Friday, December 25, 2009

စန္ဒီမိုးဦးဖြူ

တစ်ခုတည်းသောစစ်တက္ကသိုလ်


ဤစာအုပ်သည် စာရေးသူ၏ သုတရသမှတ်တမ်းဝတ္ထုရှည်တစ်ပုဒ်သာမက၊ တစ်ခုတည်းရှိသော မြန်မာ့စစ်တက္ကသိုလ်၏ သမိုင်းမှတ်တမ်းလည်းဖြစ်သည်။ ဤစာအုပ်တွင် စစ်တက္ကသိုလ်တစ်ခု၏ သန္ဓေတည်ဦးကာလများ၊ စစ်တက္ကသိုလ်ထုဆစ်ခြင်း၊ စစ်တက္ကသိုလ်စတင်အကောင်အထည်ဖော်ရေးအဖွဲ့၊ လွတ်လပ်ရေးပြီးစအချိန် တပ်မတော်အခင်းအကျင်း၊ နေရာအတည်ရွေးချယ်မှု ချယ်ရီရိပ်မှ မြေနီတောင်သို့၊ ပထမဆုံးကျောင်းအုပ်ကြီး၊ လက်ထောက်စာပေညွှန်ကြားရေးမှုး၊ စစ်တက္ကသိုလ်ဗိုလ်လောင်း၏ဘ၀ ခက်ခဲသည့် ဒုလ္လဘ၊ နိုင်ငံ့ခေါ်သံ(သို့) ဗိုလ်လောင်းများစတင်ခေါ်ယူခြင်း၊ မ၀ံ့မစားခြေလှမ်းများနှင့် အင်တာဗျူး၊ ၀င်လာခဲ့စ နေ့များ၊ စစ်ပညာသင်တန်းများ စတင်ခြင်း၊ ကျောင်းတည်မြဲအမိန့်၊ အော်နာရှိမှ ဗိုလ်လောင်းပီ၊ ပြင်ဦးလွင်ချစ်ကြသည့် ကျောင်းအုပ်ကြီးများ၊ ကိုယ့်ငွေနှင့်ကိုယ် ကျောင်းလာတတ်သူများ၊ ကျားမစားသည့်နွား၊ ဗိုလ်လောင်းနှင့်စာမေးပွဲ၊ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁)မှ (၅၀)အထိ ထူးချွန်ဆုရ ဗိုလ်လောင်းများ အစရှိသည့် စစ်တက္ကသိုလ်၏သမိုင်းကြောင်းကို စာရေးသူက မိမိတွေ့ကြုံခဲ့သော ဖြစ်ရပ်မှန်များကို အခြေပြု၍ စာဖတ်သူ မငြီးငွေ့ဖွယ်ဖြစ်အောင် ရေးသားထားသည်။ ဗထူးတပ်မြို့ရှိ စစ်တက္ကသိုလ်၏ သင်ကြားရေး၊ လေ့ကျင့်ရေးနှင့် အုပ်ချုပ်ရေး သမိုင်းကြောင်းကိုလည်း ကြားညှပ်တင်ပြထားသည့်အတွက် ၀တ္ထုတစ်ပုဒ်အနေနှင့်သာမက တပ်မတော်သမိုင်း စိတ်ဝင်စားသူများပါ လေ့လာဖတ်ရှုသင့်သော စာအုပ်ဖြစ်သည်။

Saturday, December 19, 2009

စစ်တက္ကသိုလ်၏ အဓိဌာန်

ကြည်း ရေ လေထု အားမာန်ပြု၍
ပြည်သူ့အိုးအိမ် ပြည့်စည်းစိမ်တွက်
တို့လက်မြဲမြဲ ခိုင်ခိုင်တွဲစို့

(စစ်တက္ကသိုလ် ဘယ်တော့မှ လက်နက်မချ)
ဆရာကြီး ဦးချစ်ဖေ
၁၉၇၅-၁၉၇၈ စစ်တက္ကသိုလ် မြန်မာစာဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ

နောင်တစ်ခေတ်၏အောင်စစ်သည်များမွေးဖွားရာမြေ

စာရေးဆရာ စိုးမင်းထိုက်ရဲ့ နောင်တစ်ခေတ်၏ အောင်စစ်သည်များ မွေးဖွားရာမြေ စာအုပ်ကြော်ငြာ လေး မှတ်တမ်းတင်ထားလိုက်ပါတယ်။

Friday, December 4, 2009

ဗိုလ်ဆိုတာ ဘာလဲ

ကျွန်တော်တို့ စစ်တက္ကသိုလ် ကျောင်းသားတွေကို ဗိုလ်ဖြစ်မယ့် အလောင်းအလျာတွေမို့လို့ ဗိုလ်လောင်း လို့ ခေါ်ပါတယ်။ အတိုကောက် ဗလ လို့ ခေါ်ပါတယ်။ ဗိုလ်ဆိုတာ ဘာလဲ။ ဗလ ဆိုတာ ဘာလဲ။ ကြည့်ကြရအောင်ပါ။
ဗိုလ် ဆိုတာ ပါဠိစကား ဗလ ကနေ ဆင်းသက်လာတယ်လို့ မှတ်သားဖူးပါတယ်။ ဒါနဲ့ပဲ မြတ်ဗုဒ္ဓပါဝစနအဘိဓာန်မှာ ကြည့်လိုက်တော့
ဗလ = အင်အား၊ ခွန်အား၊ ဗိုလ် လို့ ဖော်ပြထားပါတယ်။
ဆက်လက်ပြီး ဗလ ငါးပါးရှိတယ်လို့ ဆိုထားပါသေးတယ်။ အဲဒါတွေကတော့-
  • သဒ္ဓါဗလ = သဒ္ဓါဗိုလ်
  • ဝီရိယဗလ = ဝီရိယဗိုလ်
  • သတိဗလ = သတိဗိုလ်
  • သမာဓိဗလ = သမာဓိဗိုလ်
  • ပညာဗလ = ပညာဗိုလ်

နောက်တစ်ခု မှတ်သားထားမိတာက ဗိုလ်ဆိုတာ ဆန့်ကျင်ဘက်တရားများကို အောင်မြင်ခြင်းပါတဲ့။ ဘာနဲ့ အောင်မြင်သလဲဆိုရင် အထက်ပါ ဗလငါးပါးနဲ့ ဆန့်ကျင်ဘက်များကို အောင်မြင်ခြင်းကို ဆိုလိုတာ ဖြစ်ပါတယ်။

နောက် ဖွင့်ဆိုချက်တစ်ခုကတော့-
ဗိုလ်ဆိုတာ ဗလငါးတန်နဲ့ ပြည့်စုံသူ ပါတဲ့။ ဘယ်လို ဗလတွေလဲဆိုတော့
  • ကာယဗလ = ကိုယ်ခန္ဓာ ကျန်းမာ ကြံ့ခိုင်ခြင်း
  • ဥာဏဗလ = အသိပညာ ဆင်ခြင်တုံတရား ပြည့်ဝခြင်း
  • မိတ္တဗလ = မိတ်ဆွေ အပေါင်းအသင်း ပေါများခြင်း
  • စာရိတ္တဗလ = အကျင့်သီလ ဖြောင့်မတ်ခြင်း
  • ဘောဂဗလ = ပစ္စည်း ဥစ္စာ ပြည့်စုံကြွယ်ဝခြင်း ဆိုတဲ့ ဗလငါးတန်နဲ့ ပြည့်စုံတာကို ပြောခြင်းဖြစ်ပါတယ်။