၆၆၃၃/ဗိုလ်လောင်း ကောင်းထက်စံ
ဗန္ဓုလတပ်ခွဲ
စစ်တက္ကသိုလ်
၁၇-၁၁-၂၀၀၀၊ သောကြာနေ့
အမေ
သား သတိတရ စာရေးလိုက်ပါတယ်။
နောက်ဆုံးနှစ်
ကျောင်းဆင်းခါနီးမို့လို့ အသားကျသွားသလားတော့ မသိပါဘူး အမေရယ်။
ဂျူနီယာဘ၀တုန်းကလို အိမ်ကို သိပ်မလွမ်းတော့ဘူး။ ပြီးတော့ အထက်မှာလည်း
အရာရှိကလွဲရင် ကိုယ့်ကို ကြပ်မယ့်သူမရှိတော့ လွတ်လပ်သွားပြီလေ။
အပြစ်ပေးခံရမှာ သတင်းပို့ သွားရမှာတွေလည်း စိတ်ထဲ ထည့်စရာ မလိုတော့ဘူး။
ကိုယ့်ဘာသာ လွတ်လွတ်လပ်လပ်နဲ့ စည်းကမ်းတကျနေရင် အေးချမ်းလို့။
မနက် ငါးနာရီထိုးလို့ ပထမနှစ် ကင်းသမားက အိပ်ယာထချိန်လို့အော်မှ အိပ်ယာနိုးတယ်။ ကပျာကယာ ကစ်ခေါက်၊ ပီတီဝတ်စုံလဲ၊
အိမ်သာတက်ပြီး ဆင်းလာရင် ပီတီခရာမှုတ်ပြီ။ ကွင်းစပ်က လှေခါးမှာ
ခဏထိုင်ပြီး တန်းစီ။ မနက်ခင်းပိုင်းဆို တနင်္လာနေ့ကလွဲရင် ပြေးရတယ်။
စစ်တက္ကသိုလ် ၀င်းထဲမှာပဲ ပတ်ပြေးရတာ နှစ်မိုင်လောက်တော့ ရှိမှာပေါ့။
ဂျူနီယာ ဘ၀တုန်းက စီနီယာတွေ မောင်းတာဆိုတော့ တိုင်ပင်ဆိုရတာ သိပ်
နားရတယ်မရှိဘူး။ တိုင်ပင် ဆိုတယ်ဆိုတာ အမေ သိပါတယ်။ ပြေးနေရင်းနဲ့ “
ဘာလုပ်နေလဲ” “လေ့ကျင့်နေတယ်”၊ “ ဘာလုပ်ဖို့လဲ” “ တိုက်ပွဲဝင်ဖို့”၊ “
ဘယ်သူ့တွက်လဲ” “ ပြည်သူ့အတွက်” အဲဒါတွေ ဆိုရတာ။ အခု ပီတီဆရာက မောင်းတော့
တိုင်ပင် သိပ်မဆိုရဘူး။ အရင်တုန်းကဆို ပီတီ လမ်းတစ်ဝက်လောက်ရောက်ရင်
လမ်းလျှောက်ရတယ်။ အခုတော့ မလျှောက်ရဘူး။ အစအဆုံးပြေးရတာ။ ပီတီကွင်းထဲ
ပြန်ရောက်ရင် မောဟိုက်ပြီး အခုလို ဆောင်းတွင်းမှာတောင် ချွေးတွေ ရွှဲနေပြီ။
ကွင်းထဲရောက်တာနဲ့ ကိုယ့်ဘာသာ အကြောလျှော့၊ ဒိုက်ထိုး၊ ဘယ်ရီရိုက်လုပ်။
မနက် ၆း၁၀ ဆိုရင် တန်းဖြုတ်ပြီ။
အဆောင်ပေါ်ပြေးတက်ပြီး အင်္ကျီကို
ကော်ရစ်ဒါလက်ရမ်းမှာ ခဏလွှားထားရတယ်။ အဲသည် အင်္ကျီတွေ ဘာတွေက အပြင်မှာ
ထားခဲ့လို့ မရဘူးလေ၊ အကုန်လုံး သေတ္တာထဲ ခေါက်ထည့်ခဲ့ရတာ။ ပြီးရင်
ကတန်းကမန်း ရေဆင်းချိုး၊ ခုနက ချွေးထွက်ထားပေမယ့် ရေချိုးတော့လည်း
ချမ်းချမ်းနဲ့ပေမယ့် ချိုးလို့ကောင်းပါတယ်။ ရေချိုးရတာ တစ်ခါတစ်လေ
သားတို့ အောင်စစ်သည် တပ်ခွဲက ကုန်းအမြင့်ဆုံးမို့လား မသိပါဘူး။ ရေပြတ်တဲ့
အခါ ပြတ်တယ်။ တစ်ခါတစ်လေ မျက်နှာသစ်စရာတောင် ရေမရှိဘူး။ အဲဒီ အခါကျရင်
နီးစပ်ရာ ဆင်ဖြူရှင် တပ်ခွဲတို့ဘာတို့မှာ ရေသွားချိုးရတယ်။ ရေချိုးပြီးရင်
အပြေးအလွှား အဆောင်ပေါ်တက် ယူနီဖောင်းဝတ်ရတယ်။ အခုလို ဆောင်းတွင်းမှာ
ဂျာကင်အင်္ကျီတွေ ၀တ်ရတယ်။ ဗုဒ္ဓဟူးနေ့ဆိုရင်တော့ ဘယ်ရီ နီညိုရောင်နဲ့ပေါ့။
ယူနီဖောင်းလဲပြီးရင် တန်းစီခရာ မှုတ်ပြီ။ အခန်းထဲကို သေသေချာချာ ပြန်စစ်။
အရာရှိ လာစစ်ဆေးရင် အစစ်ဆေးခံနိုင်အောင် အိပ်ယာတွေ ဆွဲဆန့်၊ ကြမ်းကို
တံမျက်စည်းနဲ့ နှစ်ချက်သုံးချက် ခတ်ပြီးရင် အခန်းတံခါးပိတ် ထွက်ခဲ့တယ်။
အရာရှိလာစစ်မယ်လို့ ပြောထားတဲ့ နေ့ဆိုရင် အခန်းသော့
ဖွင့်ပေးထားရတယ်။ကျန်တဲ့နေ့တွေတော့ အခန်းသော့ ခတ်ခဲ့တယ်။
ကွင်းထဲရောက်လို့
တန်းစီပြီဆိုရင် ပထမနှစ်က ရှေ့ဆုံးက၊ ဒုတိယနှစ်က အလယ်က၊ တတိယနှစ်က
နောက်ဆုံးက တန်းစီရတယ်။ ကိုယ့်နောက်မှာ စီနီယာတွေ ရှိနေတော့ စကားလဲ
မများရဲတော့ဘူး။ တစ်ခါတည်း စည်းကမ်းထိန်းပြီးသား ဖြစ်တာပေါ့။ ဒါပေမယ့်
နောက်ဆုံးနှစ် စီနီယာတွေကတော့ အရာရှိ ကွင်းထဲရှိမနေရင် စကားများတာပါပဲ။
စည်းကမ်းရှိတဲ့သူတွေ အများကြီး ရှိသလို အရာရှိ ရှိနေရင်တစ်မျိုး
ကွယ်ရာတစ်မျိုး လုပ်တတ်တဲ့သူလည်း ရှိတာပေါ့။ နိုင်ငံတော်အလံနဲ့
ကျဆုံးလေပြီးသော အာဇာနည်များကို အလေးပြုပြီးတဲ့အခါ သစ္စာအဓိဌာန် လေးချက်နဲ့
တို့တာဝန် အရေးသုံးပါးကို ဆိုရတယ်။ အဲဒါပြီးရင် စစ်သည်တော်
ကျင့်ဝတ်ခြောက်ဆယ်ထဲက တစ်နေ့တစ်မျိုး ဆိုကြရတယ်။ ရှေ့က ဗိုလ်လောင်း
တပ်ရင်းမှူးက တိုင်ပေးတာပေမယ့် သားကတော့ ကျက်ထားလို့ အခု အလွတ်ရနေပါပြီ။
ပြီးရင်
အလံလဲတယ်။ Intake flag လဲတယ်လို့လဲ ခေါ်ကြတယ်။ အလံလဲတယ်ဆိုတာ အမေတို့ကို
သားပြောဖူးပါတယ်။ သားတို့ရဲ့ ဗိုလ်လောင်း ဗျူဟာနံပါတ် အစဉ်အတိုင်းကို
ကျောင်းဆင်းပွဲရောက်ဖို့ ရက် ၁၅၀ လိုရင် ဗျူဟာနံပါတ် ၁၅၀ ပိုင်ရှင်
ဗိုလ်လောင်းက အပတ်စဉ် ကိုယ်စားပြု အလံကို တပ်ရတယ်။ နောက်တစ်နေ့ကျရင်
ဗျူဟာနံပါတ် ၁၄၉ ကို အလံ လွှဲပေးရတယ်။ အဲဒါကို အလံလဲတယ် ခေါ်တာ အမေရဲ့။ ကိုယ်
အလံတပ်ခွင့် ရတဲ့နေ့မှာ အထိမ်းအမှတ်အနေနဲ့ သူငယ်ချင်းတွေ ညီငယ်တွေကို
အကျွေးအမွေး လုပ်လေ့ရှိတယ်။ အရင်တုန်းကတော့ ဂျုံကြိုတို့ စမိုင်တို့
တိုက်ကြပေမယ့် အခုနောက်ပိုင်းတော့ အိုအိရှိမုန်ကထုပ်လေးတွေ၊ ကော်ပြန့်ကြော်
အာလူးကြော်တို့ ကျွေးလေ့ရှိတယ်။ တစ်ခါတစ်လေ ဆေးလိပ်တောင် ပါသေးတယ် အမေရဲ့။
လေ့ကျင့်ရေးရုံးက ခွင့်မပြုပေမယ့် တိုးတိုးတိတ်တိတ်ပေါ့ အမေရယ်။
ဗိုလ်လောင်းတပ်ရင်းမှူးက
တပ်ခွဲလိုက် ဆက်လုပ်ဖို့ အမိန့်ပေးရင် တပ်ခွဲမှူးတွေက ကိုယ့်တပ်ခွဲလိုက်
