Monday, February 14, 2011

တမ်းချင်းကျောင်းရိပ်ညို

လူမရောက်လည်း
ရောက်ဖြစ်စိတ်မှာ အခါခါတည့်
တောင်ပြာရိပ်ညို တက္ကသိုလ်သို့ . . . ။

ပျော်ခဲ့ဖူးရာ လေးနှစ်တာ၏
ကာလများပင် အရိပ်ထင်လျက်
ခုပင်လေလား အတွေးမှားဆဲ . . . ။

ချယ်ရီပွင့်ကြွေ နှင်းဆမ်းမြေဝယ်
တို့ခြေရာများ ဝိုးတဝါးမျှ
ကျန်ငြားလိမ့်ထင် ရှာဖွေချင်ဆဲ . . . ။

ကျောင်းဆင်းခဲ့ကြ ချိန်မှစ၍
အလှမသန်း ဘဝကြမ်းခဲ့
ကိုယ့်လမ်းကိုယ်ဖောက် ကိုယ်လမ်းလျှောက်ကြ
ရောက်သည့်နေရာ ပျော်ပိုက်စွာတည့်
ကျရာဝန်ထမ်း မလျှော့တမ်းလေ
ပန်းသည်မမှတ် လှမ်းချီဖြတ်ခဲ့
စွဲမှတ်ရင်မှာ ကိုယ်စီသာလျှင်
သစ္စာ သိပ္ပ သူရ ပြည့်စုံ
ကျောင်းဂုဏ်ဆောင်နှင်း ကျေပွန်ခြင်းဖြင့်
ရင်တွင်းလှိုက်လှဲ ဂုဏ်ယူမြဲ. . . ။

ငယ်ပေါင်းတို့မူ
တစ်ချို့ပွင့်ဝေ တစ်ချို့ကြွေကာ
တစ်ချို့မှာနား တစ်ချို့သွားဆဲ
ဆုံသည်လည်းရှိ မဆုံရှိခဲ့
ဆုံသည့်အခါ မပါသူမေး
ဝေးသူကိုတမ်း ရော်ရမ်းမိဆဲ . . . ။

နှင်းမှုန်တွေကြား ပြေးလွှားလေ့ကျင့်
ချွေးပွင့်စိုရွှဲ လက်တွဲဖေးကူ
ကြည်ဖြူလန်းရွှင် ဟိုငယ်စဉ်လို
စုံလင်ညီညာ ဆုံဖို့ရာကား
ဘယ်မှာမရှိ နားလည်သိခဲ့
သိပင်သိလျက် လက်ခံခက်စွာ
အိပ်မက်မက်ဆဲ မျှော်လင့်ဆဲ . . . ။

ဩော် . . . တစ်ခါဖူးမျှ
ခြေချပိုင်ခွင့် ခါမသင့်လည်း
မျှော်လင့်လျက်ပါ တစ်ချိန်ခါဝယ်
လှမ်းလာဦးခိုက် ကျောင်းတော်​၌လျှင်
နှစ်ခြိုက်ပျော်မွေ့ ငယ်ဓလေ့များ
တွေ့လိုစိတ်ဇော တစ်ရံရောဆီ
ဖွေမောလိုက်ပါ ချင်စမ်းပါဘိ
တစ်ခါတုန်းက စစ်တက္ကသိုလ် . . . ။
အမေ့သားတို့ ကျောင်းရိပ်ညို . . . ။
အောက်မေ့ဆွတ်တမ်း လွမ်းစိတ်ပို . . . ။
ဇော်မင်းမင်းဦး
ဒုတိယဗိုလ်မှူးကြီး ဇော်မင်းဦး(ငြိမ်း)
စတသ (၂၀)
( စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၀ )

No comments: