရေးတို့ကို စိတ်အားထက်သန်စွာ ဆောင်ရွက် သွားကြဖို့ မှာကြားလိုတယ်။ ဒါ့အပြင် အုပ်ချုပ်မှု ကောင်းခြင်းဟာလည်း စစ်ပွဲရဲ့ အားသာချက် တစ်ရပ် ဖြစ်တာကြောင့် စစ်ဦးစီး စစ်ရေးနဲ့ စစ်ထောက်ဆိုင်ရာ လုပ်ငန်းတွေကို ကျွမ်းကျွမ်း ကျင်ကျင် ဆောင်ရွက်နိုင်အောင် ကြိုးစားကြဖို့ မှာကြားလိုတယ်။ တပ်ကို သက်သာချောင်ချိရေးနဲ့ တည်ဆောက်ရခြင်းဟာ မျိုးချစ်တပ်မတော် ဖြစ်တဲ့ ဒို့ တပ်မတော်မှာ လုပ်ငန်းတာဝန်နဲ့ ပတ်သက်လာရင် တပ်မှူးကောင်းစိတ်ဓာတ်နဲ့ အမိန့်ပေး ဆောင်ရွက်ရပြီး ကျန်တဲ့ အပိုင်းတွေမှာတော့ မိဘသဖွယ် စိတ်ဓာတ်နဲ့ တပ်ဖွဲ့ဝင်တွေကို စောင့်ရှောက်ရတာကြောင့် ဖြစ်တယ်။ မိဘဟာ သားသမီးတွေရဲ့ စားဝတ်နေရေးကို အဆင်ပြေအောင် ကြည့်ရှု စောင့်ရှောက်ရသလို ရဲဘော်တို့ဟာ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေရဲ့ သက်သာချောင်ချိရေးကို အထူး ဂရုစိုက်ပြီး ဆောင်ရွက်ပေးကြဖို့ မှာကြားလိုတယ်။ တပ်ကို စိတ်ဓာတ်နဲ့ တည်ဆောက်ရာမှာ ယုံကြည်ချက် ခံယူချက်နဲ့ တည်ဆောက်ရမှာ ဖြစ်တယ်။ တပ်မတော်ရဲ့ ယုံကြည်ချက်ဟာ ဒို့တာဝန် အရေးသုံးပါးပဲ ဖြစ်တယ်။ ဒီယုံကြည်ချက်ကို တပ်မတော်သားတိုင်း ခံယူထားမယ်ဆိုရင် လှေခွက်ချည်းကျန် အလံမလှဲသည့် စိတ်ဓာတ် တုံးတိုက်တိုက် ကျားကိုက်ကိုက် စိတ်ဓာတ် တပ်မတော်ရဲ့ အစဉ်အလာကို အသက်ပေး စောင့်ထိန်းလိုသည့် စိတ်ဓာတ်တွေကို အလွယ်တကူ လှုံ့ဆော်ပေးနိုင်မှာပဲ ဖြစ်တယ်။ ဒါ့ကြောင့် ရဲဘော်တို့ဟာ တပ်တည်ဆောက်ရေး တာဝန်ကြီး လေးရပ်ကို အလေးထား ဆောင်ရွက်ရမှာ ဖြစ်တယ်။ ဒါမှသာ တပ်တိုင်း ရဲဘော်တိုင်းမှာ စိတ်ဓာတ် စည်းကမ်း သစ္စာ စည်းလုံးမှုနဲ့ စွမ်းရည်သုံးရပ် ပြည့်စုံမှု ဆိုတဲ့ အခြေခံ အရည်အချင်း ငါးပါးကို ရရှိလာလိမ့်မယ်။ အဲဒီ အခြေခံ အရည်အချင်း ငါးပါးဟာ တပ်မတော် အားဆယ်ပါးရဲ့ အနှစ်ချုပ်ပဲ ဖြစ်တယ်။
ရဲဘော်တို့
စည်းကမ်းပိုင်းနဲ့ ပတ်သက်လို့ အနည်းငယ် ပြောကြားလိုတယ်။ စစ်သည်တော်တိုင်း တစ်ဦးချင်းအနေနဲ့ ပြုကျင့်ရမယ့် ကျင့်ဝတ်များမှာ စည်းကမ်းကို တိကျစွာ လိုက်နာပါ ဆိုတဲ့ အချက် ပါရှိတယ်။ စည်းကမ်းဟာ တပ်မတော်ရဲ့ အဓိက မဏ္ဍိုင်ဖြစ်တယ်။ တပ်မတော်ကြီး အင်အား တောင့်တင်းပြီး အရာရာမှာ အောင်ပွဲဆင် နိုင်ဖို့အတွက် စည်းကမ်းကောင်းတဲ့ တပ်မတော်ဖြစ်ဖို့ အထူး လိုအပ်တယ်။ တပ်မတော်မှာ ခေါင်းဆောင်ငယ်တစ်ဦး အဖြစ်နဲ့ တာဝန်ထမ်းဆောင်ရမယ့် ရဲဘော်တို့ဟာလည်း စည်းကမ်းအရာမှာ စံနမူနာပြဖြစ်ဖို့ လိုတယ်။ စည်းကမ်းကို မိမိကိုယ်တိုင် လိုက်နာ စောင့်ထိန်းပြီး ရဲဘော်တစ်ဦးချင်း လိုက်နာ စောင့်ထိန်းတတ်အောင် မိမိက သွန်သင် ဆုံးမ ကြပ်မတ်ဖို့ လိုတယ်။ ရဲဘော် တစ်ဦးချင်း စည်းကမ်းလိုက်နာ စောင့်ထိန်းတတ်ဖို့အတွက် တစ်ဦးချင်း ကိုယ်ကျင့်တရား ကောင်းဖို့ လိုတယ်။ ဒို့တပ်မတော်မှာ စစ်သည်တော်ကောင်း တစ်ဦး ဖြစ်လာနိုင်ဖို့အတွက် စစ်သည်တော်ကျင့်ဝတ် ခြောက်ဆယ်ကို ချမှတ် ပေးထားပြီး ဖြစ်တယ်။ စစ်သည်တော် ကျင့်ဝတ်တိုင်းကို ရဲဘော်အားလုံး လိုက်နာ ကျင့်ကြံ ထိန်းသိမ်းနိုင်ရင် စစ်စည်းကမ်းကောင်းမွန်တဲ့ တပ်မတော်တစ်ရပ် ဖြစ်လာမှာဘဲ ဖြစ်တယ်။ ဒါကြောင့် အရည်အသွေး မြင့်မားပြီး ပြည်သူလူထု ကြည်ညို ကိုးစားခြင်း ခံရတဲ့ စစ်စည်းကမ်း ကောင်းမွန်တဲ့ တပ်မတော်ကြီး ဖြစ်လာစေဖို့ ဒို့တပ်မတော်သားတိုင်းဟာ စစ်သည်တော် ကျင့်ဝတ်ကို ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြံစွာ စောင့်ထိန်း လိုက်နာကြဖို့ မှာကြားလိုတယ်။
နိဂုံးချုပ်အနေနဲ့ ပြောလိုတာကတော့ ရဲဘော်တို့ဟာ အမျိုးသားရေး တာဝန်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးကို အသက်နဲ့လဲပြီး ကာကွယ်စောင့်ရှောက်ကြပါ။ ခေတ်မီ တိုးတက်သော စစ်ရေးဆိုင်ရာ သိပ္ပံ နည်းပညာများကို ကျွမ်းကျင် တတ်မြောက်အောင် ဆည်းပူး လေ့လာ လေ့ကျင့် သင်ကြားကြပါ။ ဒို့တပ်မတော်ကြီး အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီ တပ်မတော် ဖြစ်လာအောင် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ နှစ်ဖြာစလုံး တိုးတက်မြင့်မားလာအောင် ကြိုးစား ဆောင်ရွက်ကြပါ။ အထက်အကြီးအကဲများထံမှ ကောင်းတဲ့ အချက်များကိုသာ အတုယူပြီး မိမိ လက်အောက် ငယ်သားများကိုလည်း ကောင်းတဲ့အချက်များကိုသာ စံနမူနာပြပါ။ စစ်စည်းကမ်းကောင်းတဲ့ တပ်မတော်ကြီး ဖြစ်လာအောင် စစ်သည်တော်ကျင့်ဝတ်ကို တစ်သဝေမတိမ်း လိုက်နာ စောင့်ထိန်းကြပါ။ မိမိဘ၀ တိုးတက် မြင့်မားရေးအတွက် တာဝန်သိသိ သစ္စာရှိရှိဖြင့် ရိုးသားစွာ ကြိုးစား ဆောင်ရွက်ပြီး စိတ်ဓာတ် မြင့်မား ကြံ့ခိုင်တဲ့ တပ်မတော်အတွက် ဂုဏ်ယူ အားထားလောက်တဲ့ အရာရှိကောင်းတစ်ယောက်ဖြစ်လာအောင် ကြိုးစား အားထုတ်ကြပါလို့ အလေးအနက် မှာကြားရင်း နိဂုံးချုပ်လိုက်တယ်။

ကျောင်းအုပ်ကြီး ကြားချင်သော Final Year များ၏ ရင်တွင်းဖြစ် စကားများ

  • အမေ့သိက္ခာ သားတို့သစ္စာ
  • ကျွန်တော် မှတ်သားထားသော နောင်တော်ကြီး၏ အဆုံးအမများ
  • တက်မ၏ အမိန့်ကို မနာခံလျှင် ကျောက်ဆောင်၏ အမိန့်ကို နာခံရလိမ့်မည်
  • Repeater မဖြစ်အောင် ကြိုးစားရဦးမည့် ကျွန်တော့် ဘဝ
  • စိတ်ကျန်းမာရေးအတွက် စဉ်းစားမိသော စိတ် အာဟာရများ
  • အမှားမြင်လို့ အမှန်ပြင်တယ်ဆိုတာ နောက်ကျတယ် မရှိ ၊ မစနိုင်သေးတာပဲ ရှိတယ်
  • ဆေးလိပ်နှင့် ကျန်းမာရေး သင်ကြိုက်ရာရွေး
  • ကျွန်တော်တို့ ၄၃ Final Year များ၏ အားနည်းချက်များ
  • ကျွန်တော် စဉ်းစားထားသော သတို့သမီးလောင်း ( eye, brain, heart )
  • အမေ့ကျေးဇူး ဘယ်လို ဆပ်ကြမလဲ
  • ဘယ်လိုစာတွေ ဖတ်ကြမလဲ ( Knowledge is power )
  • အမျိုး ဘာသာ သာသနာနှင့် ကျွန်တော်တို့ စစ်ဗိုလ်များ
( အောင်ဆန်းမှ ကျော်စွာထွန်း၊ ဘုရင့်နောင်မှစည်သူချမ်းလွင် ၊တပ်ရင်းမှူး သန်းဝင့်အောင်၊ အောင်ဇေယျမှ စိုးသန့် ၊ အောင်ကျော်ဇော၊ အနော်ရထာမှ ကျော်ဇေယျ၊ ဗန္ဓုလမှ ဇေယျာစိုးနှင့် ကောင်းထက်စံ တို့ တက်ရောက် ဆွေးနွေးကြရပါသည်၊)

ငါးကျိပ်ခုနစ်ယောက်

ရည်မှန်းချက်တွေညီလို့
၉၈ ဆီ ချီတက်ခဲ့ကြတယ်။
မေလရဲ့ ၂-၃ ရက်
တို့အတွက် မမေ့နိုင်ခဲ့ဘူးလေ
အတွေ့အထိတွေနဲ့အတူ
ချူချာစွာ ကြိုဆိုကြလို့
အသစ်တွေနဲ့ ငိုခဲ့ရလည်း
တို့အသည်းက ကျစ်လျစ်သားမို့
ထုဆစ်လို့ သန္ဓေတည်ခဲ့
တပ်ရင်း ၂ ရဲ့ အောင်စစ်သည်
တပ်ခွဲက မြ၀တီ။
တွဲလက်တွေညီလို့
၂၀၀၁ ဆီ ချီတက်ကြမယ်
ဧပြီ ၆ ရက်
တို့အတွက်
အမှတ်တရ နေ့သစ်လေ။
သုံးနှစ်ကို အတူဖြတ်သန်း
ကြမ်းတမ်းတဲ့အချိန်တွေ ထားခဲ့
၄၃ ရဲ့ အားမာန်သစ်
ဇွဲနှစ်လို့ လမ်းဆက်လျှောက်
တို့တစ်တွေ
ငါးကျိပ် ခုနစ်ယောက်

မြ၀တီ

သူငယ်ချင်းတို့
ငါတို့ဟာ ဘ၀ လမ်းဆုံလို့ ပြောကြတဲ့ ဆယ်တန်းဆိုတဲ့ တံတိုင်းကြီးကို ကျော်လွန်ပြီး အမျိုးမျိုးသော ရည်ရွယ်ချက် ခံယူချက်တွေနဲ့ ဒီကျောင်းတော်ကြီးကို ရောက်လာခဲ့တယ်။
၁၉၉၈ ခုနှစ် မေလ ၃ ရက်နေ့ကစပြီး ငါတို့ရဲ့ စစ်သားဘ၀ဟာ စခဲ့တယ်လေ။ လူငယ်ဘ၀ရဲ့ လွတ်လပ်မှု အခွင့်အရေးတွေကို စွန့်လွှတ်ပြီး ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပခုံးချင်းဖက် လက်ချင်းယှက်ပြီး မြ၀တီ ဆိုတဲ့ တပ်ခွဲမှာ အေးအတူ ပူအမျှ နေလာခဲ့ကြတယ်။
၂၀၀၁ ခုနှစ် ဧပြီလ ၆ ရက် ဆိုရင် ငါတို့ဟာ နယ်ပယ်ဒေသ အသီးသီးမှာ တာဝန် ထမ်းဆောင်ကြတော့မယ်။
မကြာတော့တဲ့ အချိန်တာကို ကျော်လွန်ပြီးရင် ငါတို့ရဲ့ ပညာတွေနဲ့အတူ ကြံစည်ချက်တွေကို မျက်မြင်ကိုယ်တွေ့ ဖြစ်လာအောင် သရုပ်ဖော် ပြကြရတော့မယ်။ ငါတို့ရဲ့ ရနံ့တွေဟာ သမိုင်းတလျှောက်လုံးမှာ ထင်ကျန်ခဲ့မှာ ဖြစ်တယ်။ ဒါကြောင့် မွှေးပျံ့ ထုံသင်းနေဖို့ပဲ အားထုတ်ကြပါ။ အမှိုက်ပုံထဲက ရနံ့တွေလို ရာဇ၀င်တစ်ခုလို ကပ်ညိပြီး ထင်ကျန်ခဲ့တာမျိုး မဖြစ်ကြစေနဲ့။ စိုက်သောအပင်ရဲ့ အသီးကိုသာ စားကြရလိမ့်မယ်။
ကိုယ့်ကိုယ်ကို စီရင်နိုင်တဲ့ တရားသူကြီးတွေ ဖြစ်စေချင်တယ်။ တောင်ထိပ်ကို အားလုံး မရောက်ခဲ့ရင်တောင် ချောက်ထဲကိုတော့ တစ်ဦးတစ်ယောက်တောင် ဘယ်လိုအကြောင်းနဲ့မှ မကျဆင်းပါစေနဲ့။
ဘုံဖျားဆီကို စိတ်ထားတွေ ပို့ဆောင်နိုင်မှ ချုံကြားထဲကဘ၀ဆိုတာ လွတ်မြောက်နိုင်မယ်။ ငါတို့ရဲ့ တန်ဖိုးဆိုတာတွေဟာ မြင့်မြတ်စေမယ့် ဘုန်းတန်ခိုးတွေပဲ မဟုတ်လား။ အဲဒါကြောင့် တန်ခိုးကြီးသူတွေ ဖြစ်လာဖို့ဆိုတာ တန်ဖိုးမြင့်သူများ ဖြစ်အောင် ပထမဆုံး ကြိုးပမ်းကြရမယ်။ (အတော်ဆုံးလူတွေဆီကို အကြီးမားဆုံး ပြဿနာတွေ ရောက်လာစမြဲပဲ။)
စိတ်ဓာတ်တွေ ပျက်နေကြရင် ဒုက္ခတွေ ကြီးမားလာမယ်။ စိတ်ညစ်နေကြရင်လည်း မောဟတွေနဲ့ပဲ ဖုံးလွှမ်းသွားမယ်။ စူးစိုက်နိုင်တဲ့ သမာဓိဆိုတာ တို့အတွက် တန်ခိုးကြီးစေနိုင်တဲ့ အဖော်မွန်ကောင်း တစ်ဦးပါပဲ။ ဘ၀မှာ ကြုံတွေ့ ကြရမယ့် စိတ်ဆင်းရဲဒုက္ခ ငြိုငြင်ခြင်းတွေကို ပေပေါ်မှာတင်ပြီး ငါတို့ရဲ့ အစွမ်းသတ္တိတွေနဲ့ ထုလုပ်ပစ်ကြရမယ်။ အလျှော့မပေးတဲ့ စိတ်ဓာတ်တွေနဲ့ အတူ အခက်အခဲတွေကို ကျော်လွှားသွားကြပါ။ လောကဓံဆိုတာ အမောခံနိုင်ဖို့ပဲ လိုတာပါ။ ဘယ်သူ့ရဲ့ စော်ကားခြင်းကိုမှ မခံဘူးဆိုတဲ့ စိတ်ထားဟာ တို့အတွက် အလုံခြုံဆုံး စိတ်ထားတစ်ခုပါပဲ။
တစ်ချိန်ချိန်မှာ တပ်မတော်ရဲ့ လုပ်ငန်းတာဝန်တွေကို အကြောင်းအမျိုးမျိုးကြောင့် ထမ်းဆောင်ခွင့် မရတော့ရင်လည်း ကိုယ့်ကိုယ်ကို အစွယ်နုတ်ခံရတဲ့ မြွေပမာ စိတ်ခွန်အားနဲ့ ဇွဲမာန်သတ္တိတွေကို ချမပစ်ပါနဲ့။ ဇောင်းကနေ လွှတ်ပေးလိုက်တဲ့ မြင်းပမာ လွတ်လပ်စွာနဲ့ ကိုယ့်ဝါသနာအတိုင်း စိတ်ဝင်စားရာမှာ ထူးချွန်ခြင်းတွေနဲ့ အတူ မွေ့လျော်ကြပြီး သတင်းကျော်သူတွေဖြစ်အောင် ကြိုးစားနိုင်ကြပါစေ။
မကောင်းတဲ့ စရိုက်ဆိုးတွေကို အမှတ်တမဲ့အနေနဲ့တောင် ကြီးထွားခွင့် မပေးကြပါနဲ့။ ဘာကြောင့်လဲဆိုတော့ အကျင့်စရိုက်ဆိုတာ အကောင်းဆုံး ကျေးကျွန် ဖြစ်လာတတ်သလိုပဲ အဆိုးရွားဆုံး အရှင်သခင်လည်း ဖြစ်နိုင်တာပဲ။ တို့လို အရာရှိ လုပ်ကြမယ့် သူတွေ အတွက်တော့ ဓန ကြွယ်ဝရေး သက်သက် အတွက်ကိုပဲ ရည်မှန်းထားတဲ့ ပုဂ္ဂိုမျိုးတွေ မဖြစ်စေလိုဘူး။ ရွှေ ငွေ ကိုပဲ တန်ခိုးကြီးပြီး တန်ဖိုး မဖြတ်နိုင်ဘူးလို့ မယူဆထားကြပါနဲ့။ စိတ်ဓာတ် စိတ်မြတ်တွေရဲ့ အဖိုးတန်ပုံကိုလည်း သဘောပေါက် ထားစေလိုတယ်။
ရှေးဘ၀ ရေစက်ကြောင့် ဆုံဆည်းခဲ့ကြတဲ့ ငါတို့ သူငယ်ချင်းတွေ ဘယ်ဘ၀ ဘယ်အခြေအနေပဲ ရောက်ရောက် ငါတို့ရဲ့ နှလုံးသားတွေထဲမှာ ထာဝရ စွဲမြဲစွာ အမှတ်ရနေမှာပါ။
သူငယ်ချင်း အားလုံးအတွက် နောက်ဆုံးအနေနဲ့ ဆန္ဒပြု သတိပေးလိုတာက ပညတ်ချက်တစ်ခုအနေနဲ့ သတ်မှတ်ခြင်း ခံရတဲ့ အရာရှိမျိုးတွေ မဖြစ်ကြပါစေနဲ့။ ကိုယ့်ရဲ့ Intake ကို အဆိပ်ခတ်မိတဲ့ လုပ်ရပ်မျိုး ဘယ်တော့မှ မလုပ်မိစေနဲ့။
မြ၀တီ တပ်ခွဲနဲ့အတူ 43rd Intake ဟာ ကမ္ဘာကျေသော်လည်း ဥဒါန်း မကျေ ဖြစ်နေရမယ်။
ဗလအောင်သူရ

အားမာန်သစ္စာ ၄၃

ကျွန်ုပ်တို့သည် နိုင်ငံနှင့် လူမျိုးအတွက်ဟူသော မြင့်မြတ်သည့် နှလုံးသား စွန့်လွှတ် တည်ကြည်သော စိတ်ထားများဖြင့် လူငယ်ဘ၀၏ အခွင့်အရေးများကို စွန့်ကာ ၁၉၉၈ ခုနှစ် မေလ ၃ ရက်နေ့မှ စ၍ စစ်တက္ကသိုလ်တွင် စာပေပညာ စစ်ပညာများကို သုံးနှစ် သုံးမိုး အပတ်တကုတ် သင်ယူ လေ့ကျင့်ခဲ့ကြပြီး ဖြစ်သည်။ ၂၀၀၁ ခုနှစ် ဧပြီ ၆ ရက်နေ့မှ စ၍ လက်ရုံးရည် နှလုံးရည် ပြည့်စုံသော အရာရှိငယ်များအဖြစ် နိုင်ငံအနှံ့ နယ်ပယ်ဒေသ အသီးသီးတွင် တာဝန် ထမ်ဆောင်ကြရာ၌ စစ်တက္ကသိုလ် ဟူသော သားကောင်းများ မွေးထုတ်ပေးသည့် အမိမြေအားလည်းကောင်း အေးအတူ ပူအမျှ အတူတကွ ရုန်းကန်ခဲ့ကြသော အမှတ်စဉ် ၄၃ သင်တန်းမှ သွေးသောက် ရဲဘော် ရဲဘက်များအားလည်းကောင်း ရဲရင့်ခိုင်မာသော စိတ်ဓာတ်များ ရှင်သန် စေခဲ့သည့် ဘုရင့်နောင် တပ်ခွဲဟူသော မိခင် တပ်ခွဲအားလည်းကောင်း မည့်သည့်ဘ၀ မည်သည့် အခြေအနေမျိုးတွင် ရောက်ရှိနေစေကာမူ ဘ၀၏ တစ်စိတ် တစ်ဒေသအဖြစ် ကျွန်ုပ်တို့ နှလုံးသားတွင် ထာဝရ အမှတ်ရနေကြမည်သာ ဖြစ်သည်။
ဘ၀တစ်ကွေ့ ပြန်ဆုံတွေ့ကြရာ၌ ကျွန်ုပ်တို့သည် ထူးချွန် ထက်မြက်သော ရိုးသား ကြိုးစားသော အောင်မြင်သည့် ခေါင်းဆောင်များအဖြစ် သမိုင်းတွင် ကမ္ဗည်းတင် ကြပါစို့။
( ၆၇၄၇/ ဇေယျာဝင်း )

၄၃ ဆက်မြောက် ဘုရင့်နောင်

ဘုရင့်နောင် နောက်ပေါက်
၄၃ ယောက်မြောက်တို့ဟာ
ဖောင်ဖျက်လာရင်းက
ဘ၀ တစ်ဆစ်ချိုး
( ဒါမှမဟုတ် )
ပန်းတိုင်ရဲ့ တစ်နေရာကို ရောက်ခဲ့တယ်။
လက်ကို အပြည့်လွှဲ
ရေပုံးဆွဲကာ
အိမ်သာဆေးရင်း
ကြမ်းတိုက်ရင်းနဲ့
မင်းလား ငါလား ကြိုးစားခဲ့ကြဖူးတယ်။
အမာဆုံး အမတ်ဆုံး
လူတကာလည်းမုန်း
အပြာနှစ်တုံး ဆိုတဲ့
problem men တွေ ဘ၀လည်း
လွန်မြောက်ခဲ့ကြရပြီ။
God of DSA
နေချင်သလိုနေ ဆိုပေမယ့်
ပဲ့ရွဲ့သူ မဖြစ်ရအောင်
စွမ်းဆောင်နိုင်သလောက်တော့
ကြောက်တယ်ထင်ထင်
အသိဝင်တယ် ပြောပြော
မမောတမ်း လိုက်လုပ်နေရင်းနဲ့
ဟော. . . ဟိုမှာ ကြည့်စမ်း
ပြန့် ပြန့် ပြူးပြူး တစ်မျှော်တစ်ခေါ်
မြကော်ဇောလို မြက်ခင်း
Parade ကွင်းကြီးက
မိုးမကြောက် လေမကြောက်
မုန်တိုင်း မကြောက်နဲ့
ကျောင်းဆင်းပွဲ တစ်ခုဆီ ဦးတည်နေလေရဲ့။
အဲဒီနောက်မှာ
တာထွက်ကောင်းရင်
ပန်းအ၀င်မှာ
ရင်ကော့နိုင်သလို
တို့အချင်းချင်း
ကူညီ ရိုင်းပင်းလို့
ကျောင်းဆင်းရဲ့ Pride
ထိန်းလိုက်ကြရအောင်
ကိုင်း . . . ရောင်းရင်းတို့ရေ
ကြိုးစားကြည့်လိုက် ကြဦးစို့။
၇၀၀၃/ သိန်းနွယ်လှိုင်

ချယ်ရီရိပ်မှ တက္ကသိုလ်

ချယ်ရီရိပ်ခို တက္ကသိုလ်ဟု
ညွှန်းဆိုဂုဏ်တင် စာဖွဲ့ချင်သည်
တို့ရဲ့ မိခင် စစ်တက္ကသိုလ်။
ဖူးစပုရစ် သားရင်နှစ်တို့
စစ်ပညာသင် အမိရင်ဝယ်
ခိုဝင်လျှောက်ကာ အားသစ်ဖြာသည်
တောင်ပြာတန်းက တက္ကသိုလ်။
ဤတက္ကသိုလ် ကျောင်းရိပ်ညိုဝယ်
နားခိုခဲ့ကြ သားလှရည်မွန်
ပြည့်တံခွန်သည်
လွတ်လပ်ရေးနှင့် အသက်သွေးပမာ
အာဏာသုံးရပ် ပုတ်ခတ်ထိပါး
စော်ကားစွက်ဖက် နှောင့်ယှက်သောသူ
ပြည်သူ့အသက် ရက်စက်ဖဲ့ချွေ
တံတားတွေချိုး လုယက်ဆိုးသွမ်း
သောင်းကျန်းဆူပူ ဖောက်ပြန်သူ
တိုင်းပြည်ဂုဏ်ရောင် အလင်းဆောင်သည့်
ဘုန်းခေါင်ထွတ်ထား မြတ်ဘုရား၏
ဘာသာစကား စော်ကားသူ
ထိုသို့သောသူ ပြည့်ရန်သူကို
ကျူပင်ကိုခုတ် ကျူငုတ်မကျန်
တွန်းလှန်ဖြိုရင်း အသက်နှင်း၍
ပြည်တွင်းစည်သာ ပြည်သာယာအောင်
စွမ်းဆောင်ရှေးရှု ဦးရွက်ပြုသည့်
ပြည်သူ့ချစ်သား ဇာနည်ဘွားတို့
စွမ်းအားပြည့်ဝ လေ့ကျင့်ကြရာ
ဤနေရာသည်
ချယ်ရီရိပ်ခို တက္ကသိုလ်ဟု
ညွှန်းဆိုဂုဏ်တင် စာဖွဲ့ချင်သည်
တို့ရဲ့ မိခင်
စစ်တက္ကသိုလ်။
( ဗိုလ်လောင်း ကျော်စွာအောင် )

ခရမ်းရောင် သူငယ်ချင်းတို့

ဗန္ဓုလတပ်ခွဲမှာ သန္ဓေတည်ပြီး
မွေးထုတ်ပေးလိုက်တဲ့ ဗန္ဓုလတပ်ခွဲပေါက်စစ်စစ်(၁၃၆)ယောက်ရှိတယ်။
ပေါက္ကံရာမ ပုဂံပြည်ကြီးဆိုတာ မရှိတော့ပေမယ့် အခုအချိန်အထိ လူတွေ တသသ လွမ်းဆွတ်စွာ ပြောနေကြတုန်းပဲ။
စစ်သူကြီး မဟာဗန္ဓုဆိုတာ မရှိတော့ပေမယ့် အခုအချိန်အထိ လူတွေပြောမကုန်နိုင်အောင် ဖြစ်နေတုန်းပါပဲ။ ငါတို့ရဲ့ မိခင် ဗန္ဓုလတပ်ခွဲကြီး မရှိတော့ပေမယ့် ငါတို့ တွေ လွမ်းဆွတ်စွာ တသသ ပြောနေကြရဦးမှာပါ။ ငါတို့ ဗန္ဓုလသားတွေလဲ “လူသာသေမယ် နာမည်မသေရဘူး“ဆိုတဲ့ ဗန္ဓုလရဲ့ စိတ်ဓာတ်တွေနဲ့ ဗန္ဓုလတပ်ခွဲရဲ့ ဂုဏ်၊ စစ်တက္ကသိုလ်ရဲ့ ဂုဏ်ကို မြှင့်တင်ကြပါစို့။

၆၇၆၉/ဥာဏ်မျိုးကျော်

စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ


စစ်တက္ကသိုလ် အမှတ်တစ် ၀င်ပေါက်တွင် ဆောက်လုပ်ရန် စစ်ထောက်ချုပ်နှင့် စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးတို့က ၁၉၉၂ ဩဂုတ်လ ၃၀ ရက်နေ့တွင် မြေနေရာ သတ်မှတ်ခဲ့ပြီး ၁၉၉၂ မတ်လ ၂ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတည်ပြုခဲ့သည်။ ၁၄.၈၀ ဧက ကျယ်ဝန်းသော မြေတွင် ဆောက်လုပ်ထားပြီး စက်တင်ဘာ ၃ ရက်တွင် ပန္နက်ရှိုက် ဆောက်လုပ်ရာ ၁၉၉၄ ဧပြီ ၇ ရက် နံနက် ငါးနာရီတွင် ပြီးဆုံးခဲ့သည်။ လူအင်အား ၂၀၅၀ ဆန့် ခန်းမကြီး တစ်ခု ပါဝင်ပြီး ဇာတ်စင်မြင့် တစ်ခုကို ခန်းဆီး ကန့်လန့်ကာ မီးဆလိုက်များဖြင့် ဇာတ်က ရနိုင်အောင် ပြင်ဆင်ထားသည်။ ဧည့်တွေ့ ခန်းမများ ထမင်းစား ခန်းမ များစွာ ပါဝင် ဖွဲ့စည်းထားသည်။
ပြန်တမ်းဝင်ခန့်အပ်ခြင်း၊ ဘွဲ့ နှင်းသဘင်ကျင်းပခြင်း၊ ဗိုလ်လောင်းတာဝန်ကျ ခန့် အပ်ခြင်း၊ နိုင်ငံတော်အကြီးအကဲ၊ ကျောင်းအကြီးအကဲများ၏ သြ၀ါဒခံယူခြင်း၊ စကားရည်လုပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပခြင်း၊ ဆုပေးပွဲများ ကျင်းပခြင်းတို့တွင် အသုံးပြုနေပါသည်။

နိုင်မယ် တို့စစ်သား

အဆွေ ဘယ်လို သင်စိတ်ကူးတယ်
တကယ်ပင် အမျိုးသားချစ်ရင်ကွယ်
ယှဉ်ပြိုင်ကာ ဤစစ်ကြီးဝယ် ၀င်ကာ အသီးသီး နွှဲရမယ်
နိုင်မယ် တို့စစ်သားရယ်
အားမာန်မငယ် သန်းပေါင်းများစွာကြွယ်
ခင်မင်ရာ အသိုင်းအ၀ိုင်းနဲ့ မိဘတွေကိုကွယ်
စောင့်ရှောက်ကာလည်း ထားပါ့မယ် ဂုဏ်မငယ်စေဖွယ်
အရာရာမှာ လိုတာမရှိအောင် စောင့်ရှောက်ကာထားမယ်

ရဲရဲတောက်



ရဲရဲတောက် တို့ မြန်မာတွေ သတ္တိခဲတွေ
ရာဇ၀င်ထွန်းလောက်အောင် စွမ်းပေ
တို့တိုင်းတို့ပြည် လွတ်လပ်ရေးကို
အာဇာနည်သွေးတွေ
အရိုးကျေကျေ တို့ပြည် တို့မြေ
ညီစေနော် တို့ရဲဘော်
ချီတက်ကြစို့ တူပျော်ပျော်
ဘယ်ညာ ဘယ်ညာ
မြန်မာပြည် ငါတို့ပြည်
မြန်မာပြည် ငါတို့ပြည်
မြန်မာဆို ဓားကိုဆွဲလို့ ထွက်ဖို့ တော်ပြီလေ

အောင်ဆန်းနော်

ချီတက်ကြစို့ တို့မြန်မာ တပ်မတော်
စစ်ဆိုရင် ရဲစိတ်တွေဝင် မြန်မာတိုင်းပျော်
ကမ္ဘာတွင် ရာဇ၀င် တွင်လောက်သနော်
ငါတို့နိုင်ငံဂုဏ်ကို ကယ်တင်ခဲ့တဲ့ အောင်ဆန်းနော်
ဗိုလ်ချုပ်နော် တေဇနော်
တို့ပြည်သူများအတွက် ကမ္ဘာတည်အောင် ဇွဲသတ္တိနဲ့
စွမ်းဆောင်သူပျော်
ဘုန်းတန်ခိုး အာနုဘော်
လွှမ်းမိုးလို့ ကမ္ဘာလုံးကျော်
ပြိုင်ဘက်ကင်းတဲ့ ကောလိအတွင်းဝယ်
တစ်ဦးတည်း မင်းမဟော်
ရှည်ပါစေ ရှည်ပါစေ ရှည်ပါစေ အသက်ရာကျော်

အောင်စစ်သည်တော်

အောင်စစ်သည်တော် စစ်သည်တော် စစ်သည်တော်
နောင်တစ်ခေတ်၏ အောင်စစ်သည်တော်
အောင်လံယူကူပင့် ၀င့်ကာဆော်
အောင်လံတလူလူလွှင့် အမြင့်မှာမော်
မြန်မာပြည် အကျိုးအတွက်ပင် ထာဝစဉ်မျှော်
စစ်တက္ကသိုလ် တည်ထွန်းပေါ်
လူငယ်တွေခေါ် လူရွယ်တွေခေါ်
လက်ရုံးရည် နှလုံးရည် စွယ်စုံမြောက်အောင် သင်ကြားပေးခဲ့သနော်
နောင်တစ်ခေတ်ရည်မျှော် အောင်စစ်သည်တော်
သူရသတ္တိပြမယ် ကျားဟေ့ ညီညာစေသော်
ရန်စွယ်ရင်ကြွင်း ရှင်းရမနော်
ကျူပင် ကျူငုတ် အပြုတ်တိုက်မယ်နော်
ညီပါစေနော် ညီပါမယ်နော်
ညီပါစေနော် စစ်တက္ကသိုလ် ဇာနည်မော်

နောင်တော်စစ်သည်

နောင်တော်စစ်သည်များတို့
တိုင်းပြည်အတွက် အလုပ်လုပ်နှင့်ကြ
နောင်တော်စစ်သည်များတို့
တိုင်းပြည်အတွက် တိုက်ခိုက်နှင့်ကြ
ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ကြ
ရဲစိတ်မာန်ဟုန် စစ်သွေးကြွကြွ
အမိစစ်တက္ကသိုလ်မြေမှ ဆည်းပူးခဲ့တဲ့ပညာများ
တိကျစွာ အသုံးချလို့ လုံ့လ၀ီရိယရှိကြ
တာဝန်ကျရာ တပ်အသီးသီးသို့ ခရီးဆက်ရာမှာ
တို့တွေကို သတိရဖို့မလို
တိုင်းပြည်ကို ဆတိုး ကာကွယ်ကြ

စစ်တက္ကသိုလ် သီချင်း

အမျိုးချစ်တဲ့ ဇာနည် တိုင်းပြည်ဝန်ထမ်းမည်
စစ်တက္ကသိုလ် ကျောင်းသားများစွမ်းရည်
ပေးအပ်တဲ့တာဝန် ဒို့ကျေပွန်ရမည်
အားခဲကာ ဇွဲနဲ့တက်လှမ်းချီ
သုံးနှစ်ရာသီ သင်ကြားခဲ့ပြီ ပညာမွန် ထူးချွန်ကြပေသည်
ကြည်းနဲ့ ရေလေ ပေါင်းစု အခြေတည်
အာဇာနည် ရဲမက်ဒို့စစ်သည်
ပြည်သူရဲ့ အသည်းနှလုံးဘ၀ကို ရယူလိုပါသည်
ပြည်သူရဲ့ သားကောင်းများသည် တိုင်းပြည်ကာကွယ်မည်
တို့ပြည်သူ့ တပ်မတော်သည်
တိုင်းပြည်အတွက် ဖြစ်စေမည်
စည်းရုံးရင်းနဲ့ တို့တိုက်မည်

Monday, July 7, 2008

ဗိုလ်လောင်းများရွေးချယ်ခြင်း

အခြေခံပညာအထက်တန်းစာမေးပွဲကို(က)အဆင့်မှ အောင်မြင်ပြီးသော အသက်(၁၆)နှစ်မှ (၁၈)နှစ်အတွင်း ကျန်းမာရေးနှင့် ပြည့်စုံသူ အိမ်ထောင်မရှိသည့် (လူပျို)လူငယ် အမျိုးသားများအနေဖြင့် စစ်တက္ကသိုလ်သို့ တက်ရောက်လိုပါက ကိုယ်တိုင်လျှောက်ထားရပါသည်။

နောင်တစ်ခေတ်၏ အောင်စစ်သည်များမွေးထုတ်ရာ စစ်တက္ကသိုလ်

မြန်မာ့တပ်မတော်တွင် တာဝန်ထမ်းဆောင်ကြသည့် အရာရှိနှင့် စစ်သည်အဆင့်အတန်းအားလုံးအတွက် စစ်ပညာရပ်များ ကျွမ်းကျင်ပြည့်ဝစေရန် သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးရန် ကျောင်း/တပ်/စခန်းအသီးသီး တည်ထောင်ထားရှိပါသည်။ ၎င်းသင်တန်းကျောင်းများအနက် စစ်ပညာနှင့် စာပေပညာ စွယ်စုံကျွမ်းကျင်သည့် မြန်မာ့တပ်မတော်အရာရှိကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် စစ်တက္ကသိုလ်ကို တည်ထောင်ထားရှိခြင်း ဖြစ်ပေသည်။

တည်နေရာ
စစ်တက္ကသိုလ်ကို ၁၉၅၄ခုနှစ်၊ သြဂုတ်လ(၁)ရက်နေ့တွင် ရှမ်းပြည်နယ်၊ ဗထူးတပ်မြို့၌ စတင်တည်ထောင်ဖွင့်လှစ်ခဲ့သည်။ ၁၉၅၇ခုနှစ်၊ ဇွန်လ(၂၀)ရက်နေ့တွင် ပထ၀ီအနေအထားအရ ပိုမိုသင့်လျော်မည့် မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။

ဖွဲ့ စည်းပုံ
စစ်တက္ကသိုလ်ကို ဗိုလ်မှူးချုပ်အဆင့်ရှိသော ကျောင်းအုပ်ကြီးတစ်ဦးမှ ကွပ်ကဲအုပ်ချုပ်ပါသည်။ ကျောင်းဌာနချုပ်တွင် ကျောင်းအုပ်ကြီးအပြင် ဗိုလ်မှူးကြီး အဆင့်ရှိ အရာရှိတစ်ဦးမှ ဒုတိယကျောင်းအုပ်ကြီးအဖြစ် တာဝန်ယူဆောင်ရွက်လျက် ရှိပါသည်။ စစ်တက္ကသိုလ်တွင် လေ့ကျင့်ရေးဌာန၊ စာပေဌာနနှင့် အုပ်ချုပ်မှုဌာနဟူ၍ ဌာနကြီး(၃)ခုရှိသည်။ လေ့ကျင့်ရေးဌာနတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ နည်းပြမှူးချုပ်တစ်ဦး၊ စာပေဌာနတွင် ဗိုလ်မှူးကြီးအဆင့်ုရှိ စာပေညွှန်ကြားရေးမှူး တစ်ဦးတို့က စစ်တက္ကသိုလ်၏ ရည်မှန်းချက်တာဝန်များ ပြီးမြောက်အောင် အကောင်အထည်ဖော်ရေးနှင့် လက်ရုံးရည်၊ နှလုံးရည်ပြည့်စုံသော အရာရှိကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် တာဝန်ယူကြီးကြပ် ကွပ်ကဲလေ့ကျင့် သင်ကြားလျက်ရှိသည်။

လေ့ကျင့်ရေးဌာန
လေ့ကျင့်ရေးဌာနတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ နည်းပြမှူးချုပ်သည် ဗိုလ်လောင်းတပ်ရင်း၏ တပ်ရင်းမှူးအဖြစ် တာဝန်ယူကွပ်ကဲအုပ်ချုပ်သည်။ ဤဌာန တွင် ဗိုလ်လောင်းတပ်ခွဲ(၈)ခွဲအပြင် လက်နက်သင်ဌာန၊ စစ်ရေးပြဌာနနှင့်ကြံ့ခိုင်ရေး ဌာနတို့ရှိသည်။ ဗိုလ်လောင်းတပ်ခွဲတစ်ခွဲစီတွင် ဗိုလ်မှူးအဆင့်ရှိ တပ်ခွဲမှူးတစ်ဦးက ကွပ်ကဲပြီး ဗိုလ်လောင်းတပ်စုငါးစု ပါဝင်သည်။ ဗိုလ်လောင်းတပ်စုတစ်စုချင်းကို ဗိုလ်ကြီးအဆင့်ရှိ တပ်စုမှူးတစ်ဦးစီက တာဝန်ခံအုပ်ချုပ်သည်။ ဗိုလ်လောင်းတပ်ခွဲ တိုင်းကို ပထမနှစ်မှ နောက်ဆုံးနှစ်အထိ သင်တန်းသားဗိုလ်လောင်းများဖြင့် ဖွဲ့ စည်း ထားသည်။ နှစ်ရင့်ဗိုလ်လောင်းများက နှစ်ငယ်ဗိုလ်လောင်းများကို ဆင့်ကဲထိန်းကျောင်း သည့်စနစ်လည်း ထားရှိစေသဖြင့် ဗိုလ်လောင်းများ၏ တစ်ကိုယ်ရေစည်းကမ်း၊ စိတ်ဓာတ်၊ ကျန်းမာရေး၊ သက်သာချောင်ချိရေးနှင့် စစ်ပညာ၊ စာပေပညာတိုးတက်မှုအတွက် အထောက်အကူပြုစေပါသည်။

စာပေဌာန
စာပေဌာနတွင် ဗိုလ်မှူးကြီးအဆင့်ရှိသော စာပေညွှန်ကြားရေးမှူးတစ်ဦးက ကွပ်ကဲပါသည်။ စာပေဌာနတွင် ၀ိဇ္ဇာနှင့် သိပ္ပံဘာသာရပ်အလိုက် ဌာန(၁၀)ခုရှိသည်။ ၎င်းဌာနများမှာ ၀ိဇ္ဇာဘာသာရပ်အတွက် ပထ၀ီဌာန၊ သမိုင်းဌာန၊ ဘောဂဗေဒဌာနနှင့် စိတ်ပညာဌာနတို့ဖြစ်ကြပြီး သိပ္ပံဘာသာရပ်အတွက် သင်္ချာဌာန၊ ရူပဗေဒဌာန၊ ဓာတု ဗေဒဌာနနှင့် ကွန်ပျူတာဌာနတို့ ဖြစ်ကြသည်။ ဘာသာစကားဆိုင်ရာဌာနအဖြစ် မြန်မာစာဌာနနှင့် အင်္ဂလိပ်စာဌာနတို့ ရှိကြသည်။ စိတ်ပညာဌာနမှလွဲ၍ ကျန်ဌာနများ ကို ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ ပါမောက္ခတစ်ဦးစီက တာဝန်ယူကြီးကြပ် သင်ကြား ပေးသည်။ စာပေညွှန်ကြားရေးမှူး၏အောက်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ လက်ထောက်စာပေညွှန်ကြားရေးမှူးတစ်ဦးက တာဝန်ခံကြီးကြပ်ပါသည်။ စာပေဌာန တွင် စာကြည့်တိုက်တစ်ခုနှင့် ပုံနှိပ်စက်တစ်လုံးလည်း သီးခြားထားရှိပါသည်။

စစ်တက္ကသိုလ်ဘွဲ့ နှင်းသဘင်အခမ်းအနား
စာပေဌာနတွင် ဗိုလ်လောင်းများအား တက္ကသိုလ်အဆင့် စာပေပညာရပ်များ ကျွမ်းကျင်နှံ့စပ်စွာ တတ်မြောက်ရေးအတွက် တာဝန်ယူသင်ကြားပေးကာ တတိယနှစ် အောင်မြင်ပြီးစီးပါက ၀ိဇ္ဇာဘွဲ့ သို့မဟုတ် သိပ္ပံဘွဲ့ ကို အပ်နှင်းပါသည်။ ကျောင်းဆင်းအရာရှိများအား မည်သည့်လက်ရုံး/၀န်ထမ်းတပ်ဖွဲ့ ဆိုင်ရာ သင်တန်းများကိုမဆို လွယ်လင့်တကူ ဆက်လက်ဆည်းပူးနိုင်ရေးအတွက်လည်း ရည်ရွယ်သင်ကြားပေးပါသည်။ စာပေဌာနတွင် သင်ကြားပြသလျက်ရှိသော စစ်ဘက်/နယ်ဘက် ဆရာ/ဆရာမများအား မဟာဝိဇ္ဇာ/မဟာသိပ္ပံဘွဲ့ များ ရရှိနိုင်ရေး အတွက် ပညာဆက်လက်ဆည်းပူးခွင့်ကို စီစဉ်ဆောင်ရွက်ပေးပါသည်။

အုပ်ချုပ်မှုဌာန
ဤဌာနတွင် ဗိုလ်လောင်းများလေ့ကျင့်ရေး၊ စာပေသင်ကြားရေးနှင့် စစ်တက္ကသိုလ်တစ်ခုလုံး၏ လိုအပ်သည့် အုပ်ချုပ်ထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင် ရန် ဗိုလ်မှူးတစ်ဦးမှ တာဝန်ခံကြီးကြပ်ဆောင်ရွက်ပါသည်။ သရုပ်ပြတပ်ခွဲ၊ တပ်ထောက်တပ်စု၊ မော်တော်ယာဉ်တပ်စု၊ ဆေးတပ်စု၊ အထွေထွေတပ်စုနှင့် စစ်တီးဝိုင်းတပ်ခွဲတို့ကိုလည်း အသီးသီးဖွဲ့ စည်းထားရှိပါသည်။

ကြီးကြပ်ညှိနှိုင်းရေးကော်မတီ
အထက်ပါဌာနသုံးခုအပြင် စစ်တက္ကသိုလ်ကြီးကြပ်ညှိနှိုင်းရေး ကော်မတီကို လည်း ဖွဲ့ စည်းထားရှိပါသည်။ ဤကော်မတီသည် ဗိုလ်လောင်းများ၏ သက်သာ ချောင်ချိရေး၊ စစ်ပညာ၊ စာပေပညာသင်ကြားရေးဆိုင်ရာ ကိစ္စများအတွက် ညှိနှိုင်း ဆောင်ရွက်ပေးရပါသည်။ ကျောင်းအုပ်ကြီးသည် စစ်တက္ကသိုလ်အတွက် အပြည့်အ၀ တာဝန်ရှိသူဖြစ်ပြီး ဤကော်မတီနှင့် ဆွေးနွေးညှိနှိုင်းကာ လုပ်ငန်းကိစ္စရပ်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်ရပါသည်။

စစ်တက္ကသိုလ်သမိုင်းအကျဉ်း

စတင်တည်ထောင်သည့်နေရာ -ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ဗထူးတပ်မြို့
စတင်တည်ထောင်သည့်ရက် -၁၉၅၄ခုနှစ်၊ သြဂုတ်လ(၁)ရက်
ပထမပတ်သင်တန်းစတင်သည့်ရက် -၁၉၅၅ခုနှစ်၊ ဇူလိုင်လ(၁)ရက်
အမည် -စစ်တက္ကသိုလ်
(Defence Services Academy)
ပြင်ဦးလွင်သို့ပြောင်းရွှေ့သည့်ကာလ -၁၉၅၇ခုနှစ်၊ ဇွန်လ(၂၀)ရက်မှ (၂၆)ရက်အတွင်း

စစ်တက္ကသိုလ်၏ ရည်ရွယ်ချက်

နိုင်ငံတော်လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကာကွယ်မည့် ပြည်သူ့တပ်မတော်အတွက် လိုအပ်သည့် လက်ရုံးရည်၊ နှလုံးရည်ပြည့်ဝသော အရာရှိကောင်းများ လေ့ကျင့်မွေးထုတ်ပေးရန်။