လုပ်စရာရှိတာ ဆက်လုပ်ရတာပေါ့။ နောက်ဆုံးနှစ် တာဝန်ကျဗိုလ်လောင်းတွေက
ဂျူနီယာတွေကို ၀တ်စားဆင်ယင်မှု စစ်ဆေးရတယ်။ သားလဲ ပထမအကြိမ်တုန်းက
တပ်စုမှူး တာဝန်ကျ တစ်ယောက်မို့ ဒုတိယနှစ်ဗိုလ်လောင်းတွေကို အမြဲတမ်း
ဝတ်စားဆင်ယင်မှု စစ်ဆေးရတယ်။ စစ်တပ်စကားနဲ့ဆိုရင် တန်းနောက် (Turn out)
စစ်တယ် ခေါ်တာပေါ့။ ဦးထုပ်တံဆိပ် ကော်လံကြပ် နဲ့ ခါးပတ်ခေါင်းတွေကို
ကြေးပွတ်ဆေးနဲ့ ပြောင်လက်နေအောင် တိုက်ရတယ်။ ဖိနပ်တွေကို ကြွေသားလေးလို
ပြောင်ပြီး လက်ထနေအောင် ဖိနပ်တိုက်ဆေးနဲ့ တိုက်ရတယ်။ မတိုက်တတ်ရင်
ဆေးသာကုန်ပြီး မပြောင်ဘူး။ သူ့တို့ကို စစ်ဆေးတော့မယ်ဆိုရင် ကိုယ်တိုင်
ပြောင်အောင်တိုက်ပြီးမှ သူတို့ကို စစ်တဲ့အတွက် သူတို့ကလည်း ပြောင်အောင်
အားထည့်တိုက်ကြပါတယ်။ သားဂုဏ်ယူတာ တစ်ခုက သား တာဝန်ကျဖြစ် အမြဲတမ်း
စစ်ဆေးရတုန်းကဆိုရင် သားတို့ အောင်စစ်သည်တပ်ခွဲက ဒုတိယနှစ်
ဗိုလ်လောင်းတွေဟာ တပ်ရင်း (၁) က တပ်ခွဲ လေးခွဲမှာ ဖိနပ် အပြောင်ဆုံး
စမတ်အကျဆုံးပဲ အမေရဲ့။ ၀တ်စားဆင်ယင်မှု စစ်ဆေးတဲ့ အချိန်မှာ နာရီပတ်ထားလို့
မရဘူး၊ အိပ်ကပ်တွေထဲမှာ ဘာမှ ထည့်ထားလို့ မရဘူး။ အိပ်ကပ် စမ်းကြည့်လို့
စာရွက်ပိုင်းလေး တစ်ရွက်တွေ့တာပဲဖြစ်ဖြစ် ဘောပင် တစ်ချောင်း
တွေ့တာပဲဖြစ်ဖြစ် အမှတ်ဖြတ်ခံရပြီသာ မှတ်ပေရော့။
နောက်ဆုံးနှစ်
ဗိုလ်လောင်းတွေကိုတော့ အရာရှိတွေ ကိုယ်တိုင်စစ်ဆေးတယ်။ အရာရှိက
စစ်ချင်တဲ့နေ့မှာ စစ်ချင်တာ ကောက်စစ်တာဆိုတော့ နေ့တိုင်းကို
ကောင်းကောင်းပြင်သွားမှ တော်ကာကျတာ နို့မဟုတ်ရင် တန်းနောက် တစ်ခါပါ
အမှတ်ဝက်နဲ့ ရှိသမျှအမှတ်တွေ ကုန်မှာပဲ။ တစ်နှစ်လုံး ရတာကမှ
အမှတ်တစ်ရာတည်းရယ်။ အရာရှိမလာတဲ့နေ့ဆို စောစောစီးစီး တန်းဖြုတ်ပြီး
စားရိပ်သာကို သွားပြီ။ တစ်ချို့က စားရိပ်သာ မသွားခင် မုန့်ဟင်းခါး
စားကြတယ်။ သားတို့ဆီမှာတော့ ကိုမောင် မုန့်ဟင်းခါးပဲ အကောင်းလုပ်ပြီး
စားနေရတာ။ သားကတော့ မနက်စာစားလည်း ၀တာပဲ။ အကုန်အကျ မများ ချင်တာကြောင့်
စားခဲပါတယ်။ စားရိပ်သာက တနင်္လာ ဗုဒ္ဓဟူး သောကြာ သုံးရက်ကို အီကြာကွေး နဲ့
ကြက်ဥ လက်ဖက်ရည်တိုက်ပြီး ကျန်တဲ့ နှစ်ရက်မှာ ပဲပလာတာနဲ့ ကြက်ဥ
လက်ဖက်ရည်တိုက်တယ်။ စားရတာ တင်းတိမ်ပါတယ်ပါတယ်။ ကျောင်းရောက်ခါစကတော့
အိမ်မှာ ထမင်းကြမ်း စားနေကျမို့ သိပ်မတင်းတိမ်ခဲ့ပေမယ့် အခုတော့
အသားကျသွားပါပြီ။ စားရိပ်သာထဲမှာ စားပွဲမှာ ၀င်ထိုင်ဖို့၊ စားပြီးရင်လည်း
စားပွဲက ထွက်သွားဖို့ကို စီနီယာတွေဆီကနေ ခွင့်တောင်းရတယ်။ တနင်္လာနဲ့
သောကြာနေ့တွေမှာ အင်္ဂလိပ်လို ခွင့်တောင်းရတယ်။
မနက်စာ စားပြီးတဲ့အခါ
အဆောင်အောက်မှာ ခဏသွားထိုင်၊ စုစု စုစုနဲ့စကားပြောကြ။ မနက် (၇း၄၅) ဆိုရင်
စာပေသင်တန်းသွားဖို့ တန်းစီပြီ။ စစ်ကြောင်းပုံနဲ့ စာပေသင်တန်းကို
ချီတက်တဲ့အခါ စစ်တီးဝိုင်းနဲ့ စစ်သီချင်းတွေဆိုပြီး သွားရတယ်။ တစ်ပတ်မှာ
တစ်ရက်တော့ သီချင်းမဆိုရဘူး။ လေချွန်ရတယ်။ မဆန်းဘူးလား အမေ။
စာပေသင်တန်းမှာ
မနက်ပိုင်းတစ်နာရီစီ သုံးချိန်သင်ရတယ်။ တစ်ချိန်နဲ့တစ်ချိန်ကြားမှာ
ငါးမိနစ် အနားပေးတယ်။ သားတို့က အင်္ဂလိပ်စာ အထူးပြုဆိုတော့ အခု
နောက်ဆုံးနှစ်မှာ မြန်မာစာ နှစ်ချိန်နဲ့ အပိုသင်ခန်းစာ တစ်ချိန်က လွဲရင်
ကျန်တာ အင်္ဂလိပ်စာတွေချည်းပဲ အမေရဲ့။ အင်္ဂလိပ်စာနဲ့ အမြဲထိတွေ့နေတာဆိုတော့
သူများတွေနဲ့စာရင် အင်္ဂလိပ်စာ ပိုတော်တာပေါ့။ တစ်ခါတစ်ရံ နည်းပြ မ၀င်အားတဲ့
အချိန်တွေဆို အခန်းထဲမှာ စုပြီး စကားပြောရင်ပြောတယ်။ လေ့ကျင့်ရေးက
အရာရှိတွေ ကသိအောင် ခိုးထည့်လာတဲ့ ၀တ္ထုတို့ တစ်ခြား စာအုပ်တွေ
ဖတ်ချင်ဖတ်တယ်။ တစ်ခါတစ်ရံ စာကြည့်တိုက်ထဲ သတင်းစာ သွားဖတ်ရင်ဖတ်တယ်။
ပျင်းလို့ အိပ်ချင်ရင်လည်း မှောက်အိပ်ချင် အိပ်ပစ်လိုက်တာ။
နေ့လည်
(၁၁း၁၅) မှာ ဗဟိုကင်းကနေ “ ထမင်းစားနိုင်ရန် အသင့်ရှိနေပြီ အားလုံးသိကြစေ၊
ထမင်းစားနိုင်ရန် အသင့်ရှိနေပြီ ရိပ်သာကိုလာပါ” ဆိုတဲ့ နေ့လည်စာစားချိန်
အချက်ပေးခရာမှုတ်တဲ့အချိန်မှာ ထမင်းစားပြန်ဖို့ တန်းစီပြီ။
စစ်တီးဝိုင်းမပါဘဲ ကိုယ့်ဘာသာ သီချင်းဆိုပြီး ပြန်တာ။ အမှန်တကယ် စစ်ရေးပြ
စည်းကမ်းအရဆို လက်ကို ၉၀ ဒီဂရီ အပြည့်လွှဲရတာ။ နောက်ဆုံးနှစ်
ဗိုလ်လောင်းတွေကတော့ ကြပ်မယ့်သူ မရှိတော့ မလွှဲဘူးအမေရေ့။ အလွန်ဆုံး ၄၅
ဒီဂရီပဲ လွှဲကြတာ။ ကောင်းတော့ မကောင်းဘူးပေါ့ အမေရာ။ အကြီးဆုံးက စံနမူနာပြ
ရှေ့ဆောင် လုပ်ပြရမှာ။ ဒါပေမယ့် အစဉ်အလာကြီး တစ်ခုလို ဖြစ်နေတော့
ပြုပင်ဖို့ သိပ်မလွယ်ပါဘူး။
တန်းပေါင်းစီကွင်းထဲမှာ တန်းဖြုတ်ပြီး
စားရိပ်သာကို သွားရတာ။ သားတို့ အငယ်ဘ၀တုန်းကတော့ ထမင်းက ခူးထားမပေးတော့
စီနီယာတွေအရင် ရောက်အောင်ပြေးပြီး ထမင်းခူး ပဲဟင်းခပ်ထားရတယ်။ အခုတော့
ဒုကျောင်းအုပ်ကြီး ကျေးဇူးနဲ့ ထမင်းဟင်း အဆင်သင့် ခူးခပ်ပေးထားတော့
အလုပ်မများတော့ဘဲ ဗိုလ်လောင်းပီပီ အေးအေးဆေးဆေး စားနိုင်ပါပြီ။ တစ်ပတ်မှာ စ
လယ် ဆုံး သုံးရက်က နေ့လည်စာ ၀က်သားဟင်း ပဲဟင်းနဲ့ ဟင်းရံ တစ်ခုခု၊
တစ်ခါတစ်ရံ ငါးပိရည်ပါတယ်။ ကြားနှစ်ရက်ကတော့ အမဲသားဟင်းကျွေးတယ်။
ထမင်းစားပြီးရင် ခုနလိုပဲ စာပေသင်တန်း ပြန်သွား။ ပထမနှစ်ဗိုလ်လောင်းတွေ
စစ်ရေးပြ ပြိုင်ပွဲ နီးတဲ့အချိန်ဆိုရင် ထမင်းအမြန်စားခိုင်းပြီး နေလည်ဘက်
ရသမျှ အချိန်လေးမှာကို စစ်ရေးပြ လေ့ကျင့်လိုက်သေးတယ်။
နေ့လည်ဘက်မှာလည်း
မနက်ပိုင်းမှာလိုပဲ တစ်နာရီစီ သုံးချိန်။ ညနေ (၃း၁၅) မှာ တန်းဖြုတ်တယ်။
စစ်တီးဝိုင်းနဲ့ပဲ အဆောင်ပြန်တယ်။ ကွင်းထဲရောက်ရင် ဗိုလ်လောင်း တာဝန်မှူးက
ညနေဘက် လုပ်ရမယ့် အစီအစဉ်ကို ညွှန်ကြားတယ်။ အဆောင်ပေါ်တက်
ပီတီဝတ်စုံလဲပြီးရင် အေးအေးဆေးဆေးပဲ ပီတီဆင်းတယ်။ သားတို့ နောက်ဆုံးနှစ်တွေ
လုပ်ရတဲ့ ကြံ့ခိုင်ရေးက သစ်လုံးတွေ မြှောက်ကစားရတဲ့ သစ်လုံးပီတီ၊
တင်းပုတ်တွေနဲ့ ကစားရတဲ့ တင်းပုတ်ပီတီ၊ နောက်ပြီး TV တွေထဲမှာ တစ်ခါတစ်လေ
တွေ့ရတဲ့ ကြိုးတက်တာတို့၊ အုတ်တံတိုင်းကျော်တာတို့ သားတို့အခေါ်
ယုံကြည်မှုကွင်းမှာ ကစားရတယ်။ ပြီးတော့ ကိုယ်ကာ အင်္ကျီတွေဝတ်ပြီး ကစားရတဲ့
လှံစွပ်ထိုး။ တစ်ချို့ ကြံ့ခိုင်ရေးချိန်တွေမှာ ဘာမှ မကစားရဘဲ အားကစားနဲ့
ပတ်သက်တဲ့ ဗဟုသုတတွေ ပို့ချတယ်။ တစ်ချို့ အချိန်တွေမှာ ဆိုရင်လည်း
ကွင်းထဲမှာပဲ ခြေလှုပ် လက်လှုပ်နဲ့ အညောင်းပြေရုံ ကစားရတဲ့ အခါတွေလည်း
ရှိပါတယ်။
ပီတီ ပြန်တက်လာရင် ရေအမြန်ချိုး ယူနီဖောင်းလဲ။ ဒီတစ်ခါ
ဝတ်ရတဲ့ ယူနီဖောင်းက ညနေခင်း ၀တ်စုံ။ ရှူးဖိနပ်နဲ့ ပေါ့ပေါ့ပါးပါးပဲ။
ကိုယ်က အမြန်လုပ်နိုင်ရင် တီဗီကြည့်ဖို့ အချိန်ရတယ်။ တီဗီကလည်း
အဲသည်အချိန်ဆို အစီအစဉ်လေးတွေ ကောင်းတယ်အမေရဲ့။ အကျယ်ကြီး ဖွင့်လို့တော့
မရဘူး။ (၅း၃၀)မှာ ညနေ တန်းစီပြီးရင် ထမင်းသွားစား။ ပုံမှန်အတိုင်းဆို ညနေ ၆
နာရီဆို သားတို့ ထမင်းစားပြီးပြီ။ အဆောင်ပြန်လာ။ မာဖီလို့ခေါ်တဲ့
အရပ်ဝတ်လဲပြီး ခုနစ်နာရီထိက ကိုယ်ပိုင်အချိန်ပဲ။ တီဗီကြည့်ချင်ကြည့်၊
စာဖတ်ချင်ဖတ်၊ တစ်ခြားတပ်ခွဲ အလည်သွားချင်သွား၊ ကိုယ်ကြိုက်တာ
လုပ်လို့ရတယ်။ သားကတော့ လုပ်စရာရှိတာလေးတွေကို အဲသည်အချိန်မှာ လုပ်တာပဲ။
သီချင်းကြော်ကြော်နဲ့ လုပ်တတ်တဲ့ သားအကျင့်ကို ဘေးခန်းတွေကတောင် သိနေကြပြီး
သားဆိုနေကြ သီချင်းတွေကို အလွတ်တွေတောင် ရနေကြပြီ။ သားဘာသီချင်းတွေ ဆိုလဲ
သိလား။ ငယ်ငယ်တုန်းက အမေ ဆိုဆိုပြတဲ့ အနှစ်နှစ်ဆယ် သီချင်းတွေပဲပေါ့။
ည
(၇) နာရီ စာကြည့်ချိန်ရောက်ရင် ကိုယ့်အခန်း ကိုယ့်နေရာမှ စာကြည့်ရတယ်။
စာကြည့်ချိန်မှာ ၀တ္ထုဖတ်ခွင့် မရှိဘူး။ အပြင်စာအုပ် မဖတ်ရဘူး။ မအိပ်ရဘူး။
စာပေဌာနက လာစောင့်တဲ့အရာရှိ လိုက်စစ်လို့တွေ့ရင် အပြစ်ပေးခံရနိုင်တယ်။
တစ်ခါတစ်ရံ တပ်ခွဲအရာရှိနဲ့ တပ်ရင်းတာဝန်မှူးအရာရှိတွေ ရှောင်တခင်
ဝင်စစ်တတ်တယ်။ ဒါပေမယ့် စစ်တက္ကသိုလ် ဗိုလ်လောင်း အမေရယ်။ နေလာတာပဲ
သုံးနှစ်ရှိပြီ။ အရာရှိဆိုတာ ကြိုးနဲ့ချည်ထားတာမှတ်လို့။ စာကြည့်ချိန်လဲ
စာမေးပွဲရှိတဲ့ရက်ကလွဲရင် လုပ်ချင်တာ လုပ်တာပဲ။ ဟဲဟဲ မိရင်တော့
အပြစ်ပေါ့ဗျာ။ အပြစ်ဖောက်တာမှ မိအောင်ဖောက်လဲ ကိုယ့်ဘာသာ ခံပေါ့။
ဗိုလ်လောင်းဆိုတဲ့ အမျိုးကောင်းသားတွေကလည်း ဆင်ခြေဆင်လက်တော့ အများသား။
အပြစ်ဖောက်လို့ မိရင်တောင် ပလီစိချောက်ချက်ပြောပြီး လွတ်အောင်ရုံးသေးတာ။
ပြီးတော့ သားတို့ ဆက်သွယ်မှု စနစ်ကလည်း ကောင်းတယ်လေ။ အရှိက အခန်း(၁)
မှာပဲရှိသေးတယ်။ အဲသည် သတင်းက အခန်း (၂၆) ထိရောက်သွားပြီ။ အရာရှိလာရင်
နံရံကို ဘယ်နှချက်ခေါက်လိုက် ဆိုတဲ့နည်းနဲ့ သတင်းပို့ ဆက်သွယ်ကြတာ။
တော်ရုံတန်ရုံကတော့ အရာရှိမိတဲ့အထိ ဖြစ်ခဲပါတယ်။
ည (၉း၃၀)
စာကြည့်ချိန်ဖြုတ်ပြီ ရွှီ ဆို အချက်ပေးလိုက်တာနဲ့ နောက်ဆုံးနှစ်
ဗိုလ်လောင်း တော်တော်များများက တီဗီရှေ့ ရောက်ကုန်တော့တာပဲ။ အဲသည်အချိန်မှာ
ကြော်ငြာတွေလာတယ်။ တစ်နေ့လာလဲ ဒီအခွက် ဒီမျက်နှာတွေပဲ မြင်နေရတဲ့
ဗိုလ်လောင်း ဘ၀မှာတော့ ကြော်ငြာထဲက ထက်ထက်မိုးဦးတို့ နန္ဒာလှိုင်တို့
စိုးမြတ်နန္ဒာတို့က အမောအပန်း ပြေစရာလေးတွေပေါ့။ ကန်တော့နော်အမေ။ သားလည်း
တီဗီ ကြည့်တဲ့အခါ ကြည့်တယ်။ ဖိနပ် တိုက်တဲ့အခါ တိုက်တယ်။ (၉း၃၀) ကနေ (၁၀)
နာရီထိ လုပ်စရာရှိတာ လုပ်ပြီးရင် ည (၁၀း၀၀) နာရီမှာ မီးပိတ်ခရာမှုတ်တယ်။
နောက်ဆုံးနှစ် တော်တော်များများက မီးပိတ်ချိန် မအိပ်ကြပါဘူး။ တစ်ချို့
တီဗီက တရုတ်ဇာတ်လမ်းတွဲတွေ ကြည့်တယ်။တစ်ခါတစ်လေ စာပေအရာရှိက
တီဗီကြည့်ခွင့်မပေးဘဲ အိပ်ခိုင်းရင် အရာရှိ လိုက်စစ်တဲ့အချိန်ပဲ
ငြိမ်နေပြီး အရာရှိ ဆင်းသွားတာနဲ့ ဟိုအခန်းကူး သည်အခန်းကူး စကားများလိုက်
ဆော့လိုက် လုပ်နေကြတာ။သားတို့က ကစ်ဖျက်လိုက်ရင် ပြန်ခေါက်ရမှာ ပျင်း
ခြင်ထောင် အပိုကလည်း မရှိဘူးဆိုတော့ ခြင်ထောင် ထောင်မအိပ်ဘူး။ အချို့
အရာရှိတွေက ခြင်ထောင်ထောင် အိပ်ခိုင်းတဲ့အခါ စိတ်မပါ လက်မပါနဲ့ ကစ်ထဲက
ခြင်ထောင်ထုတ်ပြီး ထောင်အိပ်ရတယ်။ မနက်ကျတော့ ပြန်ခေါက်ရတယ်။
အိပ်ပြီဆိုရင်တော့ မိုးလင်းတဲ့အထိ တစ်ရေးပဲ အမေရေ့။
စနေနေ့ဆိုရင် မနက်
(၆း၃၀) ကနေ (၇း၀၀)ထိ ထောပတ်ပင် စိုက်ခင်းသွားပြီး ကိုယ်စိုက်ထားတဲ့ အပင်လေး
ပတ်ဝန်းကျင်ကို ပေါင်းတင် ပြုစုရတယ်။ (၈း၀၀)နာရီမှာ လက်နက်သင်
ဝတ်စုံဝတ်ပြီး လက်နက် သင်ခန်းစာ ၀င်ရတယ်။ အရင်တုန်းကတော့ လက်နက်ငယ်တွေ၊
အခုတော့ လက်နက်ကြီးတွေ အပိုင်းရောက်လာပြီ။ လက်နက်သင်ခန်းစာကလည်း
သားတို့အတွက် အကျိုးရှိပါတယ်အမေ။ ဖက်ထိပ်လုပ်ရမယ့်အချိန်မှာ ပညာသင်နေရတာ
အကျိုးမရှိဘဲ နေပါ့မလား။ လက်နက်သင်ခန်းစာက (၁၀း၃၀) ထိ။ တစ်ခါတစ်ရံ (၁၁း၀၀)
နာရီထိရောက်တယ်။ အဲဒါပြီးရင် အ၀တ်လျှော်ချင်လျှော်။ တပ်ပြင် ထွက်ချင်ထွက်။
ကျန်တဲ့ တစ်နေကုန် ကိုယ့်အချိန်ပဲ။
သြော်အမေရဲ့ တစ်ခုကျန်သွားလို့ ။
သောကြာနေ့ ညနေဆိုရင် တပ်ခွဲ ဆွေးနွေးပွဲရှိတယ်။ တပ်ခွဲ ဆွေးနွေးပွဲ ဆိုတာ
တပ်ခွဲတစ်ခွဲလုံး ခန်းမထဲဝင်၊ ခေါင်းစဉ် တစ်ခုခုကို သင်တန်းတွေက တစ်ယောက်စီ
ထဆွေးနွေးတာ။ ဒါပေမယ့် အရာရှိမှ မရှိရင် ရှေ့ကလည်း ပြောချင်ရာပြော။
နောက်ဆုံးမှာ ထိုင်နေတဲ့ နောက်ဆုံးနှစ် ဗိုလ်လောင်းတွေကလည်း
ပြောချင်ရာပြော။ တစ်ခါတစ်ရံကျတော့ အလုပ်သဘော ဆန်လွန်းပါတယ်။ ပြောတဲ့လူကလည်း
ပါရာဖတ်ပြောသွားရင် နားထောင်တဲ့ သူကလည်း ဘယ်အချက်ကို မှတ်သားလို့
မှတ်သားရမှန်းတောင် မသိအောင် ဖြစ်ရတဲ့ အခါတွေရှိတယ်။ အရာရှိ တက်ရင်တော့
မှာစရာရှိတာ မှာပြီး တန်းဖြုတ်တယ်။ ရုံးပိတ်ရက်တွေမှာတော့ ဗီဒီယို
ကြည့်ခွင့်ရတယ်။ ဗိုလ်လောင်း CQ က အခွေ ငှားပေးတယ်။ ညဘက်တွေမှာ အရာရှိက
စက်ကို သိမ်းမထားရင် ည (၁)နာရီ (၂) နာရီ၊ တစ်ခါတစ်လေ (၄)နာရီလောက်ထိ
တစ်ခွေပြီး တစ်ခွေ ထိုင်ကြည့်ကြတာ။
တနင်္ဂနွေနေ့ ဆိုရင်တော့ တစ်နေကုန်
ကိုယ့်အချိန်တွေချည်းပဲ။ ခြင်းခတ်ချင်ခတ်၊ ဘောလုံးကန်ချင်ကန်၊
ရေကူးချင်ကူး၊ အ၀တ်လျှော်စရာရှိတာ လျှော်ချင်လျှော်၊ တပ်ပြင်ထွက်ချင်ထွက်။
စာဖတ်ချင်ဖတ်။ တစ်ခါတစ်လေဆို ဘာမှမလုပ်ဖြစ်ပဲ ပျင်းနေရော။
တပ်ပြင်ထွက်ရင်တော့
ယူနီဖောင်းမှာ ရွှေကြယ်သီးတွေ တ၀င်းဝင်း၊ ကြေးနာမည်ပြား
တပ်ခွဲအရောင်နောက်ခံနဲ့ ကော်လံကြပ် ဘယ်ရီဦးထုပ် နီညို ရှူးဖိနပ်နဲ့
အတက်ချီကေ့ လက်ဆွဲအိတ်ကို ဟန်ပါပါဆွဲပြီး စတိုင်အပြည့်နဲ့ ထွက်ရတာ။
တစ်ချို့ အရာရှိတွေက ကိုယ်တိုင်လာစစ်ဆေးပေမယ့် တစ်ချို့အရာရှိတွေက
ကွင်းထဲတောင် မလာဘူး။ ဗိုလ်လောင်းတာဝန်မှူးကပဲ တပ်ပြင်ထွက်ခွင့်
ပေးလိုက်တာ။ တပ်ပြင်ထွက်ရင် မသွားရနယ်မြေတို့ ဆိုင်တို့ရှိတယ်။
အရာရှိတွေ့ရင် အလေးပြုရတာ ၀န်မလေးပေမယ့် အရာရှိတွေက အများကြီး။ ကိုယ်မသိတဲ့
အရာရှိတွေကလည်း အများကြီး။ တပ်ပြင်ထွက်ရင် DSTA၊ အလုပ်သင်ဗိုလ်နဲ့ GTI
ကျောင်းက သင်တန်းသားတွေ များမှများပဲ။ ပြင်ဦးလွင်သားတွေအတွက်တော့
အစိမ်းရောင်ဆိုတာ မဆန်းတော့ဘူး။ သားကတော့ တပ်ပြင်ထွက်ဖြစ်ခဲပါတယ်။
တစ်ခါထွက်ရင် အနည်းဆုံး ငါးရာလောက်တော့ ကုန်တာ အမေရဲ့။
သားတို့ ရတဲ့လခ
၅၀၀၀။ တစ်ခြားတပ်ခွဲတွေက တစ်လကို တစ်ထောင် ဘဏ်ထဲစုထားပေးတယ်။သားကတော့ အခုမှ
၁၅၀၀ ပဲ စာအုပ်ထဲမှာ ရှိတယ်။ ကထိန်တို့ သာရေးနာရေးတို့ဆိုလည်း တတ်အားသရွေ့
လှူရသေးတာ။
တပ်ခွဲအဆောင် သန့်ရှင်းရေးကို ဘောဂဗေဒဌာနက လာစစ်တယ်။
တစ်ပတ်စာ သန့်ရှင်းရေးကောင်းတာ မကောင်းတာ ကြေငြာပေးတယ်။
သန့်ရှင်းရေးမကောင်းရင် တပ်ပြင်ထွက်ခွင့် အပိတ်ခံရတယ်။
ပထမနှစ်တုန်းက
သားတို့တွေ ပင်ပင်ပန်းပန်းနဲ့ စိတ်ရောလူရော မသက်သာတဲ့ အချိန်တုန်းက
တစ်ခါတစ်ရံ အိမ်ပြန်ချင်စိတ် ပေါက်မိတယ်။ စီနီယာ အစ်ကိုကြီးတွေက ပြောတယ်။
မင်းတို့ကသာ ဒီမှာ ကိုယ့်အချင်းချင်းတွေမို့ ဘာမှမဟုတ်ဘူး ထင်ရတာ။ မင်းတို့
ရပ်ရွာမှာ ငါ့သားကြီးက စစ်တက္ကသိုလ်တက်နေတဲ့ ဗိုလ်လောင်းဆိုပြီး မိဘတွေက
ဂုဏ်ယူနေကြတာတဲ့။ သူတို့ပြောတဲ့ အချိန်တုန်းကတော့ ကိုယ့်ကိုယ်ကို ဒီလောက်
ဂုဏ်ယူရကောင်းမှန်း မသိဘူးအမေ။ အခုလို အနေကြာလာမှဘဲ
စစ်တက္ကသိုလ်ဗိုလ်လောင်းအဖြစ်နဲ့ ဂုဏ်ယူတတ်လာတယ်။
စာလည်း ရှည်သွားပြီ။
အမေလည်း ဖတ်ရတာ မျက်စိညောင်းရော့မယ်။ ညီလေးကိုလည်း ပြောလိုက်ပါ။
အစ်ကိုကြီးလို စစ်တက္ကသိုလ် တက်ချင်ရင် ဆယ်တန်းကို အမှတ်ကောင်းကောင်းနဲ့
အောင်အောင် ကြိုးစားလို့။ ရွာက ကြီးကြီးတို့ မိသားစုလည်း သတိရကြောင်း
ပြောလိုက်ပါဦး။ သား သူငယ်ချင်းတွေလည်း မန္တလေးကို ကျောင်းလာတက်ရင်
ပြင်ဦးလွင်ကို လာလည်ဖို့ ပြောလိုက်ပါဦး။ သူတို့ဆီ စာသပ်သပ်
ထပ်မရေးတော့ဘူး။
သားဆီ စာပြန်ပါဦး အမေ
အမေ စိတ်ချမ်းသာပါစေ
ပန်းမြို့တော်က သားကြီး
ကောင်းထက်စံ
Monday, July 23, 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment