Friday, April 20, 2012

၂၀၀၁ ခုနှစ် ဧပြီလ (၆) ရက်နေ့၊ စစ်တက္ကသိုလ် အမှတ်စဉ် (၄၃) ဗိုလ်လောင်းသင်တန်း ကျောင်းဆင်းပွဲ၏ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားတွင် စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ်တင်ဦး ပြောကြားသည့် မိန့်ခွန်း

 ရဲဘော်တို့
ဒီကနေ့ဟာ ငါတို့ အမိစစ်တက္ကသိုလ် အတွက်ရော ရဲဘော်တို့ တစ်တွေ အတွက်ပါ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ နေ့တစ်နေ့ဖြစ်တယ်။ ရဲဘော်တို့ ဘဝတာအတွက် ထူးခြားလေးနက်ပြီး ဂုဏ်ယူ ဝမ်းမြောက်စရာကောင်းတဲ့ နေ့ထူးနေ့မြတ်ကြီးလည်း ဖြစ်တယ်။ မနက်ပိုင်းက ကျင်းပ ပြီးစီးခဲ့တဲ့ ကျောင်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားမှာ ငါတို့ရဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် တက်ရောက်ချီးမြှင့်ပြီး ရဲဘော်တို့ ဘဝတာ တစ်လျှောက်လုံးအတွက် လမ်းညွှန်မှုတွေ မှတ်သားလိုက်နာမယ့် အချက်တွေကို အချိန်ယူပြီး မှာကြားခြဲ့ပီး ဖြစ်တယ်။ တစ်ဆက်တည်း ကျင်းပတဲ့ ပြန်တမ်းဝင်အရာရှိ ခန့်အပ်တဲ့ အခမ်းအနားမှာလည်း စစ်ရာထူးခန့်ချုပ်က ရာထူး တာဝန်တွေကို ကိုယ်တိုင် ခန့်အပ်ပေးပြီး အမှာစကား ပြောကြားခဲ့တယ်။ ဒီအခမ်းအနားကတော့ ပြန်တမ်းဝင် အရာရှိများအဖြစ် ခန့်အပ်ခံရပြီးဖြစ်တဲ့ အရာရှိများကို ဝိဇ္ဇာ သိပ္ပံ ဘွဲ့များ အပ်နှင်းမယ့် အခမ်းအနားဖြစ်သလို စစ်တက္ကသိုလ်မှာ စာပေဌာန နည်းပြ အရာရှိများအဖြစ် တာဝန်ထမ်းဆောင်ရင်း ဘွဲ့လွန် ပညာရပ်များကို အပတ်တကုတ် ဆည်းပူး အောင်မြင်သူများကို မဟာဘွဲ့ အပ်နှင်းပေးတဲ့ အခမ်းအနား ဖြစ်တယ်။ ဒီအခမ်းအနားမှာ သင်တန်းဆင်း အရာရှိများကို ဝိဇ္ဇာဘွဲ့ (၁၇၇) ဦး၊ သိပ္ပံဘွဲ့ (၁၆၉) ဦး၊ ကွန်ပျူတာ သိပ္ပံဘွဲ့ (၁၁၈) ဦးအပြင် ဘွဲ့လွန် သင်တန်းသား နည်းပြ အရာရှိများအတွက် မဟာဝိဇ္ဇာဘွဲ့ (၄၂) ဦး၊ မဟာသိပ္ပံဘွဲ့ (၃၃) ဦး၊ မဟာဒဿနဘွဲ့ (၆) ဦးကိုပါ ချီးမြှုင့် အပ်နှင်း ပေးနိုင်ခဲ့တယ်။
         ငါတို့ စစ်တက္ကသိုလ်မှာ သင်တန်းဆင်း အရာရှိများကို ဝိဇ္ဇာ သိပ္ပံဘွဲ့များ အပ်နှင်းပေးနိုင်ခဲ့တာ (၃၅) ကြိမ် ရှိခဲ့ပြီ ဖြစ်သလို နည်းပြ အရာရှိများကို မဟာဘွဲ့များ အပ်နှင်းပေးနိုင်တာဟာလည်း တတိယအကြိမ် ရောက်ခဲ့ပြီ ဖြစ်တယ်။ (၃၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မဟာဘွဲ့များကို စတင်ပေးနိုင်ခဲ့ပြီးတော့ (၃၄) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ ကွန်ပျူတာ သိပ္ပံဘွဲ့ကို စတင်ပေးအပ်နိုင်ခဲ့တယ်။ ဒီကနေ့ ကျင်းပတဲ့ (၃၅) ကြိမ်မြောက် ဘွဲ့နှင်းသဘင် အခမ်းအနား မှာလည်း အထူးပြု ဘာသာရပ်စနစ်နဲ့ အောင်မြင်သူတွေကို စတင် ဘွဲ့ အပ်နှင်းနိုင်ခဲ့တာကြောင့် စစ်တက္ကသိုလ် သမိုင်းအတွက် ထူးခြားတဲ့ နေ့တစ်နေ့လို့ ဆိုနိုင်တယ်။ မြန်မာစာအထူးပြု ၄၉ ဦး၊ အင်္ဂလိပ်စာအထူးပြု ၃၆ ဦး၊ သမိုင်းအထူးပြု ၄၅ ဦး၊ ပထဝီဝင် အထူးပြု ၄၇ ဦးကို ဝိဇ္ဇာဘွဲ့၊ သင်္ချာအထူးပြု ၅၅ ဦး၊ ဓာတုဗေဒအထူးပြု ၅၇ ဦး၊ ရူပဗေဒ အထူးပြု ၅၇ ဦးကို သိပ္ပံဘွဲ့နဲ့ ကွန်ပျူတာ အထူးပြု ၁၁၈ ဦး ကွန်ပျူတာ သိပ္ပံဘွဲ့များ ပေးအပ်ခဲ့ပြီး ဖြစ်တယ်။ စာပေဆိုင်ရာ ဘွဲ့များနဲ့ ထိုက်တန်တဲ့ အရာရှိများအဖြစ် အမိ စစ်တက္ကသိုလ်က ချီးမြှင့် အပ်နှင်းခြင်း ခံရတဲ့ ဂုဏ်ယူဝမ်းမြောက်စရာ မင်္ဂလာ နေ့ရက်မှာ ရဲဘော်တို့ ဘဝတာအတွက် လိုက်နာကျင့်ကြံသင့်တာတွေ၊ သိရှိမှတ်သားသင့် တာတွေကို မှာကြားလိုက်ချင်တယ်။
ရဲဘော်တို့
    ငါတို့ စစ်တက္ကသိုလ်ရဲ့ ရည်ရွယ်ချက်ဟာ " တပ်မတော် ကြည်း၊ရေ၊လေ အတွက် လိုအပ်သော လက်ရုံးရည် နှလုံးရည် ပြည့်ဝသည့် အရာရှိကောင်းများ မွေးထုတ်ရန် " ဖြစ်ပြီးတော့ စစ်တက္ကသိုလ်ရဲ့ ဆောင်ပုဒ်ဟာ " နောင်တစ်ခေတ်၏ အောင်စစ်သည် " ဖြစ်တယ်။ ဒီရည်ရွယ်ချက်နဲ့ ဆောင်ပုဒ်တွေကို အစဉ် ဦးထိပ်ထားပြီး ဆောင်ရွက် ကျင့်ကြံသွားကြပါလို့ အလေးအနက် မှာကြား တိုက်တွန်းလိုတယ်။ ငါတို့ရဲ့ တပ်မတော် ခေါင်းဆောင်ကြီးတွေဟာ ငါတို့ တပ်မတော်သားများရဲ့ လက်ရုံးရည် နှလုံးရည် အစဉ် ထက်မြက် မြင့်မားစေဖို့နဲ့ ကမ္ဘာ့အလယ်မှာ စံပြ တပ်မတော်အဖြစ် ဂုဏ်ယူ ဝံ့ကြွားနိုင်ဖို့အတွက် စေတနာ၊ ရည်ရွယ်ချက် ကြီးမားစွာ ဆောင်ရွက်ပေးနေတယ် ဆိုတာကို သေချာစွာ သိရှိထားပြီး အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်တယ်။ လက်ရုံးရည် ထက်မြက်ပြီး စစ်ပညာအရာမှာ ထူးခြား ပြောင်းလဲလာတဲ့ ဘက်စုံ စစ်ပွဲအသွင် ( Multi-Dimensional Warfare) ကို အောင်မြင်စွာ ဆင်နွှဲနိုင်ဖို့အတွက် စစ်ကျောင်းကြီးတွေ အဆင့်ဆင့် တက်ရောက်စေပြီး ပညာဆည်းပူးစေလျက် ရှိပါတယ်။ သိပ္ပံပညာ ထွန်းကားမှုကြောင့် စစ်မှု အတတ်ပညာ (Military Technology) တွေဟာလည်း ပြောင်းလဲ တိုးတက်လျက်ရှိတယ်။ စစ်မှု အတတ်ပညာ တိုးတက်မှုနဲ့အညီ စစ်နည်းဗျူဟာ စစ်မဟာဗျူဟာနဲ့ စစ်အခြေခံ သဘောတရားများလည်း ပြောင်းလဲလာတယ်။ ရဲဘော်တို့တတွေဟာ ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်ဖို့ လေ့လာဆည်းပူပြီး လေ့ကျင့်ပွားများသွားကြရမယ်။ နှလုံးရည်အရာမှာ ကမ္ဘာနဲ့ ရင်ပေါင်တန်းရင် မနိမ့်ကျ စေရေးအတွက် ငါတို့ တပ်မတော် တက္ကသိုလ်တွေမှာ ဘွဲ့လွန်သင်တန်းတွေ ဖွင့်လှစ် သင်ကြားပေးနေသလို အရပ်ဘက် တက္ကသိုလ်တွေကို စေလွှတ်ပြီး သင်ကြားစေလျက်ရှိတယ်။ မဟာဘွဲ့ သာမက ပါရဂူဘွဲ့များ ရရှိစေနိုင်ဖို့ ပြည်တွင်း တက္ကသိုလ်တွေအပြင် ပြည်ပ တက္ကသိုလ်တွေကို စေလွှတ်ပေးခဲ့တယ်။ ငါတို့ စစ်တက္ကသိုလ် အနေနဲ့ မဟာဘွဲ့တွေကို မွေးထုတ်ပေးနိုင်တဲ့အပြင် စစ်တက္ကသိုလ်က နည်းပြ အရာရှိတွေဟာ ပါရဂူဘွဲ့တွေကိုပါ ဆည်းပူး ရရှိခဲ့ပြီ ဖြစ်တယ်။ ဒါကြောင့် ရဲဘော်တို့ တစ်တွေဟာ လက်ရုံးရည် နှလုံးရည် ပြည့်ဝ တိုးတက်စေရေးအတွက် အစဉ်အမြဲ လေ့လာ ဆောင်ရွက်နေကြပါလို့ မှာကြား လိုက်ချင်တယ်။
ရဲဘော်တို့
    ယနေ့ မျက်မှောက် ကာလဟာ ပညာခေတ် ( Knowledge Age) ဖြစ်တယ်။ ခေတ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင် ယှဉ်ပြိုင်နိုင်ဖို့အတွက် မြန်မာ့ လူ့ဘောင် အဖွဲ့အစည်းဟာ စဉ်ဆက်မပြတ် ပညာကို လေ့လာရှာဖွေ သင်ယူနေတဲ့ လူ့ဘောင် အဖွဲ့အစည်း (Learning Society) ဖြစ်ဖို့ လိုအပ်တယ်။ ဒါကြောင့် နိုင်ငံတော် ခေါင်းဆောင်ကြီးတွေဟာ အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် တည်ဆောက်နိုင်ဖို့ အရည်အချင်း မြင့်မားတဲ့ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု အစီအစဉ်တွေကို အကောင်အထည် ဖော်နေတာ ဖြစ်တယ်။
    အမျိုးသား ပညာရည် မြင့်မားရေးအတွက် ပညာရေးမြှင့်တင်မှု အစီအစဉ်များကို ၁၉၉၈-၉၉ ပညာသင်နှစ်က စပြီး အဆင့်သုံးဆင့်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတယ်။ အခြေခံပညာ ကျောင်းများမှာ  (Multi Media) စာသင်ခန်းများကို တိုးချဲ့ ဖွင့်နေသလို တက္ကသိုလ် ဒီဂရီကောလိပ် ကောလိပ်တွေမှာလည်း ( IT Learning Centre) တွေ (Electronic Centre) တွေ (Multi Media Resourse Centre) တွေနဲ့ ( Language Lab) တွေ တပ်ဆင် ဖြည့်ဆည်းပေးလျက် ရှိနေတယ်။ မြန်မာနိုင်ငံ တစ်ခုလုံး သင်ယူမှုဌာန (Learning Centre) ပေါင်း ၂၀၃ ခု ထူထောင် ပေးထားပြီး ဗဟိုက ထုတ်လွှင့်ပေးတဲ့ ပညာရေး အချက်အလက်များကို ဖမ်းယူ လေ့လာနိုင်ဖို့ ပညာရေးကဏ္ဍ အီလက်ထရောနစ်နဲ့ အချက်အလက် ထုတ်လွှင့်မှု အစီအစဉ် ( Electronic Data Broadcasting System) ကို ယခုနှစ် ဇန်နဝါရီလ  ၁ ရက်နေ့မှာ စတင် ထုတ်လွှင့် ဆောင်ရွက်နေပြီ ဖြစ်တယ်။
    ငါတို့ စစ်တက္ကသိုလ်မှာလည်း (Multi Media Class Rooms, Language Lab, Projecion Rooms) တွေနဲ့ သင်ကြား လေ့ကျင့် ပေးနေတဲ့အပြင် သင်ကြား လေ့ကျင့်ရေးမှာ ခေတ်မီတဲ့ အစီအစဉ် တစ်ခုဖြစ်တဲ့ ( Electronic Library Automation System) တွေ ကိုလည်း တပ်ဆင် ဆောင်ရွက်လျက် ရှိတယ်။ ပိုမို ထိရောက်အောင် လေ့ကျင့်နိုင်ဖို့အတွက်လည်း အဆောက်အဦး အသစ်တွေမှာ စက်ပစ္စည်းတွေ တိုးချဲ့ တပ်ဆင်နိုင်ဖို့ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက် ရှိနေတယ်။ ဒါကြောင့် ပြောင်းလဲ တိုးတက်နေတဲ့ ခေတ် စနစ်နဲ့အညီ ဆောင်ရွက် လုပ်ကိုင် သွားနိုင်ဖို့ အတွက် အမိ စစ်တက္ကသိုလ်က သင်ကြား ပို့ချ ပေးမှုများနဲ့သာ တင်းတိမ် ရောင့်ရဲ မနေဘဲ ဆက်လက် ဆည်းပူး လေ့လာဘို့ လိုတယ်။ ငါတို့ ကျောင်းတော်ကြီးက သင်ကြားလိုက်တာတွေဟာ အသိပညာ ရင့်ကျက်လာဘို့ ရည်ရွယ် သင်ကြားပေးတာပဲ ဖြစ်တယ်။ အသိပညာ ရင့်ကျက်တာနဲ့ အမျှ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ အမိစစ်တက္ကသိုလ်အတွက် ဂုဏ်ယူဘွယ် နိုင်ငံ့သားကောင်းတွေ ဖြစ်လာကြမှာဘဲ။ ဒီလို ဖြစ်ဖို့ဆိုတာ အစဉ်လေ့လာ ဆည်းပူးနေမှသာ ဖြစ်တယ်။ တိုးတက်လိုစိတ် ရှိသူတွေအတွက် လေ့လာ ဆည်းပူးမှုဆိုတာ ဘယ်တော့မှ မပြီးဆုံး နိုင်ဘူး။ ဒါကြောင့် အမိ စစ်တက္ကသိုလ် အတွက် ဂုဏ်ယူရတဲ့ သားကောင်းတွေ ဖြစ်လာအောင် အသိပညာတွေကို ဆက်လက် လေ့လာ ဆည်းပူးနေကြပါလို့လည်း အလေးအနက် တိုက်တွန်း မှာကြားလိုက်ချင်တယ်။
ရဲဘော်တို့
    ငါတို့ နိုင်ငံဟာ တိုင်းရင်းသား လူမျိုးများ အေးအတူ ပူအမျှ ဥမကွဲ သိုက်မပျက် လက်တွဲ နေထိုင်ခဲ့တဲ့ ပြည်ထောင်စု နိုင်ငံ ဖြစ်တယ်။ သူ့ကျွန်ဘဝ ရောက်ချိန်မှာ ဗြိတိသျှ ကိုလိုနီ နယ်ချဲ့ တို့ဟာ ငါတို့ နိုင်ငံကို ရေရှည် အုပ်ချုပ် ခြယ်လှယ်နိုင်ဖို့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲအောင် သွေးခွဲ အုပ်ချုပ်ခဲ့တယ်။ ဒါကြောင့် ငါတို့ နိုင်ငံဟာ လွတ်လပ်ရေးရပြီး နှစ်ပေါင်း လေးဆယ်ကျောင် တိုင်အောင် နိုင်ငံ တည်ငြိမ် အေးချမ်းမှု မရှိခဲ့ဘူး။ တိုင်းရင်းသား ပြည်သူ တစ်ရပ်လုံးရဲ့ စီးပွားရေး၊ လူမှုရေး ပညာရေး စတဲ့ ဘက်ပေါင်းစုံ ဖွံ့ဖြိုးမှု နောက်ကျ ခဲ့ရတယ်။
        ငါတို့ တပ်မတော် အစိုးရ လက်ထက်မှာ နှစ်ပေါင်း လေးဆယ်ကျော် လက်နက်ကိုင် ဆန့်ကျင်နေတဲ့ တိုင်းရင်းသား လူမျိုးများနဲ့ ဆွေးနွေး ညှိနှိုင်းပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ခဲ့တယ်။ လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ဟာ ငြိမ်းချမ်းရေး တည်ဆောက်ပြီး အစိုးရနဲ့ လက်တွဲ ဆောင်ရွက်နေလို့ နယ်စပ်ဒေသများရဲ့ ဖွံ့ဖြိုး တိုးတက်မှုဟာ အံ့မခန်း အောင်မြင်နေတာကို ရဲ့ဘော်တို့ အသိ ဖြစ်တယ်။ ရဲ့ဘော်တို့တတွေဟာ ခေါင်းဆောင်ငယ်များအဖြစ် လက်တွေ့ဘဝမှာ တာဝန် ထမ်းဆောင်တဲ့အခါမှာ ဒီအခြေအနေကောင်းများကို အရှိန်အဟုန်မပျက် တိုးတက်ရေးအတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းလိုက်ချင်တယ်။
ရဲဘော်တို့
    ဒီကနေ့ဟာ ရဲဘော်တို့ တပ်မတော်အတွက် အားသစ်လောင်းတဲ့နေ့ ဖြစ်လို့ နိုင်ငံတော်နဲ့ တပ်မတော်က အားရဝမ်းသာ ကြိုဆိုနေကြတယ်။ ရဲဘော်တို့ရဲ့ မိဘများ အုပ်ထိန်းသူများကလည်း ရဲဘော်တို့အတွက် ဝမ်းမြောက်ကြည်နူးမှုတွေ အပြည့်နဲ့ ဂုဏ်ယူနေကြမှာ အမှန်ပဲ ဖြစ်တယ်။ ဒို့ ကျောင်းအုပ်ကြီးနဲ့ တကွ သင်ကြားလေ့ကျင့် မွေးထုတ် ပေးလိုက်တဲ့ ဆရာ ဆရာမများ အားလုံးကလည်း ရဲဘော်တို့ အောင်မြင်ချောမောစွာနဲ့ ပြန်တမ်းဝင် အရာရှိတွေ ဖြစ်ကြပြီးတော့ ဝိဇ္ဇာ သိပ္ပံဘွဲ့တွေ အသီးသီး  ဆွတ်ခူးနိုင်ခဲ့ကြတာကြည့်ပြီး ဒို့ဆရာတွေရဲ့ ထုံးစံအတိုင်း ပီတိတွေ ပြည့်လျမ်းနေကြတာဖြစ်တယ်။ ဒီလို မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပြီး လူတိုင်း ဝမ်းမြောက် ဝမ်းသာ ဖြစ်ကြတဲ့ ဒီလိုနေ့မှာ ရဲဘော်တို့ကို အလေးထား မှာလိုက်ချင်တယ်။
         အဲဒါကတော့ နိုင်ငံတော်အနေနဲ့ ငွေကုန်ကြေးကျခံပြီး လေ့ကျင့်ပေးခဲ့တဲ့ ကျေးဇူးတွေ ရဲဘော်တို့အပေါ်မှာ တင်ရှိနေပြီဖြစ်တယ်။ တပ်မတော်ကလည်း ရဲဘော်တို့ကို နောင်တစ်ခေတ်ရဲ့ အောင်စစ်သည်များအဖြစ် ရည်ရွယ် မွေးထုတ်ပေးလိုက်လို့ တပ်မတော်ရဲ့ ကျေးဇူးတရားတွေ အများကြီး တင်ရှိနေပြီ ဖြစ်တယ်။ အမိ စစ်တက္ကသိုလ် ကြီးကလည်း စာပေပညာ စစ်ပညာတွေနဲ့အတူ ခံနိုင်ရည်နဲ့ လေ့ကျင့်သားတွေ ပြည့်ဝနေအောင် လေ့ကျင့် မွေးထုတ်ပေးလိုက်လို့ ကျေးဇူးတရားတွေ အများကြီး တင်ရှိနေပြီ ဖြစ်တယ်။ ဒီလိုဘဲ ဆပ်လို့မကုန်နိုင်တဲ့ နိုင်ငံတော် တပ်မတော်နဲ့ ဒို့ အမိစစ်တက္ကသိုလ်ရဲ့ ဂုဏ်ကျေးဇူးတွေကိုလည်း အမြဲ နှလုံးသွင်းကြပြီး ဒီကျေးဇူးတရားတွေကို ပြန်ဆပ်နိုင်ကြဖို့ ကျရာတာဝန်တွေမှာ တက်တက်ကြွကြွ ကျေပွန်အောင် ထမ်းဆောင်ကြပါလို့ အထူး အလေးထား မှာကြားလိုတယ်။
ရဲဘော်တို့
နိဂုံးချုပ်အနေနဲ့
  • စစ်တက္ကသိုလ်က ပေးအပ်လိုက်တဲ့ ဘွဲ့ရပညာတတ်များ ပီသအောင် မိမိ ဘာသာရပ်အပေါ် စိတ်ဝင်စားစွာ ဆက်လက် ဆည်းပူး လေ့လာ တည်ဆောက် သွားကြပါ။
  • ထူးခြားပြောင်းလဲလာတဲ့ ခေတ် စနစ်နဲ့ လိုက်လျော ညီထွေ ရှိအောင် လက်ရုံးရည် နှလုံးရည်ပို၍ ပြည့်စုံ ထက်မြက်သော အရာရှိများ ဖြစ်ရေး ဆက်လက် ဖြည့်ဆည်း ကျင့်ကြံသွားကြပါ။
  • လက်တွေ့ဘဝ နယ်ပယ်မှာ ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်ကြသည့်အခါ မိဘသဖွယ်စိတ်ဓာတ်နှင့် တပ်မှူးတစ်ဦးသဖွယ် စိတ်ဓာတ်တို့ကို လက်တွေ့ ကျင့်သုံးကြပါ
  • ဒို့တပ်မတော်ရဲ့ အစဉ်အလာကောင်းများကို အသက်ပေး ကာကွယ်စောင့်ရှောက်ရင်း ဒို့တာဝန် အရေးသုံးပါးကို ဦးလည်မသုန် ထမ်းဆောင် သွားကြပါ။
           ရဲဘော်တို့ လက်တွေ့ ဘဝ နယ်ပယ်မှာ အောင်ပွဲ အလီလီ ရပါစေလို့ ဆန္ဒပြုရင်း ရဲဘော်တို့ရဲ့ ကောင်းသော သတင်းများနဲ့ နှလုံးရည် လက်ရုံးရည် အောင်မြင်မှု သတင်းကောင်းများကိုဘဲ ကြားပါရစေလို့ မှာကြားရင်း နိဂုံးချုပ်ပါတယ်။

No comments: