Tuesday, July 15, 2014

ဝန့်စ် အပွန်း အေ တိုင်းမ် အင် ပင်းတလဲ

ဝန့်စ် အပွန်း အေ တိုင်းမ် အင် ပင်းတလဲ ( Once Upon A Time In Pinn Ta Lae )

ထိုဓါတ်ပုံလေး ရိုက်ခဲ့တဲ့ အချိန်ကာလသည် ၂၀၀၀ ပြည့်နှစ်တုန်းကဖြစ်၏။ လွန်ခဲ့သော (၁၄)နှစ်က ဆိုလျှင်လဲ မမှား။ ကျုပ်တို့ ကျောင်းသားဘ၀ နောက်ဆုံးနှစ်ပေါ့။ ရိုက်ခဲ့တဲ့ နေရာဒေသကတော့ မြန်မာပြည်အလယ်ပိုင်း ၀မ်းတွမ်းမြို့နယ် ပင်းတလဲကျေးရွာတွင်ဖြစ်၏။ သွားရောက်ခဲ့တဲ့ အကြောင်းကိစ္စကတော့ နောက်ဆုံးနှစ် သင်တန်းသားတွေရဲ့ သင်ခန်းစာတစ်ခုဖြစ်တဲ့ ပြည်သူ့ဘ၀လေ့လာရေးနှင့် ပြည်သူအကျိုးပြုလုပ်ငန်းဆောင်ရွက်ခြင် ဖြစ်ပါသည်။ ဒီနေရာမှာ ကြားဖြတ်ပြီး တင်ပြချင်တာကတော့ ဒီကနေ့ လူသုံးများနေတဲ့ ပြည်သူအကျိုးဆိုတဲ့ ကိစ္စကြီးကို ကျုပ်တို့တစ်တွေ လွန်ခဲ့သော (၁၄) နှစ်ကျော်ကာလ ကတည်းက ဆောင်ရွက်ပြီးဖြစ်ကြောင်း ကြော်ငြာ ၀င်လိုက်ရပါသည်။
ပင်းတလဲရွာအ၀င်ကို မော်တော်ယာဉ်တန်းကြီး ၀င်လိုက်ပြီဆိုကတည်းက ယူနီဖောင်းမှာပေကျံနေသော ဖုန်တွေကို ခါတဲ့လူကခါ၊ ဘယ်ရီကပ်ပျောက်လို့ ရှာတဲ့လူကရှာ ( ပုံထဲမှာ ဘယ်ရီကပ်မပါသူများသည် ပျောက်သွားသောသူတွေဟု ယူဆရ ) တစ်ချို့ကလဲ စနိုးတာဝါနဲ့ မျက်နှာကို အပီအပြင် ပွတ်သက်ပြီး ရူပါတင်ခြင်း စသည်တို့ကို အသီးသီးဆောင်ရွက်ပြီးသကာလ ကားပေါ်မှ ဆင်းကြလေသည်။ ရွာအ၀င်တွင် ကျုပ်တို့ကို ကြိုဆိုနေသောရွာသူ/ရွာသားများကစောင့်ဆိုင်းနေကြသောကြောင့် ကားပေါ်မှဆင်းရခြင်းဖြစ်၏။ ပထမဆုံးစတွေ့လိုက်ရတာကတော့ အစိမ်းရောင်ပိတ်သားအောက်ခံမှာ အဖြူရောင်စာလုံးနဲ့ ကပ်ထားတဲ့စာသားတစ်ချို့ ”အမှတ်စဉ်(၄၃) နောက်ဆုံးနှစ်ဗိုလ်လောင်းများအား ပင်းတလဲရွာမှကြိုဆိုပါ၏” တဲ့။ နောက် .. သီချင်းသံကိုကြားလိုက်ရသည်။ ~~ အမှတ်စဉ် (၄၃) နောက်ဆုံးနှစ်ရဲ့ ဗိုလ်လောင်းတွေပါ ~~ အစရှိတဲ့ ဒိုးပတ် သံစဉ်နှင့်အတူ ဖျော်ဖြေနေတဲ့ ရွာသူရွာသားများရဲ့ ကြိုတင်ဇာတ်တိုက်ရေးသားသီဆိုထားတဲ့ ဂုဏ်ပြုကြိုဆိုတဲ့သီချင်းလေးကို ဒီကနေ့ထိ ကြားယောင်မိသည်။ ရွာသူရွာသားများ ကလေးများက ပန်းစည်းများကမ်းကာ ကြိုဆိုကြသည်။ နောက်ထပ်ကြိုဆိုနေကြတာကတော့ ရွာအ၀င်လမ်းတစ်လျှောက် ခန့်ညားထည်ဝါစွာ ဘယ်ညာရပ်ပြီးစောင့်ကြိုနေတဲ့ ထန်းတောကြီး။

ကျုပ်တို့ တည်းခိုနေထိုင်မည့် စာသင်ကျောင်းအထိ ရွာအတွင်းကို လမ်းလျှောက်၍၀င်ကြသည်။ ကြိုဆိုနေကြသော ရွာသူရွာသားများနှင့် ကလေးများလဲ ကျုပ်တို့နှင့်အတူ စာသင်ကျောင်းအထိ လမ်းလျှောက်၍လိုက်လာကြသည်။ လမ်းတစ်လျှောက်တွင် အများစုမှာ တော်ကီပွားလာကြသည်။ သူငယ်ချင်း အချင်းချင်းတော့မဟုတ် ရွာမှ ကွမ်းတောင်ကိုင် ပန်းတောင်ကိုင်များဟု ယူဆရသော မိန်းကလေးငယ်တစ်ချို့နှင့်သာဖြစ်၏။ ညီမငေး နာမည်ဘယ်လိုခေါ်လဲ၊ ကျောင်းတက်နေလား ဘယ်အတန်းတက်နေတာလဲ၊ အိမ်လာလည်မယ်နော်၊ ဒို့ကိုခင်ရင် အိမ်မှာမွေးထားတဲ့ ကြက်လေးရိုက်ချက်ကျွေးပါလား၊ ညလေးက ဆရာအတက်သင် တက်နေတယ်ဆိုတော့ ဆာမဂျီးလုပ်မှာပေါ့ စသည်ဖြင့် စကားများကိုရေပါတ်မ၀င်အောင် ပြောလာခဲ့ကြသည်။ (အမှန်တော့ စားအိမ်သောက်အိမ်ရရှိရေး အတွက် အလေးထားလိုက်နာဆောင်ရွက်ခြင်းဖြစ်၏) အန်ကယ်-ဖိုက် (ဦး၅) ဟုခေါ်သော နည်းဗျူဟာကို လက်မလွတ်စတမ်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း နောင်တစ်ချိန်မှသိမြင်ခဲ့၏။

ဓါတ်ပုံပါ ပုဂ္ဂိုလ်များနှင့်လဲ ကြားဖြတ်ပြီး မိတ်ဆက်ပေးချင်ပါသေးသည်။ သုံးယောက်တန်းအလယ်တွင် ခန့်ခန့်ညားညား ပန်းစည်းကိုကိုင်ကာ ဟန်ပါပါလမ်းလျှောက်လာသူကတော့ ကျွန်ုပ်ပဲဖြစ်၏။ လက်မောင်းတွင် အဖြူရောင်သုံးရစ်တပ်ဆင်ထား၏။ တစ်ခြားတော့မဟုတ် တပ်စုတပ်ကြပ်ကြီးရာထူးဖြစ်၏။ မည်သူမှခန့်အပ်သလဲဆိုတော့ ခင်ဗျားတို့ကျုပ်တို့ပါစပ်ဖျားမှာ ခုချိန်ထိရေပန်းစားဆဲ အဲဒီတုန်းက ဒုတိယကျောင်းအုပ်ကြီး ဦးအောင်မျိုးမင်းဖြစ်သည်။ ( ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှ ချီးမြှင့်သော ရာထူးမျိုးကို ကျုပ်အနေဖြင့် ဂုဏ်ယူစွာတပ်ဆင်ထားခြင်းကို လွန်အံ့မထင် .. ဟီးဟီး )။ အဲ.. ကျုပ်ရဲ့ ဘယ်ဘက်မှာတော့ အရပ်ရှည်ရှည် ပြူးကြောင်ကြောင် သုန်မှုန်စွာနဲ့ ကြည့်နေသူကတော့ ကျုပ်ရဲ့ ဘယ်လက်ရုံးတာဝန် ထမ်းဆောင်နေတဲ့ ဇော်မင်းသိန်း ( လိပ်ကြီး၊ ဖိုးပါကြီး၊ ရန်အောင်ကြီး ) ပဲဖြစ်၏။ အဲဒီအချိန်မှာ သူ့ကို မစရဲ ဗိုက်စာပြီးစိတ်တိုနေသောကြောင့်ဖြစ်၏။ ကျုပ်ရဲ့ညာဘက်မှာကတော့ ညာလက်ရုံးတော်ကြီး ချမ်းနေ၀င်း ( ဆေးဘော ) ကျုပ်ရဲ့ ညာလက်ရုံးဖြစ်ရသည်ကို ဂုဏ်ယူသည့် အပြုံးမျိုးဖြင့် ကင်မရာမင်းကို ပြုံးပြီး ဟန်ပါပါကြည့်နေသူပေါ့။ သူ့ပခုံးပေါ်မှာကတော့ ကျုပ်လိုဘဲ ဦးအောင်မျိုးမင်း ချီးမြှင့်ထားတဲ့ အပွိုင့်မန့်ဒေါက်။ ကျုပ်တို့ ဘယ်ဘက်မှာ ဦးထုပ်မပါတဲ့ နှစ်ယောက်ထဲ လမ်းလျှောက်ရင်း တော်ကီပွားပြီး သွားဖြီးနေသူကို တွေ့ပါလိမ့်မည်။ သူကတော့ အောင်ဆန်းသူရိယ လှသောင်းကျောင်းသားကွဟု မကြာခဏ ဂုဏ်ယူဝံ့ကြွားစွာ ပြောလေ့ရှိသော၊ သူ့နှာခေါင်းကြီးခြင်းကို ( ပြည့်ဝတဲ့ အနမ်းပိုင်ရှင်ကွ ) ဟု အကာအကွယ်ပြုပြောလေ့ရှိသော ရေမကူ လေမရှူတမ်း ပွားလေ့ရှိသော စိုးမင်းသိမ်း ဖြစ်၏။ ကျုပ်တို့သုံးယောက်ရဲ့ နောက်တွင် နှစ်ယောက်ရှိ၏။ ဘယ်ဘက်က လူကောင်သေးသေး ဒေါက်အနီရောင်တပ်ထားသော၊ ရင်ဘက်မှာ နံပါတ် ၁၇၄ ကို တပ်ဆင်ထားသော၊ ကိုယ်အလေးချိန် ပေါင် ၁၀၀ ပြည့်မှီရန် ငှက်ပျောသီး၊ ရေသန့်ဘူးတို့ကို အားမနာတမ်း မှီဝဲခဲ့ရသော ( အရင်တုန်းကဖြစ်သည် ခုတော့မသိ ) သူရသိန်း ဖြစ်၏။ အဲ… သူ့ရဲ့ ညာဘက်မှာကတော့ ခါးမှာချိတ်ထားသော ကင်မရာကို ( ဗိုလ်အောင်ဒင် ဇာတ်လမ်းထဲက ကိုဘချစ် ခါးက ခြောက်လုံးပြူးဆွဲထုတ်သလို) ဟန်ပါပါဆွဲထုတ်ပြီး ကင်မရာရိုက်ပေးသူကို ငါတို့လဲတစ်ပုံလောက်ရိုက်ပေးပါအုံးဟု အကူအညီတောင်းသည့် အမူအရာပိုင်ရှင်ကတော့ နောင်တော်ကြီး ကိုနန္ဒအေး သူ့ကို ကျုပ်တို့က ချစ်စနိုးနဲ့ ယူစီ လို့ခေါ်ကြတယ် ( ယူစီ - ယူ= ယူဂျီအယ်လ်ဝိုင် အားဂလီး စီ=စီအေတီ ကတ် ) အားဂလီး ကတ် = ကြောင်ရုပ်ဆိုး။
မော်ဒယ်ဘွိုင်းတွေအကြောင်းပြောရင်းနဲ့ စာကရှည်သွားသည်။ အတိုချုပ်ပြီးတင်ပြပါတော့မည်။

စစ်ကြောင်းမှူး ဦးဖုန်းမြင့် ( အီးဖုန်း ဟုလဲ သူ့ကွယ်ရာတွင်ခေါ်ကြသည် အကြောင်းမူ အီးမေဂျာ ဌာနမှူး ဖြစ်၏) ခန်းမသွင်းစကားပြော .. ***************** .. ရွာတွင်းသို့ မသွားရဲအောင်ပြောခြင်းဖြစ်ကြောင်း ဆိုက်ဝါး သာဖြစ်ကြောင်း နောင်တစ်ချိန်တွင်သိရှိရ-

ရွာဘုန်းကြီးကျောင်းရေကန်ဆည်ခြင်းလုပ်အားပေးလုပ်ကြသည်။ ရာသီဥတုအလွန်ပူသည် ပင်ပန်းကြသည်။ သို့သော် ပျော်ခဲ့ကြသည်။

ရွာလက်ရွေးစင်အသင်းများဖြင့် ဘော်လုံးကန်သည်။ နွားလှည်းပေါ်တက် မိုက်ကိုင်ပြီး လော်စပီကာနဲ့ မြန်မာ့အသံ ဦးလှဝင်း လေသံဖြင့် ပွဲအစီအစဉ်တင်ဆက်သူကတော့ သီဟထွန်း ( ဆင်ဖြူရှင် ) ဖြစ်၏။ ပထမနေ့ ပင်းတလဲရွာ အသင်းရှုံးသည်။ ဂိုးပြတ်ဖြင့် ကျုပ်တို့အသင်းနိုင်သည်။ ကျေးရွာအသင်း နည်းစနစ် ဒါရိုက်တာ ဖြစ်သော ရွာဦးကျောင်းဘုန်းကြီးမှ သူ့အသင်းသားများကို ဂိုးပြတ်ဖြင့်ရှုံးရကောင်းလားဟုဆိုကာ ကြိမ်လုံးဖြင့် ခေါ်သမကြောင်း နောက်ပိုင်းသတင်းများအရ သိရှိရသည်။ စစ်ကြောင်းမှူးမှပြော၏ မင်းတို့ရွာထဲသွားရင် ဘယ်အိမ်ကမှ ခေါ်မှာမဟုတ်တော့ဘူးဟုဆို၏ ( ဘော်လုံးအနိုင်ကန်ထားသောကြောင့် ဆိုလိုခြင်းဖြစ်သည်)။

ရွာတွင် စီဒီအိုကေဆိုင် နှစ်ဆိုင်ရှိ၏။ ယနေ့ခေတ် ကေတီဗွီများလို အလုံပိတ်အခန်း၊ အဲယားကွန်း၊ ဆိုဖာထိုင်ခုံ၊ ကူညီသီဆိုပေးသူ အမျိုးသမီးများနှင့် မီးရောင်စုံများ မရှိ။ ထန်းရွက်မိုးတဲတွင် ထန်းလက်ကုလားထိုင် တစ်ရွာလုံးကြားနိုင်လောက်သော လော်စပီကာ ပဲကြီးလှော်နဲ့ ထန်းရည် သာရှိ၏။ သူ့ခေတ်သူ့အခါနှင့် ယှဉ်လျှင် ခေတ်မီသောရွာဟု ဆိုနိုင်ပေသည်။ သုမောင်ရဲ့ နဂါးနီ သီချင်းကို ရတ်ပိ (Repeat) လုပ်ပြီးဆိုကြသည် ( ထိုသီချင်းကရှည်သည် ဆိုရတာတန်သည်။ သီချင်း ပုဒ်အရေအတွက်ဖြင့် ငွေပေးရသောကြောင့်ဖြစ်၏။ သီချင်ကလည်း ဆိုရလွယ်သည်) မိမိအသံကောင်းခြင်းကို တစ်ရွာလုံးသိပါစေခြင်းအလို့ငှာ သီဆိုရန်အတွက် သီချင်းရွေးပြီး တန်းစီ၍စောင့်ဆိုင်းနေသူများလည်းရှိ၏။ တစ်ချို့ဆို ဆိုင်ပိတ်သွား၍ မဆိုလိုက်ရ ဆိုင်ရှင်မှ တောင်ပန်ပြီးပြန်လွှတ်လိုက်ရသည်။

ထိုကာလကတည်းက စစ်ရပ်ပါ ( Army Rapper) များလည်း ပေါ်ထွန်းခဲ့ဖူးသည်။ ရွာလယ်ခေါင် နေပူထဲတွင် ဂျင်းဘောင်းဘီကို ဟန်ပါပါ ၀တ်ဆင်ပြီ ဝေါ့မန်း ( WalkMen ) နားကြပ်ဖြင့်နားထောင်ရသော ကက်စက် ကိုခါးမှာချိတ် နားကြပ်ကို ခေါင်းမှာတပ် ရပ်ပါစည်းချက်နဲ့အညီ ခေါင်းတညိတ်ညိတ်ဖြင့် မည်သူခေါ်ခေါ် မကြား၊ သီချင်းထဲက နားမလည်နိုင်သောစာသားများကို တစ်တွတ်တွတ်ရွတ်ဖတ်သရဇာယ်ရင်း တစ်ကိုယ်တော် ရွာရိုးကိုးပေါက်လျှောက်လည်သူကတော့ ပြည်သူချစ်သော အာကာ(BDL)။ နိုင်ငံကျော် ရပ်ပါအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ အက်ဆစ် ( ACID ) အဖွဲ့ရဲ့ ”စတင်ခြင်း” တေးစီးရီးသီချင်းတိပ်ခွေကို ပင်းတလဲဒေသတ၀ိုက် ကိုယ့်အားကိုကိုး အခမဲ့ ထုတ်လုပ်ဖြန့်ချီ ကြော်ငြာပေးခဲ့သူလည်းဖြစ်၏။ အက်ဆစ်အဖွဲ့၏ ကျေးဇူးရှင် မည်ထိုက်ပေစွ။ ( ထိုအချိန်က စိုင်းစိုင်းခမ်းလှိုင်ရဲ့ တောဂေါ်လီ သီချင်းသာပေါ်ခဲ့လျှင် အနှီပုဂ္ဂိုလ်နှင့် ကွတ်တိဖြစ်၏ )။

ပင်းတလဲဒေသတွင် အိမ်တွင်းမှုလုပ်ငန်းအနေဖြင့် လက်/စက် ယက်ကန်းလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ကြသည်။ အညာစောင်၊ မျက်နှာသုပ်ပ၀ါ၊ ပုဆိုး၊ လွယ်အိတ် အစရှိသော အ၀တ်အထည်ပစ္စည်းများကို အဓိကထားထုတ်လုပ်ကြသည်။ ကျုပ်တို့သူငယ်ချင်းများထဲတွင် ယက်ကန်းလုပ်ငန်းကို အင်မတန် စိတ်ဝင်စားသော ပုဂ္ဂိုလ်များလည်း ပေါ်ထွန်းခဲ့ပေသည်။ နေ့စဉ် ယက်ကန်းရုံရှိရာသို့ သွားရောက်သတင်းပို့ခြင်း၊ ကိုယ်တိုင် ယက်ကန်းဝင်ယက်ခြင်း၊ ယက်ကန်းပညာရပ်ကို အူမချီးခါးမကျန်သိရှိလို၍မေးမြန်းခြင်း၊ ပင်းတလဲနှင့် အုပ်စုတူ ကျေးရွာဖြစ်သော လေးမျက်နှာကျေးရွာအထိ ခြေဆန့်၍ ယက်ကန်းပညာကို အပတ်တကုတ် ကြိုးစားအားထုတ်ခြင်း စသည်တို့သည် နောင်တစ်ချိန်တွင် မြန်မာ့ရိုးရာ ယက်ကန်းလုပ်ငန်းကို အဆင့်မြင့်တင်ပြီး ကုမ္မဏီတစ်ခုထူထောင်ရန်အလို့ငှာ လေ့လာလိုက်စားခဲ့ခြင်းဖြစ်ကြောင်း နောင်တစ်ချိန်မှ သိရှိခဲ့ရပေသည်။ ( ယက်ကန်းယက်လုပ်သူများမှာ အမျိုးသမီးငယ်များသာဖြစ်သောကြောင့် ထိုကဲ့သို့ ကြိုးစားအားထုတ် လေ့လာခဲ့ကြကြောင်း အင်တာနက်သတင်းများအရ သိရှိရသည်။ )

အညာဒေသ၏ ဒေသထုတ်ကုန်တစ်ခုဖြစ်သော ထန်းလျှက်သည်လည်း ကျုပ်တို့အတွက် လေ့လာစရာ ကုန်ပစ္စည်းတစ်ခုအဖြစ် ပါဝင်ခဲ့လေသည်။ ညနေစောင်း နေညိုချိန်ရောက်ပြီဆိုလျှင် ထန်းလျှက် ထုတ်လုပ်သော ထန်းတောစက်မှုဇုံသို့ စီးတော်ယာဉ် နွားလှည်းများဖြင့် သွားရောက်လေ့လာခဲ့ကြသည်။ ထန်းလျှက်စက်မှုဇုံအတွင်းသို့ ၀င်လိုက်သည်နှင့် ထန်းလျှက်ချက်သောနေရာမှ ထွက်ပေါ်လာသောရနံ့သည် ကျုပ်တို့ နှာခေါင်းကို လာရောက်သတင်းပို့ကြသည်။ မွှေးလိုက်တဲ့အနံ့။ သွားရည်တောင်ကျမိ၏။ ပိန်ပိန်ရှည်ရှည် ထန်းပင်များပေါ်မှ ဆင်းလာသော ထန်းတက်လုပ်သားကြီးများခါးမှချိတ်ထားသော ထန်းရည်မြူအိုကို အလုအယက်ဖြင့် လေ့လာကြည့်ရှု မြည်းစမ်း၍ သောက်သုံးကြသည်။ အော် ဒီအပင်ပေါ်ကကျတဲ့ အရည်ဟာ ထန်းလျှက်ဖြစ်လာပါလားဟု အံ့သြကြီးစွာဖြင့် လေ့လာမြည်းစမ်းကြသည်။ ခါးတွင်းမချဉ်စေရန် ပဲကြီးလှော်၊ လယ်ကြွက်ကြော်၊ လက်ဖက်သုပ်၊ ကြက်ကြော်စသည့် စားသောက်ဖွယ်ရာများသည်လည်း ထန်းလျှက်ဖြစ်လာမည့်အရည်များဖြင့် နေနှင့်လ ရွှေနှင့်မြလို အတွဲညီစွာလိုက်ဖက်လှပေသည်။ သည်လိုနှင့် ကျုပ်တို့ သူငယ်ချင်းတစ်တွေ အားသွန်ခွန်စိုက် လေ့လာလိုက်ကြတာ ထန်းတောစက်မှုဇုံကအပြန် နွားလှည်း ပေါ်တွင် မှောက်သူကမှောက် နောက်ဆုံးပေါ် မြန်နှုန်းမြှင့်နွားလှည်း၏ အရှိန်ကြောင့် မူးဝေအော့အန်သူများလဲ ရှိကြကုန်၏။ ( ကျုပ်တို့ လေ့လာရေးခရီးကာလအတွင်း ပင်းတလဲဒေသ ထန်းတောစက်မှုဇုံတွင် ထန်းလျှက် ထုတ်ကုန် ထက်ဝက်ခန့် ကျဆင်းသွားခဲ့ကြောင်း အင်တာနက်သတင်းများအရ သိရှိရသည်။ )

သည်လိုနဲ့ ပြည်သူ့အကျိုးဆောင်ရွက်ရင်း ပြည်သူလူထုဘ၀လေ့လာရင်းနဲ့ တစ်ပတ်မျှသောအချိန် ကုန်ဆုံးသွားလေသည်။ လေ့လာရေးခရီးကာလ ပြီးဆုံးပြီဖြစ်သဖြင့် သင်တန်းကျောင်းသို့ပြန်ရတော့မည်။ မော်တော်ယာဉ်တန်းကြီး ပင်းတလဲရွာမှထွက်ခွာဖို့အသင့်ပြင်ထားသည်။ အလာတုန်းကပျော်သလောက် အပြန်တွင် မှိုင်တွေငေးမောရင်းဖြင့် ကားပေါ်တက်ကြသည်။ ကားဘေးဘယ်ညာတွင် ရွာမှ မိမိတို့နှင့် ခင်တွယ်ခဲ့ကြသော ကလေး၊လူကြီး၊လူရွယ် ကျားမ အရွယ်စုံတို့မှ လိုက်လံနှုတ်ဆက်ကြသည်။ ဒေသထွက်ပစ္စည်းများကို လက်ဆောင်အဖြစ်ပေးအပ်ကြသည်။ သူငယ်ချင်းတစ်ချို့မှလည်း ပြန်ပေးစရာ မရှိသဖြင့် နီးစပ်ရာ ဦးထုပ်တံဆိပ်၊ ကော်လံတံဆိပ် စသည်တို့ကို လက်ဆောင်အဖြစ် ဖြုတ်ပေးကြသည်။ ( နောင်တစ်ချိန်တွင် ယူနီဖောင်းပြည့်စုံမှုမရှိသဖြင့် ဒုက္ခရောက်မည်ကို ထိုအချိန်က သတိမရခဲ့လေသလား ) ကားနှင့် မလှမ်းမကမ်းတွင် တရှုံ့ရှုံ့ဖြင့် ငိုသံကြားမိလို့လှမ်းကြည့်မိသည်။ ပုဆိုးကို ထဘီလို ၀တ်ဆင်ထားသည်။ ရှပ်အင်္ကျီကို ပုဆိုးအပြင်ထုတ်ဝတ်ထားသည်။ မျက်ရည်စီးကြောင်းနှင့်အတူ ပျက်လုစဲစဲ သနပ်ခါး ပါးကွပ်ကြား၊ နှုတ်ခမ်းနီခပ်ပါးပါးဆိုးထားသောမျက်နှာနှင့် ကျားမဟုတ် မမဟုတ်တစ်ယောက် ရှိုက်ကြီး တငင်ငိုနေတာတွေ့မိသည်။ ကျုပ်တို့ ယာဉ်တန်းကြီးထွက်သွားတော့ တစ်ရွာလုံး လက်ပြနှုတ်ဆက်ရင် ကျန်ခဲ့ကြလေသည်။ ငိုတဲ့လူတွေလဲ ငိုပြီးကျန်ခဲ့လေသည်။ အန်ကန်ဖိုက် ခေါ် ဦး၅ ကို အောင်မြင်စွာကျင့်သုံးနိုင်ခဲ့လျှင် ၎င်းအရာသည် လူတန်းစားပေါင်းစုံတို့ကို စွဲကိုင် လှုပ်နှိုးနိုင်သော အရာဖြစ်ပေတော့သည်။ ( ထို မိန်းမလျှာလေး မည်သူ့အတွက် ငိုသည်ကို ကျွန်ုပ် မဖော်ထုတ်လိုပါ၊ နောင်တစ်ချိန်တွင် သင်တန်းကျောင်းအထိ လိုက်လံတွေ့ဆုံသည့်သူများလည်းရှိကြောင်း၊ ထိုဒေသခံ အမျိုးသမီးများဖြင့် အိမ်ထောင်ပြုသူတွေလဲ ရှိခဲ့ကြောင်း အင်တာနက်သတင်းများအရ သိရှိရသည်။ )

လွန်ခဲ့သော (၁၄) နှစ်တာကာလက အဖြစ်အပျက်များကို သူငယ်ခြင်းအပေါင်းအား သတိရစရာ အမှတ်တရအဖြစ် အပျော်သက်သက် ရေးသားခြင်းဖြစ်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ပါစေခြင်း အလျင်းမရှိကြောင်း ၀န်ခံပါသည်။ ( လွန်တာရှိလဲ သည်းခံပေရော့ … ဟီး ဟီး )

ကျုပ်ရဲ့ အားနည်းလှသော စာအရေးအသား ၊ ရှည်လျှားသောစာတို့ကို သည်းခံဖတ်ရှုပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း-

ပြည်သူ့မေတ္တာခံယူလျှက်
မေဂျာ ယွန်းထဉ်

No comments: