Thursday, October 31, 2013

ရုပ်ဆိုး၏ စာစုများ ၁

         DSA ကျောင်းတော်ကြီးမှာ ပထမှနှစ်ကို Servant of DSA လို့ခေါ်တယ် ။ DSA ရဲ့အစေအပါးတွေပေါ့ ။ ကိုယ်နေတဲ့ တပ်ခွဲလိုက် မှာ မြက်ပေါက် ၊ မြေတူး ၊ ပန်းစိုက် က စပြီး အိမ်သာဆေး ၊ ကြမ်းတိုက် အောက်ခြေသိမ်းအားလုံးလုပ်ရတယ် ။ ပူပူ ၊ အိုက်အိုက် တိုက်ပုံစတစ် ကြယ်သီးပြည့်တပ် ။ အမိုးအောက်က လွတ်တာနဲ့ လက်ရင်ဘက် ကပ်ပြီးပြေး ။ ရေချိုးရင် ၅ မိနစ် ၊ ထမင်းစားရင် ငါးမိနစ် နဲ့ အမြဲတမ်း အိပ်ယာထ ခရာမှုတ်တဲ့ အချိန်ကနေ မီးပိတ်ချိန်ခရာမှုတ်တဲ့ချိန်ထိ မနားရဘူး ။
နားနေရင်လည်း တွေ့ တဲ့ စီနီယာ က အလုပ်တစ်ခုခုပေးထားတတ်တယ် ။ ကိုယ်လာခဲ့တဲ့ အသိုင်းအဝိုင်း ကဘယ်လိုအဆင့် အတန်းကဖြစ်ပါစေ ..DSA ပထမနှစ်မှာခြေသုတ်ပုဆိုး မြွေစွယ်ကျိုး ဖြစ်ကြရတယ် ။ အဲဒီခေတ် ကာလ က တိုင်းမှူးသားတွေ ၊ တပ်မမှူးသားတွေလည်း ကျုပ်တို့နဲ့ အတူ အိမ်သာဆေးရတယ် ။
ကြမ်းတိုက်ရတယ် ။ ဂျွမ်းထိုးခိုင်း ရင်လိုက်ထိုးရတယ် ။

           ဒုတိယ နှစ်ကိုတော့ Problems of DSA လို့ ခေါ်တယ် ။ DSA ရဲ့ ပြဿနာကောင်လေးတွေပေါ့ ။ အထက်မှာ နောက်ဆုံးနှစ်ရှိတယ် ၊ အောက်မှာ ပထမနှစ်ရှိတယ် ။ ကိုယ်ပိုင် သင်ခန်းစာတွေ ၊ ကိုယ်ပိုင်လေ့ကျင့်ရေးတွေအပြင် ကျောင်းမှ တိုက်ရိုက်ညွှန်ကြားသောကိစ္စ ၊ နောက်ဆုံးနှစ်သမားများ က ညွှန်ကြားသောကိစ္စ တွေကို ပထမ နှစ် တွေကို ဦးစီးပြီးအကောင်ထည်ဖော်ကြရတယ်။
အဲဒီအခါ ဗြူရိုကရေစီယန္တရားတွေမှာေ တွ့ ရတတ်တဲ့ အထက်က Pressure နဲ့ အောက် ပြန်လာတဲ့ resistance တွေ ကို ကြုံကြရတယ် ။ အဲဒီ ၂ ခုကြားမှာ Buffer အနေနဲ့stepအနေနဲ့အကောင်းဆုံး စွမ်းဆောင်နိုင်သူတွေဟာအထက်နဲ့ အောက်ကိုအဆင်ပြေစေတယ် ။ လုပ်ငန်းတာဝန်တွေကိုလည်း Time Scale နဲ့ အတူ ပြီးမြောက်အောင်မြင်စေတယ် ။ ဒါပေမဲ့ ဒုတိယ နှစ်သမား ဟာ အမြဲလိုလို အလုပ်များနေတတ်တယ် ။ အလုပ်များ ခြင်းနဲ့ အတူ အမှား များခြင်း လည်း တွဲပါတယ် ။ ပထမ နှစ်က ကိုယ့်ကိုယ်ကို ပဲ တာဝန်ခံရပေမဲ့ ဒုတိယနှစ်မှာတော့ ကိုယ့်အောက်က ဂျူနီယာကိုပါ တာဝန်ခံရတယ် ။ ကိုယ်တိုင်မှားယွင်းမှု အတွက်အပြစ်တွေရှိသလို ၊ ကိုယ့်လက်အောက်က ဂျူနီယာတွေ အမှားအတွက်လည်းအပြစ် ရှိ နေပြန်တယ် ။ ဒုတိယနှစ်တွေ ပြဿနာ မရှိတဲ့နေ့ ဆိုတာ ရွှေထက်ရှားတဲ့ နေ့ ပါပဲ ။

         နောက်ဆုံးနှစ် ကိုတော့ God of DSA လို့ ခေါ်တယ် ။ DSA ရဲ့ အရှင်သခင်တွေပေါ့ ။ ကိုယ့်ပိုင်သင်ရိုး ၊ ကိုယ်ပိုင် သင်ခန်းစာတွေ အပြင် ...ကျောင်းကကျင်းပတဲ့ တပ်ခွဲလိုက်ပြိုင်ပွဲတွေမှာ ကိုယ့်တပ်ခွဲ က လူတွေကို ဦးဆောင်ပြီး train လုပ်ပေးရတယ် ။ ဦးဆောင်မှု ပေးကြရတယ် ။ နောက်ဆုံးနှစ် တွေရဲ့ ဦးဆောင် မှုပေါ် မူတည်ပြီး တပ်ခွဲမှာရှိတဲ့ ဂျူနီယာတွေရဲ့ စိတ်နေစိတ်ထား ၊ ဘဝတန်းဖိုးပြောင်းလဲ မှု တွေဟာ တစိတ်တစ်ပိုင်း မှီတည်နေတယ် ။ သက်ဆိုင်ရာတပ်ရင်းရုံး ရဲ့ ညွှန်ကြားချက်တွေကို ကိုယ့်တပ်ခွဲကိုဦးစီးပြီးဘယ်လို အကောင်ထည်ဖော်မလဲဆိုတော့ authority တွေ ကို ပိုင်ဆိုင်ကြတယ် ။ အောက်ခြေသိမ်း ကိစ္စတွေ ကိုယ်တိုင် လုပ်စရာမလိုတော့ဘူး ။ သို့ပေမဲ့ တပ်ခွဲ တစ်ခွဲ မှာရှိတဲ့ ဒုတိယနှစ် ၊ ပထမနှစ် အားလုံး ကိုတာဝန်ခံရတယ် ။
ဂျူနီယာတွေရဲ့ မိသားစုအဆင်မပြေ လို့ သင်တန်းကာလမှာ သိမ်ငယ်နေတာကအစ
အားပေးနှစ်သိမ့်တာ ၊ ညီအစ်ကိုတွေစုပြီး ကူညီထောက်ပံ့ တာမျိုးတွေလုပ်ရတယ် ။
ကိုယ့် လက်အောက်မှာရှိတဲ့ ဂျူနီယာတွေ စာမေးပွဲကျတာ ၊ စည်းကမ်းဖောက်ဖျက်တာ ဟာ ကိုယ်တိုင်အပြစ်ပေးခံရခြင်း မဟုတ်သည့်တိုင်နောက်ဆုံးနှစ်သမားတွေအတွက်သိပ်ရှက်စရာကောင်းတဲ့ကိစ္စတွေဖြစ်ပါတယ် ။ DSA ရဲ့အရှင်သခင်တွေဖြစ်တဲ့ အတွက်တော်ရုံကိစ္စ ဆို အရာရှိတွေ က ထိန်းသိမ်းတာနည်းပါတယ် ။ ကိုယ့်ကိုယ်ကို ထိန်းသိမ်းကြရတယ် ။ ကိုယ် စည်းကမ်းဖောက်ဖျက်လို့ ဂျူနီယာတွေရှေ့မှာ အပြစ်ပေးခံရ တာ ဟာ သိပ်ရှက်စရာကောင်းတဲ့ ကိစ္စပါ ။

           ဒါဟာ DSA ရဲ့ စီနီယာ ၊ ဂျူနီယာစစ်စတန်ဖြစ်ပါတယ် ။ တချို့ သောသူတွေ ဟာ ဒီစနစ် ကိုနားမလည်ပါဘူး ။ အမိန့် နဲ့ လိုက်နာ ဆိုတာကို လက်မခံနိုင်ပါဘူး ။
သူတို့ အမြင်မှာ စစ်သား ဆိုတာ ပရော်ဖက်ရှင်နယ် ဖြစ်တယ် ။ ကိုယ်ပိုင်သင်ရိုးတွေ ၊ လေ့ကျင့် မှုတွေ ကို နည်းပြတွေ နဲ့ စနစ်တကျ လေ့ကျင့် .. ကိုယ့်ဘက်ကလည်း ဒင်ဒင်မြည်အောင်လေ့ကျင့် ကိုယ်မှန်တယ်ထင်ရင် စီနီယာမို့ သည်းခံဖို့ မလိုသလို ၊ ဂျူနီယာမို့ အားနာဖို့လည်းမလို ဘူးဆိုတာမျိုးတွေ ပြောပါတယ် ။ သူတို့ ပြောတာ လည်း မှန်သင့်သလောက်မှန်ကန်ပါလိမ့်မယ် ။ ဒါပေမဲ့ စစ်သား ဟာ တခြား ပရော်ဖက်ရှင်နယ်တွေလို ကိုယ်ကောင်းရင်ခေါင်းဘယ်မှမရွေ့ ဘူးဆိုတဲ့ ပရော်ဖက်ရှင်နယ်မဟုတ်ပါဘူး ။ မိမိတစ်ကိုယ်တည်း ရပ်တည်ရတဲ့ အလုပ်အကိုင်မဟုတ်ပါဘူး ။ team work နဲ့ သွားရပါတယ် ။ အစုအဖွဲ့ နဲ့ရပ်တည် လုပ်ကိုင်ရတဲ့ ပရော်ဖက်ရှင်နယ်ဖြစ်ပါတယ် ။

          ဒါတွေပြောလို့ DSA မှာရော ၊ DSA ကကျောင်းဆင်းပြီး မှာရော အုပ်ချုပ်ရေး အမှားအယွင်းတွေ ၊ အထက်အောက်ဆက်ဆံရေးမှားယွင်းမှုတွေ ၊ ကိုယ်ကျင့်သိက္ခာအမှားယွင်းတွေ မရှိဘူးလားဆို တော့ ရှိပါတယ် ။ ဘာလို့လဲဆိုတော့ စက်ရုံထုတ်ကုန်မဟုတ်တဲ့ လူသားတွေ မို့ပါပဲ ။
"ကြီးမြတ်သောပုဂ္ဂိုလ်ဆိုတာသူရဲ့ကလေးလေးဘဝက နှလုံးသားကိုမဆုံးရှုံးသေးတဲ့သူဖြစ်တယ်" ဆိုတဲ့ တရုတ်တွေးခေါ် ပညာရှင် Mencius ရဲ့စကားလိုပါပဲ ...
ဘရိန်းဝှက်ရှ်လုပ်ခံရတယ် ၊ ရိုက်သွင်းခံရတယ် ဘယ်လိုပဲ ပြောကြပါစေ .... ကျောင်းတော်က နှလုံးသား တွေ မဆုံးရှုံးသမျှ ... မှန်ကန်သောစစ်သား ၊ အောင်မြင်သော စစ်ခေါင်းဆောင်တွေ မလွဲမသေ ဖြစ်နေကြဦးမှာပါ ။

(ရုပ်ဆိုး၏ Facebook စာစု)

Saturday, June 15, 2013

Monday, February 25, 2013

အပတ်စဉ်ကိုယ်စားပြုအလံတော် သို့မဟုတ် Intake Flag

စစ်တက္ကသိုလ်မှာ Intake Flag တပ်တဲ့ ဓလေ့ထုံးစံ ဘယ်တုန်းက စခဲ့တယ် မသိပေမယ့် ကျွန်တော်တို့ ပထမနှစ်မှာ အဲသည်ဓလေ့ ရှိနေပြီး နောက်ပိုင်းမှာလည်း ဆက်လက် ထိန်းသိမ်းထားကြသလားဆိုတာတော့ မသေချာပါဘူး။ Intake Flagဆိုတာ ကျောင်းဆင်းပွဲမှာ ကျောင်းဆင်းတပ်ခွဲက ကိုင်ဆောင်ရတဲ့ အလံဖြစ်ပြီး ပုံစံတော့ အနီရောင်အောက်ခံ ဘယ်ဘက်အပေါ်ထောင့်မှာ စစ်တက္ကသိုလ် အလံ နဲ့ ညာဘက် အောက်ထောင့်မှာတော့ ကျောင်းဆင်းအပတ်စဉ်နံပါတ်ကို မြန်မာလို ရေးထားပါတယ်။ အဲသည် အလံတော် ပုံစံတူ ငါးလက်မ သုံးလက်မလောက် ရှိတဲ့ ဖိုင်ဘာပလတ်စတစ် ပြားလေးကို ရင်ထိုးသဖွယ် ဝတ်ဆင်ကြတဲ့ ဓလေ့ကို ပြောခြင်းဖြစ်ပါတယ်။ အဲသည်အလံကို လူနည်းတဲ့ အပတ်စဉ်တွေတုန်းက တစ်ပတ်စဉ်လုံးမှာ တစ်ခုတည်း ထားပြီး အလှည့်ကျ ဝတ်ဆင်ကြပေမယ့် ဗိုလ်ကောင်းတို့ အပတ်စဉ်မှာတော့ တပ်ရင်း နှစ်ခုမှာ အလံတော် နှစ်ခုထားပြီး တစ်ပြိုင်တည်း နှစ်ခု ဝတ်ဆင်ကြပါတယ်။ ကျောင်းဆင်းအပတ်စဉ်က ဗိုလ်လောင်းတွေ အလှည့်ကျ ဝတ်ဆင်ကြတာဖြစ်လို့ ဘယ်လိုစနစ်နဲ့ အလှည့်ကို သတ်မှတ်သလဲ ပြောပြပါ့မယ်။
         ဗိုလ်ကောင်းတို့ အပတ်စဉ်က ဗိုလ်လောင်း လေးရာကျော်ရှိတာမို့ တပ်ရင်းနှစ်ခု ခွဲလိုက်တဲ့အခါ တပ်ရင်းတစ်ရင်း လူနှစ်ရာကျော်ပါတယ်။ အဲသည် လူနှစ်ရာမှာ တပ်ရင်းအလိုက် ဗျူဟာနံပါတ်လို့ခေါ်တဲ့ နာမည်ကို  မြန်မာအက္ခရာစဉ်အတိုင်း နံပါတ်တပ်ထားတာ ရှိပါတယ်။ တပ်ရင်းတစ်ရင်းစီမှာ ဗျူဟာနံပါတ် တစ်ကနေ နှစ်ရာကျော် ရှိသလောက်ထိ နံပါတ်တွေ ကိုယ်စီ ရှိကြပါတယ်။ ကျောင်းဆင်းပွဲလုပ်ဖို့ ရက်ကို ခန့်မှန်းလို့ ရပြီဆိုတာနဲ့ Intake Flag ကို စတင် ဝတ်ဆင်ကြပါတယ်။ ကျောင်းဆင်းဖို့ ရက်ငါးဆယ် လိုတဲ့နေ့မှာ ဗျူဟာနံပါတ် ၅၀ တပ်ထားတဲ့ ဗိုလ်လောင်းက Intake Flag ကို ဝတ်ဆင်ခွင့်ရပါတယ်။ နောက်နေ့မှာ ကျောင်းဆင်းဖို့ ၄၉ ရက်လိုတဲ့ နေ့မို့ ဗျူဟာနံပါတ် ၄၉ တပ်ထားတဲ့ ဗိုလ်လောင်းကို လွှဲပေးရပါတယ်။ အဲသည်လို လွှဲတာက ရော့အင့် မင်းတပ်တော့ ဆိုပြီး လွှဲပေးတာမျိုး မဟုတ်ဘဲနဲ့ စစ်ရေးပြနဲ့ စနစ်တကျ လွှဲပေးရတာပါ။
         ရုံးဖွင့်ရက်မနက် တန်းပေါင်းစီ ရှိတဲ့ နေ့တွေမှာ မနက်ပိုင်း စစ်ရေးပြ အစီအစဉ်တွေ အပြီးမှာ လုပ်လေ့ရှိပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ တပ်ပြင်ထွက်ဖို့ တန်းစီရင်း လုပ်လေ့ရှိပါတယ်။ ကျောင်းတွင်းမှာ မရှိဘဲ တပ်ပြင်လေ့ကျင့်ခန်း ရှိရင်လည်း လေ့ကျင့်ခန်းလုပ်တဲ့ တောတွင်းတစ်နေရာမှာပဲ ဖြစ်ဖြစ် စစ်ရေးပြနဲ့ အလံကို လွှဲလေ့ရှိပါတယ်။ တပ်ပြင်လေ့ကျင့်ခန်းမှာ တပ်တဲ့ အလံက ဒီဇိုင်းတစ်မျိုးပါ။
  Intake Flag ဝတ်ဆင်ခွင့်ရတဲ့နေ့မှာ ဝတ်ဆင်ထားတဲ့ ဗိုလ်လောင်းဟာ ဗိုလ်လောင်းတွေ အားလုံးရဲ့ အထွတ်အထိပ် အလေးအမြတ်ပြုတာ ခံရပါတယ်။ ဗိုလ်လောင်းအချင်းချင်း ရာထူးခန့်အပ် အုပ်ချုပ်စနစ်ရှိတဲ့ စစ်တက္ကသိုလ်မှာ Intake Flag တပ်ထားတဲ့သူဟာ အားလုံးထက် မြင့်မားတဲ့ အလေးဂရုပြုမှုကို ရပါတယ်။ ဗိုလ်လောင်းတပ်ရင်းမှူး၊ ဗိုလ်လောင်း တပ်ရင်းတာဝန်မှူး၊ ဗိုလ်လောင်းတပ်ခွဲမှူး စတဲ့ ခန့်အပ်တာဝန်ပေးခံထားရတဲ့ အရာရှိဗိုလ်လောင်းတွေ အားလုံးထက် Intake Flag တပ်ထားတဲ့ ဗိုလ်လောင်းက ပိုအဆင့်မြင့်ပါတယ်။ စားရိပ်သာထဲမှာပဲ ဖြစ်ဖြစ်၊ မြို့ထဲက စားသောက်ဆိုင်ထဲမှာပဲ ဖြစ်ဖြစ် Intake Flag ဝင်လာရင် အားလုံးက သတ်မှတ်ထားတဲ့ စည်းကမ်းများအတိုင်း အလေးအမြတ် ပြုကြရပါတယ်။
        Intake Flag ဝတ်ဆင်ခွင့်ရတဲ့ ဗိုလ်လောင်းဟာ အဲသည်နေ့မှာ သူငယ်ချင်းတွေနဲ့ ညီငယ်တွေကို တတ်နိုင်သလောက် ကျွေးမွေးတဲ့အလေ့ ရှိပါတယ်။ ဗိုလ်လောင်းတွေ ငွေကုန်ကြေးကျ များမှာစိုးလို့ မကျွေးရလို့ စည်းကမ်းထုတ်ဖူးတာတွေလည်း ရှိပါတယ်။
         ဗိုလ်ကောင်းတို့ အပတ်စဉ်က ၂၀၀၁ ခုနှစ် ဧပြီလ ၆ ရက်မှာ ကျောင်းဆင်းပွဲ လုပ်တာမို့ ၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ ဗျူဟာနံပါတ် ၄၃ ဗိုလ်လောင်းက Intake Flag ဝတ်ဆင်ရပါတယ်။ အဲဒါကို အစွဲပြုပြီး Intake Flag ၄၃ တပ်တဲ့၊ ကျောင်းဆင်းဖို့ ၄၃ ရက်အလို ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ကို စစ်တက္ကသိုလ် အပတ်စဉ် ၄၃ ရဲ့ ကျောင်းဆင်းအထိမ်းအမှတ်နေ့ Intake Day အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကုသိုလ်ကောင်းမှုများပြုကြပါတယ်။ သေဆုံး ကျဆုံးတဲ့ သူငယ်ချင်းများကို အမျှအတန်းများ  ပေးဝေကြပါတယ်။ သူငယ်ချင်းတွေ စုနိုင်သလောက် စုစည်းတွေ့ဆုံကြပြီး အပတ်စဉ်ရဲ့ စည်းလုံးညီညွတ်ရေး အချင်းချင်း ကူညီရိုင်းပင်း နိုင်ရေးအတွက် နှစ်စဉ် စုစည်းတိုင်ပင် ဆွေးနွေးကြပါတယ်။
         အရင်အပတ်စဉ်တွေက နောင်တော်တွေ သူတို့ရဲ့ Intake Flag တွေကို ဘယ်လို စီမံခဲ့ကြတယ် မသိပေမယ့် ဗိုလ်ကောင်းတို့ အပတ်စဉ် ၄၃ အလံတော်ကို ရန်ကုန်မြို့က ဗိုလ်တစ်ထောင်ဘုရား ဌာပနာတော်မှာ ထည့်သွင်းပူဇော်ထားပါတယ်။ နောင်နှစ်တွေမှာ ကျောင်းဆင်းလာတဲ့ ညီငယ်တွေလည်း သူတို့ Intake Flag ကို ဗိုလ်တစ်ထောင်ဘုရား ဌာပနာတော်မှာပဲ ပူဇော်ထားတာကို တွေ့ရပါတယ်။


ntake Flag (သို့မဟုတ်) စစ်တက္ကသိုလ်၏ အစဉ်လာကောင်းတစ်ခု
---------------------------------------------------------------------
Intake Flag ဆိုတာကတော့ စစ်တက္ကသိုလ်ရဲ့ဗိုလ်လောင်းအမှတ်စဉ် တစ်ခုကို ကိုယ်စားပြုသော အလံငယ်လေးတစ်ခုပါပဲ။ တပ်မတော်သားတိုင်းဟာ မိမိနိုင်ငံရဲ့ အလံကို လေးစားချစ်ကြတယ်ဆိုတာ မလွဲသော အမှန်တရားတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ...ကျွန်တော်တို့ နိုင်ငံမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ တက္ကသိုလ်အသီးသီးမှ ဗိုလ်လောင်းတိုင်းဟာလည်း မိမိတို့တက်ရောက်ခဲ့တဲ့ တက္ကသိုလ် မိမိတို့ တက်ရောက်ခဲ့တဲ့ အမှတ်စဉ်ကို တန်ဖိုးထား လေးစားချစ်မြတ်နိုးကြပါတယ်။
ကျွန်တော်အခု တင်ပြရေးသားချင်တာကတော့ စစ်တက္ကသိုလ်မှာရှိတဲ့ Intake Flag တပ်ဆင်ခြင်းဆိုတဲ့ အစဉ်လာကောင်းတစ်ခုပါပဲ။ Intake Flag ကို ဘယ်လိုဗိုလ်လောင်းတွေ တပ်ဆင်ခွင့်ရသလဲဆိုရင်တော့ ကျောင်းဆင်းမည့် အပါတ်စဉ်ဖြစ်တဲ့ နောက်ဆုံးနှစ်ဗိုလ်လောင်းတွေသာ တပ်ဆင်ခွင့်ရရှိတာဖြစ်ပါတယ်။ ယခင်ကတော့ ဗိုလ်လောင်းအင်အားနည်းပါးတဲ့အတွက် Intake Flag ကို နောက်ဆုံးနှစ်တစ်ပါတ်စဉ်လုံး အလှည့်ကျတပ်ဆင်ရပါတယ်။ နောက်ပိုင်း ဗိုလ်လောင်းအင်အားများတဲ့အချိန်မှာ
ကျောင်းဆင်းရန် ရက် (၁၀၀) အလိုရောက်မှ ဗိုလ်လောင်း အယောက် (၁၀၀) ဟာ ကျောင်းဆင်းပွဲနေ့ထိ အလှည့်ကျတပ်ဆင်ရတာဖြစ်ပါတယ်။
နောက်ဆုံးနှစ် ဗိုလ်လောင်း အယောက် (၁၀၀) ဟာ ကျောင်းဆင်းမယ့်နေ့အထိ တစ်ရက်ကို တစ်ယောက် အလှည့်ကျတာဝန်ယူကာ Intake Flag ကို ရင်ဘတ်မှာ တပ်ဆင်ရတာဖြစ်ပါတယ်။
Intak Flag တပ်ဆင်မယ့် ဗိုလ်လောင်းအယောက် (၁၀၀) ကိုရွေးချယ်တဲ့နေရာမှာ သင်တန်းအရည်အချင်း Position များအလိုက် ရွေးချယ်တာမဟုတ်ပါဘူး။ ဗိုလ်လောင်း Cadet No အလိုက် အားလုံးကို ခြုံငုံ၍ တပ်ဆင်စေတာဖြစ်ပါတယ်။ အယောက် (၁၀၀ )ဖြစ်တဲ့အတွက်
ဗိုလ်လောင်းနံပါတ် ရှေ့ဆုံး အယောက် (၅၀) နှင့် နောက်ဆုံးအ ယောက် (၅၀) ကို ရွေးချယ်တပ်ဆင်စေတာ များပါတယ်။
စစ်တက္ကသိုလ် ဗိုလ်လောင်းတွေကို အုပ်ချုပ်မှု၊ ခေါင်းဆောင်မှု အတတ်ပညာတွေကို လေ့ကျင့်သင်ကြားပေးတဲ့နေရာမှာ စာတွေ့ထက် လက်တွေ့ကို ပိုမိုသင်ကြားစေပါတယ်။
ဗိုလ်လောင်းအချင်းချင်း ခေါင်းဆောင်းမှုကောင်းမွန်စွာ အုပ်ချုပ်တတ်စေဘို့ Senior-Junior System စနစ်ကို ထားရှိပြီး ဗိုလ်လောင်းတာဝန်ကျတွေ ခန့်အပ် အုပ်ချုပ်စေပါတယ်။ ဗိုလ်လောင်းတာဝန်ကျတွေကတော့ သင်တန်းမှာ အဆင့်ကောင်းမွန်တဲ့ သူတွေသာဖြစ်ပါတယ်။
ဗိုလ်လောင်းတပ်စုတစ်စုမှ Position အကောင်းဆုံး နောက်ဆုံးနှစ်ဗိုလ်လောင်းဟာ တပ်စုမှုးဆိုတဲ့ အပွိုင့်မန့်တာဝန်ထမ်းဆောင်ရပါတယ်။ တပ်ခွဲမှာ အဆင့်အကောင်းဆုံးက တပ်ခွဲမှုးဖြစ်ပါတယ်။
ဗိုလ်လောင်းတပ်ရင်းတစ်ရင်းလုံးမှာ အဆင့်အကောင်းဆုံး Final year ဗိုလ်လောင်းကတော့
ဗိုလ်လောင်း တပ်ရင်းမှုးတာဝန်ထမ်းဆောင်ရပါတယ်။ သို့ပေမယ့် ဗိုလ်လောင်းအာားလုံးဟာ ဗိုလ်လောင်းအချင်းချင်းကိုတော့ အလေးမပြုရပါဘူး။
Intake Flag တပ်ဆင်ထားတဲ့ ဗိုလ်လောင်းသည် Random ဖြစ်တဲ့အတွက် ထိုဗိုလ်လောင်းအယောက် (၁၀၀) ထဲမှာ တာဝန်ကျဗိုလ်လောင်း အပွိုင့်မန့်များ ပါဝင်သလို
သာမာန် ဗိုလ်လောင်းများလဲပါဝင်ပါတယ်။ သို့ပေမယ့် မည်သည့်ဗိုလ်လောင်းကပဲ Intake Flag တပ်ဆင်ထားသည်ဖြစ်ပါစေ စစ်တက္ကသိုလ်တစ်ခုလုံးမှာ ရှိတဲ့ ဗိုလ်လောင်းအားလုံးဟာ
Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို အလေးပြုရပါတယ်။ သူတို့အလေးပြုတာဟာ ထိုဗိုလ်လောင်းကို မဟုတ်ဘဲ သူ့ရင်ဘတ်မှာ တပ်ဆင်ထားတဲ့ အလံကို အလေးပြုကြခြင်းသာဖြစ်ပါတယ်။
Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို စစ်တက္ကသိုလ်တစ်ဝှမ်းလုံးမှာ အဆင့်အမြင့်ဆုံးဗိုလ်လောင်းအဖြစ် ဗိုလ်လောင်းအားလုံးက သတ်မှတ်ထားတာဖြစ်ပါတယ်။
နံနက် တန်းပေါင်းစီချိန်မှာ သာမာန်အားဖြင့် ဗိုလ်လောင်းတပ်ရေးက ဗိုလ်လောင်းတပ်ရင်းမှုးကို တန်းအပ်၍ နိုင်ငံတော်အလံကို အလေးပြုကာ သစ္စာဆိုကြရပါတယ်။ ဒါပေမယ့် Intake Flag တပ်ဆင်ချိန်ရောက်လာရင်တော့ ဗိုလ်လောင်းတပ်ရင်းမှုးကပါ Intake Flag တပ်ဆင်ထားသူ ဗိုလ်လောင်းကို အလေးပြုတန်းအပ်ပြီးမှ Intake Flag တပ်ဆင်သူဗိုလ်လောင်း၏ အမိန့်ဖြင့်
ဆက်လက်လုပ်ဆောင်ရတာဖြစ်ပါတယ်။
သို့ပေမယ့် Intake Flag ဗိုလ်လောင်းဟာ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်တွေကို ၀င်ရောက်စွက်ဖက်ခွင့်မရှိပါဘူး။ သက်ဆိုင်ရာ အုပ်ချုပ်မှုကိစ္စတွေကို ဗိုလ်လောင်း တာဝန်ကျများကသာ လုပ်ဆောင်ပါတယ်။ Intake Flag တပ်ဆင်သူ ဗိုလ်လောင်းအား Respect သဘောဖြင့်သာ ဆက်ဆံကြတာဖြစ်ပါတယ်။ Intake Flag တပ်ဆင်သူဗိုလ်လောင်းဟာ သာမာန် Plane Cadet ဖြစ်နေခဲ့လျှင်တောင် ဗိုလ်လောင်းတပ်ရင်း တစ်ရင်းလုံးအား ခရာမှု၍ တန်းစီလျှင် အားလုံးက လေးစားမှုဖြင့် တန်းစီကြရပါတယ်။
ဗိုလ်လောင်းတွေဟာ စာပေပညာသင်ဘို့အတွက် သက်ဆိုင်ရာ ဗိုလ်လောင်းတပ်ရင်းများမှတဆင့်
စာပေဌာနသို့ စစ်ကြောင်းပုံဖြင့် စစ်တီးဝိုင်းဖြင့် ချီတက်ကြပါတယ်။ ထိုသို့ချီတက်ရာမှာ ထိပ်ဆုံးက နိုင်ငံတော်အလံကိုင် ဗိုလ်လောင်းက ချီတက်ပြီး နောက်ကနေ ဗိုလ်လောင်းတပ်ရင်းမှုးက ချီတက်ပါတယ်။ အဲဒီနောက်ကမှ တပ်ခွဲများက အစဉ်လိုက်ချီတက်ကြတာပါ။ Intake Flag တပ်ဆင်ချိန်မှာတော့ Intake Flag ဗိုလ်လောင်းဟာ အားလုံးရဲ့ ထိပ်ဆုံးကနေချီတက်ရတာဖြစ်ပါတယ်။
ဗိုလ်လောင်းများ စာပေပညာသင်ကြားရာနေရာသို့လည်းကောင်း၊ အိပ်ဆောင်များသို့လည်းကောင်း၊ စားရိပ်သာများသို့လည်းကောင်း Intake Flag ဗိုလ်လောင်းဝင်ရောက်လာရင် အားလုံး ရှေ့ကြည့်အနေထားနှင့် နေပြီး လေးစားမှုကိုပြသကြပါတယ်။
Intake Flag လဲလှယ်သည့်အချိန်ကတော့ နံနက် တန်းပေါင်းစီချိန်ဖြစ်ပါတယ်။ လဲလှယ်မည့်ဗိုလ်လောင်းနှစ်ဦးဟာ အလံလဲရန်ထွက်ဟု ဆိုသည်နှင့် စစ်တီးဝိုင်းမှ တီးမှုတ်သော စစ်သီချင်းသံဖြင့် တပ်ရင်းအရှေ့ကိုထွက်ကာ ဗိုလ်လောင်းတပ်ရင်းမှုး၏ ရှေ့မှောက်တွင် လဲလှယ်ရပါတယ်။ အဲဒီအချိန်မှာ ဗိုလ်လောင်းတပ်ရင်းမှုးက ထိုဗိုလ်လောင်းနှစ်ယောက်အား အလေးပြု၍ Intake Flag ကိုလဲလှယ်စေပါတယ်။
Intake Flag တပ်ဆင်ရန် အလှည့်ကျတဲ့ ဗိုလ်လောင်းကတော့ ထိုနေ့မှာ
သူရဲ့ရှိစုမဲ့လစာနဲ့ တပ်ရင်းတစ်ရင်းလုံးကို မုန့်ကျွေးပါတယ်။ အားလုံးကလဲ ညနေ တန်းပေါင်းစီ တန်းဖြုတ်ရင် သူနေတဲ့ အခန်းကိုသွားပြီး ဂုဏ်ယူနှုတ်ဆက်စကားပြောကြားကြပြီး ပျော်ပျော်ပါးပါး မုန့်စားကြပါတယ်။ ထိုနေ့မှာတော့ Intake Flag တပ်ဆင်သူကိုသာမကဘဲ သူ့ရဲ့ ဂျူနီယာ ဂါဒီယံ ဗိုလ်လောင်းတွေကိုပါ အားလုံးက လေးစားမှုပြုကြတာဟာ အစဉ်လာကောင်းတစ်ခုပါ။
Intake Flag တပ်ဆင်သူတွေထဲမှာမှ ဗိုလ်လောင်းတစ်ယောက်ကို လေးစားဂုဏ်ယူကြပါသေးတယ်။ သူကတော့ အပါတ်စဉ်အတွက် ကံထူးသူဟုဆိုနိုင်ပါတယ်။
ဥပမာ အပါတ်စဉ် ၄၆ ဆိုပါဆို့။ ၄င်းတို့အပါတ်စဉ် ကျောင်းဆင်းရန် ၄၆ ရက်အလိုတွင် Intake Flag တပ်ဆင်ရသူကို တစ်ပါတ်စဉ်လုံးက ၀မ်းသာဂုဏ်ယူစွာဖြင့် လေးစားစွာဆက်ဆံကြတာပါပဲ။
ဒါဟာ အပတ်စဉ်တိုင်းမှာရှိပါတယ်။
ကျောင်းဆင်းပြီးရင်တော့ အပါတ်စဉ်တိုင်းဟာ သူတို့ အပါတ်စဉ် တပ်ဆင်ခဲ့သော Intake Flag ကို ဘုရားမှာဌာပနာကြပါတယ်။ ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်ဘုရားတွင် စစ်တက္ကသိုလ်၏ Intake Flag အားလုံးကို အပါတ်စဉ်လိုက် ဌာပနာထားပါတယ်။
ကျွန်တော့်အနေဖြင့် Intake Flag အကြောင်းကို ယခုလိုဖော်ပြပေးခြင်းဟာ စစ်တက္ကသိုလ်ရဲ့အစဉ်လာကောင်းတွေအားလုံးထဲမှ တစ်ခုကို ဖော်ထုတ်တင်ပြခြင်းဖြစ်ပါတယ်။
ဗိုလ်လောင်းအစစ်အမှန်တို့ရဲ့ ဘ၀အလေ့အထနဲ့ နိုင်ငံတကာ အသိမှတ်ပြုထားသော
စစ်တက္ကသိုလ်မှ ဗိုလ်လောင်းများအနေဖြင့် မည်ကဲ့သို့လေ့ကျင့်သင်ကြားခဲ့ရသလဲ ဆိုတာကို
သိစေလိုသော ဆန္ဒဖြင့် ရေးသားတင်ပြအပ်ပါတယ်။
ထူးဝေ
(https://www.facebook.com/photo.php?fbid=1003574739669422&set=a.177535202273384.48653.100000507163415&type=1&fref=nf)

Intake Day Ceremony (Yangon)






Intake Day Ceremony ( Naypyidaw)











Thursday, February 21, 2013

Happy Birthday

https://www.facebook.com/zarni.mgmg.92