Wednesday, September 19, 2018
ဆရာကြီးဦးအောင်သင်း
၁၉၆၅ ခုနှစ်မှာ. . အဖေ D.S.Aကို လက်ထောက်ကထိက ရာထူးနဲ့ ထရန်စဖာ ထွက်ပါတယ် .
ငါကလုံးဝမသွားချင်ဘူးဆိုပြီး . အတင်းငြင်းသေးတယ်ကွ. . နောက်ဆုံး ငါ့ဆရာက(အမည်မမေးလိုက်မိပါ) သွားလိုက်ပါကိုအောင်သင်းရယ်. . အလွန်ဆုံး၂ နှစ်ဘဲ. .ကျုပ်ရအောင်ပြန်ခေါ်ပေးပါ့မယ်ဆိုပြီးကတိပေးတော့ မှ ငါလည်း စိတ်ညစ်ညစ်နဲ့ရောက်သွားတာကိုးကွ. . .
ရောက်ခါစတာ့. .ငါကလည်း တပ်ရဲ့သဘောကို သိပ်နားမလည်သေးတဲ့ အချိန်ကိုး. . မှတ်မိလို့ ရယ်စရာလေးပြောပြရအုန်းမယ်.. ငါက စာသင်ဖို့ အတန်းထဲလည်း ဝင်လိုက်ရော. . အသံနက်ကြီးနဲ့. . . . တပ်ဖွဲ့. . သတိ. ဘာညာဘာညာဆို ပြီး အော် . . စစ်တပ်ပုံစံနဲ့ . တတန်းလုံးထ မတ်တပ်ရပ် ပြီး .ငါ့ကို အလေးပြုတော့တာကိုးကွ. . ငါလည်း ဘာလုပ်ရမှန်းမသိ . သတိဆွဲရမှာလား ဘာလားလည်းမသိ . ငါလည်း အဲဒီအတိုင်းသူတို့ဘက်လှည့် ပြီး. .ရှေ့နားကကောင်တွေကို ဘာလုပ်ရမှာလဲ ဆိုတော့ အဲဒီ ကောင်တွေလည်း ပြုံးစိစိနဲ့. .အေးစေ ပြောပေးရမှာ လို့ပြောတော့မှ . ငါလည်း အေးစေကွာ..အေးစေ ဆိုပြီး ပြောလိုက်တော့မှ တတန်းလုံး စပ်ဖြဲဖြဲနဲ့ ထိုင်ကြတာကိုးကွ. . .
စာသင်ပြီးလို့ ငါက ပြန်ထွက်မယ်လုပ်တော့ တခါထပ် အော်ပြီး တတန်းလုံး ထမတ်တပ်ရပ်အလေးပြုပြန်တော့ ငါလည်း ကြောင်သွားပြီး . . အခုတခါကရော ဘာလုပ်ရမှာတုန်းဆိုတော့ တန်းဖြုတ်ပါဆရာ. . လို့ပြောတော့. အေး အဲဒါဆိုလဲ . .ဖြုတ်ကွာ. . ဆိုပြီး ငါလည်း လှည့် ထွက်လာတာဟေ့. . ဒီအကောင်တွေလည်း စပ်ဖြီးဖြီးနဲ့ ကျန်ခဲ့ကြတာ ကိုးကွ. . .နောက် သုံးလေးရက်နေတော့လည်း အသားကျသွားတာပါဘဲ. .
နောက်တော့ ငါလည်း အခြေခံစစ်ပညာတွေ ဘာတွေ . သင်လိုက်သေးတယ်ကွ. . မှတ်မိ တာလေး တစ်ခုက သတိဆွဲထားတဲ့အချိန် ငါက တစ်ကိုယ်လုံး . . လုံးဝမလှုပ်ဘဲ စိတ်ကိုပါ ရောပြီး မတရားတင်းထားလိုက်တော့ . . ၁၅ မိနစ်လောက်မှာ . ခေါက်ကနဲ့ လဲကျ ပြီး သတိ လစ်သွားတာကွ. . . . မကြာပါဘူး မိနစ်ဝက် လောက်ပါဘဲ. . ခဏနေလို့ သတိ ပြန်လည်လာတော့. . တပ်ကြပ်ကြီး ၂ ယောက်က ယပ်ခပ်ပေးနေကြတာကိုး. . ငါက တောင်းပန်တော့ . မလိုပါဘူးဆရာရယ်…ဆရာက စိတ်ကိုပါ အရမ်း ချုပ်ပစ်လိုက်လို့ပါ. . တကယ်က သတိဆွဲနေတာ အချိန်ကြာလာရင်. . ဖိနပ်ထဲမှာ ခိုးပြီး ခြေမတို့ ခြေဖနောင့်တို့ အသာလေးကြွလိုက်. . လှူပ် ရှားလိုက် ခိုးပြီး လှုပ်ပေးရတယ် ဆရာရဲ့. နို့မို့ ဆို . . ဆရာအခုဖြစ်သလို ဖြစ်သွားတတ်တယ် ဆရာ. . . အဲ့တော့မှ ငါလည်း..သိဘူးလေဗျာ . . ကျုပ်ကလည်း ငြိမ်ဆို အကုန်လုံး ငြိမ် နေရတယ်ဘဲထင်တာ ကိုး. .
အဲဒီ သတိလစ်တဲ့သတင်းက. ဆရာတွေကြားထဲမှာ ငါ့ကို ဝိုင်း,စရတဲ့ အဆင့်ကို ရောက်ရောဟေ့.. ကိုမြိုင်သန့်တို့ ဗိုလ်မှူးအုန်းကြွယ်တို့က . . ကိုယ့်ဟာကိုယ် စာအေးအေးဆေးဆေး သင်စမ်းပါ ကိုယ့်လူ ရယ် .လူကြည့်တော့ ဗလံနဲ့ . တယ်ပြီး စပ်စုချင်သကိုး . . ဆိုပြီး ဝိုင်းပြီး စကြတော့တာ ကိုး. .
နောက်ပိုင်းကျတော့ ငါလည်း အဲဒီကျောင်းသား တပ်ဖွဲ့တွေနဲ့ . . ခရီးတို ခရီးရှည်တွေဘာတွေ လိုက်ပြီး အဆင်ပြေသွားတာပါဘဲကွာ .
နောက်ပြီး ဒီကလေးတွေကလည်း. လူပျို ပေါက်အရွယ်လေးတွေမှာ မိဝေးဖဝေး လာနေကြရတာကိုး.. မိတ်ဆွေအပေါင်းသင်းရယ် ဘယ်ရှိမှာတုန်း. . . ငါက သူတို့ကို သူငယ်ချင်းပေါင်း. . ပေါင်းတော့ . ငါ့ကို အတော်ချစ်ကြတယ်ကွ. . အဲ့ဒါကြောင့် ဒီကောင်တွေ. . ပိတ်ရက် အပြင်ထွက်ရင် ငါ့အိမ်အထိလိုက်လာကြ မင်းအမေချက်ကျွေး တာတွေ. စားကြသောက်ကြ မင်းကို ချီကြ ပိုးကြ လို့ မင်းနဲ့ ရင်းနှီးသွားတာဘဲ မဟုတ်လား. . . .
ဟုတ်ပါတယ်ခင်ဗျား. . ကျွန်တော့် ကို ဝိုင်းထိမ်းကြ မြှောက်ပေးကြ လို့ ကျွန်တော်. . ငယ်ငယ် ကတည်းက ဂျွမ်း ကောင်းကောင်းထိုးတတ်ပါတယ်. . လှည်းဘီးဂျွမ်း. ရှေ့ဂျွမ်း. လက်တစ်ဖက်ထောက် ဂျွမ်း. . ကင်းမြီးကောက်ထောင်. နှာခေါင်းသွေးရှံ သည်အထိ နန့်ပါတယ် ခင်ဗျား. .အဖေ ကျောင်းထဲသွားရင် မကြာခဏလိုက်သွားလေ့ ရှိပါတယ် ဗိုလ်လောင်းတွေလုပ်တဲ့အတိုင်း လိုက်ဆော့တာပါဘဲ. . သူတို့တွေအတွက်လည်း ၂ နှစ်သားလောက်ကျွန်တော်ဟာ. စ,စရာ.ပျော်စရာ ကလေးငယ်တစ်ယောက်ဖြစ်ခဲ့ဖူးဟန်တူပါတယ်
အဲ. . . နောက်ပိုင်း ငါ အမှတ်ရဆုံးကတော့ ပြဇာတ်ဘဲကွ. . ငါက မြို့မှာကတည်းက ပြဇာတ်လေး ဘာလေးလုပ် . သီချင်းလေး မတောက်တခေါက်ရေးတတ် တယ်ဆိုတာ. . ကိုမြိုင်သန့်တို့ ကိုတင်အောင်သန်း(အဆိုတော် ဗိုလ်ကြီးတင်အောင်သန်း)တို့က သိတယ်ကွ. . အဲ့ဒါနဲ့ . ကျောင်းဆင်းပွဲ ပြဇာတ်က ငါ့ခေါင်းပေါ် ရောက်လာပါလေရော. . အဲ့ဒါနဲ့ ငါလည်း လက်ခံ ပြီး ပြဇာတ်လုပ်မယ်လည်း ဆိုရော. .
ကျောင်းအုပ်ကြီးက ငါ့ကိုတွေ့ ချင်တယ်လို့ပြောတော့တာကိုး ကွ. ( ဗိုလ်မှူးကြီး အယ်လ်ခွန်နောင်လို့ ပြောပါတယ်. လူတိုင်း ချစ်ကြ ရိုသေလေးစားကြတယ်လို့ပြောပါတယ် . အဖေလည်း သူ့အကြောင်းကို ပြန်ပြောချိန်မှာတောင် . လေးစားဟန်တူ ပါတယ်ခင်ဗျား)
ငါနဲ့လည်း သိရုံသိပြီး တခါးမှ စကားမပြောဖူးဘူးလေကွာ. . အဲ့ဒါနဲ့ရောက်ကြောင်းသတင်းသွားပို့တော့.
ငါ့ကို အေးဆေး ထိုင်ခိုင်းပြီး. . ဆရာဦးအောင်သင်းကဦးဆောင်ပြီး ပြဇာတ် လုပ်မယ် လို့ ကြားတယ် ဟုတ်သလား လို့မေးတာကိုး. . ငါက . . ဟုတ်ပါတယ် ပြောတော့. . သူက . အင်းလုပ်ပေါ့ဗျာ. . ဒါပေမယ့် စကားပြောတာတွေ သိပ်မထည့်နဲ့ဗျာ လို့ ပြောတယ်ကွ. . ငါလည်း ကြောင်သွား ပြီး . . ကျောင်အုပ်ကြီး ပြဇာတ်ရဲ့သဘောမှာ. . လိုအပ်တဲ့နေရာမှာတော့ စကားမပြောလို့ မရဘူး အနည်းအကျဉ်းတော့ ပါမှ ရမှာ ဗိုလ်မှူးကြီးရဲ့ ဆို တော့. သူက ခဏ ငြိမ်သွား ပြီး. .
အင်း. . လိုအပ် လို့ ထည့်ချင်လည်း ထည့် ပေါ့ဗျာ. . အများကြီးတော့ မထည့်နဲ့ ဆို ပြီး ထပ်ပြောပြန်ရော ကွ . ဒါနဲ့ ငါလည်း ဟုတ်ကဲ့ပါ ဗိုလ်မှူးကြီး ဆိုပြီး ပြန်ထွက်လာပြီး စုံစမ်းတော့မှ. . အရင်ကျောင်းဆင်းပွဲ ပြဇာတ်တွေ မှာ. နားမလည်တဲ့သူတွေက စွတ်လုပ်ထားကြတော့. အတော်ဆိုးတယ် လို့ ကြားတာကိုးကွ. . မလိုအပ်တဲ့စကားတွေ စွတ်ပြော. .မရယ်ရလည်း . ရယ်အောင်လုပ်ကြနဲ့ ပြဇာတ်ကြီးကမျောနေပြီး နှစ်တိုင်း အဆဲခံနေရတယ်ပြောပါတယ်. .
နောက်ပြီး ကျောင်းဆင်းပွဲ ဆိုရင် ကာကွယ်ရေး ဦးစီးချူပ် ဒါမှ မဟုတ် ဒု ဦးစီးချုပ်ကိုယ်တိုင် လာကျောင်းဆင်းပေးကြရတာကိုးကွ. . အနီးအနားမှာရှိ တဲ့ ဒေသခံ တပ်ဆွယ်တွေရဲ့. . တပ်မမှူးတို့. ရင်းမှူးတို့. အရာရှိ တွေ. . မိသားစုတွေ အားလုံးကိုပါ ဖိတ်လေ့ရှိတာကိုးကွ. . .အဲ့ဒီ့တော့ . ပြဇာတ်မကောင်းလို့ ခဏခဏ အဆဲခံရတယ် ဆိုပြီးပြန်ကြားရတယ်. .. . အဲ့ဒါကြောင့် သူကငါ့ကို စွတ်ပြောနေတာ ဖြစ်မယ်ကွ. . လို့ပြောပါတယ်.
ဒါနဲ့ ငါလည်း ကျောင်းသားတွေထဲက ပြဇာတ်,က ဖို့ လူရွေး . .အားလုံး ငါ့စိတ်တိုင်းကျဘဲကွာ. . တကယ်လည်း တော်ကြတယ်ဟေ့. . .အင်မတန် ခိုင်း လို့လည်း ကောင်း…တကယ်ကြိုးစားကြတဲ့ အကောင်းဆုံး ပြဇာတ်ဘဲကွာ. . သူတို့ကတဲ့ ပြဇာတ်ကို အရမ်းကောင်းချင်ကြတော့ သိပ်တာဝန်ကျေကြတယ်. . . နောက်ဆုံး ကားဆွဲ ၊ လိုက်ကာချ ၊ ဆက်တင်ချိန်းတွေက အစ ကွာ . .အရမ်း တိကျကြတယ်.ခိုင်းရင် ခိုင်းတဲ့ အတိုင်းဘဲဟေ့. . ငါလည်း နည်းနည်း နူးညံ့တဲ့ ကောင်တွေကို မိန်းခလေးနေရာရွေး. . လူတိုင်းပြဇာတ်ထဲ ပါချင်ကြတာ ကိုး .စကားပြောတဲ့ပုံတွေ သင်ပေး . ဒိုင်ယာလော့ခ်တွေကို ကျက်ကြနဲ့ အတော် ကြိုးစားကြတယ်ကွ. . . လုံးဝ ငါ့စိတ်တိုင်းကျ ဘဲကွာ. .
ငါလည်း ကိုတင်အောင်သန်းနဲ့ ညှိ . .သူက တီးဝိုင်းဖက်မှာ ခေါင်းဆောင်ကိုး. . . ဘယ်နေရာ မှာ ဘယ်လိုတီးမယ်. . ဘယ်စကားပြောနေတုန်း . စန္ဒာယားကို . . ကိုတင်အောင်သန်းက နောက်ခံ တိုးတိုးလေး ဘယ်လိုတီး စသဖြင့်ပေါ့ကွာ. . အကုန်ညှိပြီး . . အကြိမ်ကြိမ်တိုက်ပြီးမှ ပြဇာတ် ထွက်တော့တာကိုးကွ. .
အဲ့ဒီနေ့က ရယ်စရာ မှတ်မိသေးတယ်. .
ဗိုလ်ကြီးတစ်ယောက်က ဒန်ပေါက်ချက်ဖို့ တာဝန်ယူတယ်ကွ. . ဆိုးလိုက်တဲ့ဒန်ပေါက်ကွာ. . ပျော့ပြဲပြီး စားရတာအတော်ဆိုးတယ်ကွ. . ကျောင်းအုပ်ကြီးကလည်း ဗိုလ်ချုပ်သောင်းဒန်ကို မျက်နှာတွေပူ. . အဲဒီချက်တဲ့ဗိုလ်ကြီးဆိုတာ မျက်နှာမှာ သွေးမရှိတော့ဘူး. .
ဇာတ်လမ်းကတော့ ပေါ်လစီပေါ့ကွာ လွယ်ပါတယ်. . ဒါပေမယ့် ငါက စကတည်းက. . စကားပြောခန်းမထည့်နဲ့ဆိုတာကို အခြေခံပြီး ဇာတ်ကွက်ကိုချည်းဘဲ လေးခုလောက် စွတ်လုပ်ပြလိုက်တာ. .
ဇာတ်ဖွင့်ဖွင့်ခြင်း. .ဗိုလ်လောင်းကောင်တွေ အိပ်ယာထ..တန်းစီတဲ့ အခန်းမျိုးကို ဝီစီသံနဲ့ ပြတာကိုး. . အိပ်ယာက ဝုန်းဆိုထ. . ကမန်းကတန်းတွေပေါ့ကွာ. . အဲ့ဒီမှာ . . ညကတည်းက ဖိနပ်ထဲမှာ. . ပေါင်မုန့် ခိုးထည့်ထားတဲ့ကောင်က. . ဖိနပ်ထဲက ပေါင်မုန့် အပိုင်းလေးကို ထုတ်ပြီး ရေနဲ့ ကမန်းကတန်း မြိုချနေတာတွေ ဘာတွေ လုပ်ပြလိုက်တော့ . . အောက်က ကျောင်းသားတွေရော . ပရိသတ် အကုန်လုံးပါ. . တဝေါဝေါ ဖြစ်သွား တာကိုးကွ. . . အဲ့ဒီ့နောက် ကျောင်းသားတွေ ကိုယ်တိုင် ဖြစ်နေတဲ့ ခံစားမှုလေးတွေလုပ်ပြ. .
အဲဒီ မင်းသားလုပ်တဲ့ကျောင်းသားက သူ့ အိမ်ကိုကျောင်းပိတ်ရက် ပြန်ရောက်လာတော့. .အဖေလုပ်တဲ့သူနဲ့ . သူ့သားနဲ့စကားပြောခန်းကို အဲဒီကျမှ. . စထည့်တာကိုးကွ.
အဖေက သားကို . မင်းတို့ စစ်တက္ကသိုလ် တက် တာ ဘယ်လိုနေတုန်းဆိုတော့. . . သားလုပ်တဲ့ကောင်က ကျောင်းက ဘယ်လိုဆိုးတယ်ဆိုတဲ့ အကြောင်း… မနက်အိပ်ယာထကတည်းက ဆဲလိုက်ဆိုလိုက်တာ . ကျွက်ကျွက်ညံနေတဲ့ အကြောင်း မကောင်းကြောင်းတွေချည်း ဆက်တိုက်ရွတ်ပြတော့တာကိုး. . .
အဲဒီ မှာ အဖေလုပ်တဲ့သူက. . မင်းကသာ စိတ်ဆိုးနေ ငါကတော့ မင်းတို့ကျောင်းကြီး ကိုချီးကျူးသကွာ. . တစ်ချိန်တုန်းက လူ့ဘော်ကြော့နေခဲ့တဲ့ မင်းလိုကောင်. . ငါ ပစ်လိုက်ရပြီထင်ထားတာကွ. . အဲ့ဒါကြောင့် ဒီလောက်ဆိုးတဲ့ကောင်…တပ်ထဲ သေချင်သေဆို စွတ်ထည့်ပစ်လိုက်တာ ကွ. . အခုမှဘဲ ငါ့သားကို ငါပြန်ရတော့တယ်. .
အဲဒီမှာ သားလုပ်တဲ့ကောင်က ဘာပြန်ရတာတုန်းအဖေရဲ့ဆိုပြီး အခြေအတင် ပြန်ပြောတော့မှ. .
မင်းကို ငါကြည့်နေတယ်. . အိမ်က ရေဘုံဘိုင် ရေယိုနေတာ အတော်ကြာပြီ. . ငါလည်း မပြင်ဖြစ်ဘူး မင်းရောက်ပြီး နောက်နေ့ ဂွင်းတွေ ဂွ တွေနဲ့ မင်းဟာမင်း လုပ်ပြီး. . ပြင်လိုက်တာ အခု ကောင်းသွားပြီ.. . မင်းအမေ ထိုင်နေတဲ့ ခုံလေးက နဲ့ နေတာ . . ဟော အခု မင်းပြင် လိုက်တာ ပြန်ကောင်းသွားလို့ မင်းအမေက ကျုပ်သားပြန်လုပ်ပေးတာ ဆိုပြီး ငါ့ကို ပြန်လာကြွားနေတာကွ ဆိုပြီး. . အများကြီးပေါ့ ကွာ. . . အဲ့ဒါမျိုးတွေ လျှောက်ပြောပြ . နောက်ဆုံးမှ အဖေလုပ်တဲ့သူက . . သားကို မင်းဟာမင်း စစ်တက္ကသိုလ်ကို ဘယ်လိုဘဲ မကြိုက်ဘူး ပြောပြော. . ငါကတော့ ငါ့သားကို ငါပြန်ရတဲ့အတွက် မင်းတို့ စစ်တက္ကသိုလ်ကြီးကို ကျေးဇူးတင်တယ်ဗျား . ဆိုပြီး. . ဇာတ်အိမ်လုပ်တာကိုးကွ
.
အဲဒီ မှာ. . ငါနဲ့ကိုတင်အောင်သန်းက ကြိုပီး တိုက်ထားတာက သားအဖ နှစ်ယောက် စကားပြောတဲ့ အခန်းမှာ. . စန္ဒယားနဲ့ နောက်က အသော့လေး တီးလိုက် အပြေလေး တီးလိုက် နောက်ခံ တီးပေးခိုင်းထားတာ. . တကယ်စကားပြောခန်းလည်းရောက်ရော ခဏလေးတီးပြီး ချက်ခြင်းရပ်သွားတော့တာကိုး ကွ. .
ငါကလည်း စင်ပေါ်က ဆင်းလို့မရ. . သွားလည်း သတိပေးလို့ မရ. . ဖြစ်ပါလေရော . . ပွဲ ပြီး တော့ . . ကိုတင်အောင်သန်း . ခင်ဗျားဗျာ . ကျုပ်သေချာ မှာထားရဲ့သားနဲ့ ဘာဖြစ်လို့မတီး တာတုန်းဆိုတော့. . ကျုပ်မတီးဘဲနေပါ့မလားတဲ့. .ခင်ဗျား ဘိုးတော် ကြီးက (ကျောင်းအုပ်ကြီး) ကျုပ် နောက်တည့်တည့်က ထိုင်ပြီး စန္ဒယား တီးနေတုန်း နောက်ကနေ သူ့ ဒုတ်ကောက်နဲ့ လှမ်းထိုးပြီး. … ဟိတ်ကောင်. . မင်း . စန္ဒယား တိတ်တိတ်နေစမ်း ဟိုမှာ တန်ဖိုးရှိတဲ့ စကားတွေပြောနေတယ် ရပ်ထားလိုက်…ဆိုလို့ ကျုပ်ရပ်ထားလိုက်ရတာဗျ… လို့ ဆိုပါတယ်. . အဖေလည်းရယ်ပြီး ဒါဆိုရင်တော့ ဆောရီးပါဗျာ ဆိုပြီး နှစ်ယောက်သားရယ်နေကြရပါသတဲ့…ယ
ပြဇာတ် ပြီးသွားချိန်မှာ ဗိုလ်ချုပ်သောင်းဒန်က. ဒန်ပေါက်သိပ်ညံ့ တယ် ပြဇာတ်ကတော့ သိပ်ကောင်းတယ်. . ရန်ကုန်က နာမည်ကြီးပြဇာတ်တွေတောင် ဒီလောက် မကောင်းဘူးဗျ….လို့ ဆိုပါတယ် . . သူကိုယ်တိုင်က ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ဌာနကိုပါ တွဲကိုင်နေရတော့ ပြဇာတ်တို့ သဘင်တို့ကလူတွေနဲ့ အတော် ဆက်ဆံခဲ့ဖူးတယ်လို့ ဆိုပါတယ်. . သဘင် ဘက်ကလူတွေ သိပ် ထိန်းရခက်တယ်ဗျ… ဒီလို တိကျမှုမျိုးကို မရဘူးဗျ လို့ပြောသွားပါတယ်တဲ့ခင်ဗျား. .
ဒန်ပေါက်ချက်တဲ့ ဗိုလ်ကြီးကတော့ . . ပြဇာတ်လဲ ပြီးရော ငါ့ကို အလေးးလာပြု ပြီး. … ဆရာအောင်သင်းရေ .ခင်ဗျား ကယ်လိုက်ပေလို့ဗျို့. . စောစောက ဘိုးတော်ကြီး မျက်နှာ ကြည့်ပြီး ကျုပ်တော့ သေပြီအောင့် မေ့နေတာဗျာ. ကျေးဇူးတင်လိုက်တာ. လို့ပြောသွားရတယ် ဆိုပါသဗျ. .အဲ့ဒီ့ပွဲပြီးလို့ . . နောက်နှစ်ရက်လောက်မှာ အရာရှိတွေရော. ဆရာတွေပါရောပြီး. ဒင်နာ လုပ်တယ်ကွ. . ကျောင်းအုပ်ကြီးးနဲ့ အရာရှိကြီးတွေကတော့ ရှေ့ဆုံးကစားပွဲတွေ မှာ. .ငါတို့ ဆရာတွေနဲ့ အရာရှိငယ်တွေကတော့ နောက်ဖက်မှာ. .မတ်ခွက်တွေနဲ့ Rum လေးချလိုက် ဘိလိယက်ဘေးထိုးလိုက်လုပ်နေတုန်း . .
ကိုအောင်သင်း ဟိုမှာ ဘိုးတော်ကြီး ခင်ဗျားကို ခေါ်နေတယ်. . ဒီအတိုင်းမလာနဲ့ ခွက်ပါယူလာခဲ့ လို့ ပြောတယ်ဆိုပြီး တဆင့် တဆင့် ပြောတာ ကိုး ကွ. . ငါလည်း ခွက်ကလေးကိုင်ပြီး အဲ့ဒီ့ တပ်မှူးတွေနဲ့အတူ ထိုင်နေတဲ့ ကျောင်းအုပ်ကြီးရှေ့လည်းရောက်ရော.. . ဗိုလ်မှူး ကြီးက. . သူ့ဘေးမှာ ချထားတဲ့ ဝီစကီပုလင်းကို မ,ပြီး. . ဒါက ကိုအောင်သင်းအတွက် ချီးယားစ် လုပ်တာ. . ကျုပ်ကိုယ်တိုင် နိုင်ငံခြားက မှာထားတာ ဆိုပြီး ငါ့ခွက်ထဲကို တစ်ပက် လောက် လောင်းထည့်ပေးတာကိုး ကွ…. ချီးယား . လုပ်ပြီး ငါလည်း နည်းနည်းလေး ငုံပြီး ဆက်ရပ်နေတော့ . . ကိုင်း ဆရာအောင်သင်း ရော ဘာပြောချင်သေးတုန်းလို့ ငါ့ကို မေးတာကိုးကွ . ငါက. . တစ်ခုတော့ ပြောချင်ပါတယ်ဆရာကြီး လို့ ပြောလိုက်ရော. . . သူလဲ နည်းနည်ကြောင်သွား ပြီး. . ဘာတုန်း ဆရာရဲ့ ဆိုတော့. ငါက. . ဝီစကီထည့်ပေးတာ သိပ်နည်းလွန်းနေပါတယ်ဆရာကြီး နည်းနည်းလောက်ထပ်ထည့်ပေးလို့ ရမလား လို့ပြောလိုက်တာကိုး. . . .. သူတို့အားလုံး . တဟားဟားရယ်ပြီး . . ဆရာကြီးက . . ရပါတယ်ဗျား ရပါတယ်ဆို ပြီး . ၃ ပက်လောက်ထပ်ထည့်ပေးတာကိုး ကွ. .အဲ့တော့မှ ငါလဲ ခွက်ကလေးကိုင်ပြီး မြောက်ကြွမြောက်ကြွ ပြန်လာ . . ကိုတင်အောင်သန်း နဲ့ . ကျန် တဲ့ ဆရာ၂ ယောက်လောက်မျှပြီး သောက်ခဲ့ ကြတာဘဲလူလေးရေ. . အရသာရှိလိုက်တဲ့ ဝီစကီကွာ… ဆိုပြီး ကျွန်တော့ကို ပြောပါတယ်. .
နောက်ပြီး ကျောင်းဆင်းပွဲ မှာ ငါရေးပေးထားပြီး ကိုတင်အောင်သန်းဆိုခဲ့တဲ့ . . နူတ်ဆက်ခဲ့ပြီ ချယ်ရီမြေရယ် ဆိုတဲ့သီချင်းက ခုချိန်ထိ သူတို့ တန်ဖိုးထားပြီး . . သုံးနေကြတုန်းဘဲ လို့ ဆိုသကွ(သီချင်းအမည်မှားနေတယ်လို့ ထင်ပါတယ်ခင်ဗျား. . သိတဲ့ သူတစ်ယောက်လောက် ဝင်မန့် ပေးစေချင်ပါတယ်)
နောက်ပြီး ငါရောက်တဲ့နှစ်ကစပြီး. . မြို့ထဲ မှာလုပ်တဲ့ ဒိုးပတ်ပြိုင်ပွဲတွေကို ဆက်တိုက် ပထမ ဆုယူပစ်တာကွ. . အဲ့ဒီ့မှာ . ရွတ်တဲ့ သံချပ် စာသားတွေကလည်း ငါဘဲ ရေးပေးတာ . . နောက်တီးနောက်တောက်တွေပေါ့ကွာ. .အပေါ်ကဒိုးပတ် တီးတဲ့ ကျောင်းသားတွေကလည်း ငါ့စိတ်ကြိုက် တီးခိုင်းလို့ရတယ်… ရွတ်တဲ့ ကျောင်းသားတွေကလည်း ငါ့ စိတ်ကြိုက် စာသားတွေကို ခွန်နဲ့အားနဲ့ရွတ်ကြ
အောက်ကပရိသတ်ကလည်း တဟားဟားနဲ့ အားပေးကြ. . နှစ်တိုင်းပထမဆုချည်းပဲကွ. . တကယ့် ပျော်စရာပါကွာ. . . အဲ့ဒါနဲ့တင် ငါလည်း ဒီကောင်တွေနဲ့ပျော်ပြီး. . ၂ နှစ်ဘဲ လုပ်မယ်ပြော ရာကနေ ၆နှစ်ကြာသွားတာဘဲ လူလေးရေ လို့. . . အဖေ လွမ်းလွမ်းဆွေးဆွေး ပြန်ပြောပြ ပါတယ် ခင်ဗျား. .
ခြေလျင်စစ်သည်
Credit : ဆရာမြိုင်(Aung Myaing Thin)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment