ချယ်ရီပွင့်တို့
လန်းစွင့်ခက်ဖြာ နီတာနီရဲ
ဖူးပွင့်မြဲ။
စိန်ပန်းပွင့်တို့
လန်းစွင့်ရွှန်းဖြာ နီပြာတစ်ချို့
အလှမို့မြဲ။
နီသောရဲသော
ပြာသောလွင်သော
လှမောဖွယ်ပန်း လှသောပန်းတို့
ပွင့်လန်းဆန်းသစ် ရနံ့လှစ်သို့
အောင်စစ်သည်ပန်း မျိုးချစ်ပန်းလည်း
တင့်ဆန်းမွှေးဆဲ သင်းထုံမြဲ။
အောင်စစ်သည်ပန်း
ပွင့်လန်းဂုဏ်ထက် ရနံ့တက်ဖို့
စစ်တက္ကသိုလ် ကျောင်းရိပ်ညိုတွင်
ကွန်းခိုလေ့လာ သုံးနှစ်တာမျှ
ဗျူဟာစာပေ နည်းဖွေကြံဆ
ထွန်းပတစ်ခေတ် လူရင်းမြစ်ကို
"သစ္စာ သိပ္ပ သူရ" ဆင့်လောင်း
"သားကောင်းတစ်ယောက် ကျောက်ကောင်းတစ်စေ့"
လေ့ကျင့်ပေးကြ ဆည်းပူးကြလျက်
စံပြဖြစ်တည် အောင်စစ်သည်သို့
စွမ်းရည်ကျော်ဟိုး အားသစ်နှိုးမည်
ပန်းပျိုးသူတို့ စွမ်းအားနှင့်။
မညှိုးပန်းတို့ ကြွားကြွားဝင့်။
ရှုကြည့်ပါလေ
မြန်မာ့မြေတွင်
မြန်မာစင်စစ် မြန်မာချစ်သည့်
အောင်စစ်သည်ပန်း ပွင့်ဝေလွှမ်းမြဲ
ဦးထမ်းပဲ့ထမ်း ဘဝလမ်းတွင်
ရဲစွမ်းရဲရင့် ရဲသွေးဆင့်လျက်
ရဲဝံ့နီမောင်း ရဲမာန်ပေါင်းကာ
ကောင်းမြတ်တည်ကြည် နှလုံးရည်ဖြင့်
တိုင်းပြည်အတွက် ယုံကြည်ချက်လျှင်
သွေးသက်ခန္ဓာ ပေးလှူပါသည်
ဒါသည်တို့ပြည် ဒါတို့မြေဟု
တစ်သဝေမတိမ်း စဉ်စောင့်ထိန်းသော်
ငြိမ်းအေးရွှေပြည် တည်စေသတည်း။
ခေတ်နှင့်အညီ ချီစေသတည်း။
ရနံ့ဂုဏ်ရည် ထည်စေသတည်း။
မောင်သန့်ဇင်
ဗိုလ်မှူးသန့်ဇင်အောင်
စတသ(၃၉)
( စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၀ )
ဗိုလ်မှူးသန့်ဇင်အောင်
စတသ(၃၉)
( စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၀ )
No comments:
Post a Comment