ကျတော်တို့  ကမ္ဘာတစ်ဝှမ်းက တက္ကသိုလ်အသီးသီးမှာ ဘွဲ့ နှင်းသဘင်ကျင်းပတဲ့နေ့ တွေ ကျောင်းပြီးလို့ နှုတ်ဆက်ပွဲလုပ်တဲ့နေ့ တွေစာမေးပွဲပြီးတဲ့နေ့ တွေအစရှိသည်ဖြင့် အသီးသီးရှိကြလိမ့်မယ်။ အဲဒီ အဲဒီနေ့ တွေမှာကျောင်းနေဘက်သူငယ်ချင်းတွေဟာ ဘွဲ့ ရလို့ ပျော်ကြတာတစ်မျိုး၊ ကျောင်းပြီးလို့ ပျော်ကြတာတစ်မျိုး နဲ့ အသီးသီးပျော်ရွှင်နေကြလိမ့်မယ်။ ဒါပေမယ့် အတူတူကျောင်းတက်ပြီး ပေါင်းဖော်လာတဲ့သူငယ်ချင်းတွေနဲ့ ခွဲကြရတော့ ၀မ်းနည်းကြတာလည်းရှိကြလိမ့်မယ်။ သူငယ်ချင်းသံယောဇဉ် ဆိုတာကလည်း ခိုင်မာတာပဲလေ။ ဒါပေမယ့် ကိုယ့်ထက်နှစ်ကြီးတဲ့ သူတွေ စီနီယာကျောင်းသားတွေ ဘွဲ့ ရတဲ့အချိန် ၊ ကျောင်းပြီးတဲ့အချိန်ကို ကြည့်ပြီး ၀မ်းနည်း ၀မ်းသာ နဲ့ ငိုကြတဲ့ တက္ကသိုလ်တော့ အနည်းအကျဉ်းပဲရှိလိမ့်မယ်လို့ ကျတော် ထင်မိပါတယ်။
" စစ်............တက္ကသိုလ်..........."
"ကျောင်းဆင်းတပ်ရင်းအား.............................."
"အလေးးးးးးးးးးးးးးးးးးးးးးးးးးးး ပြု "
နောက်ရံဗိုလ်လောင်းတပ်ရင်းရဲ့ စစ်ရေးပြမှုးထံမှ ဟိန်းထွက်လာတဲ့ အမိန့် သံအောက်မှာ ကျတော်တို့ တွေ သေနတ်ဒင်ကို ဖြောင်းကနဲ မည်အောင်ရိုက် သေနတ်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း နောင်တော်ကျောင်းဆင်းတပ်ရင်းကိုအလေးပြုလိုက်ကြတယ်။
အော်လန်ဆိုင်းတေးသွားကို နိုင်ငံတော်စစ်တီးဝိုင်းကတီးတယ် ။ ထွက်ပေါ်လာတဲ့တေးသွားအောက်မှာ အနှေးလျောက်နဲ့ တစ်ရွေ့ ရွေ့ ကွင်းထဲကထွက်ခွါနေတဲ့ နောင်တော် ကျောင်းဆင်းတပ်ရင်းကို ကျတော်တို့ အလေးပြုလျက်ကြည့်နေရတဲ့ ခံစားမှု .......။
အံကိုတင်းတင်းကြိတ်ထားပါလျက်နဲ့  မျက်လုံးထောင့်က ထွက်ကျလာတဲ့ မျက်ရည်ကထိန်းမရခဲ့ဘူး။
ဟုတ်တယ် ပွဲကြည့်စဉ်ပေါ်ကသူတို့ သင်ပေးလိုက်လို့ ဗိုလ်ဖြစ်သွားတဲ့သူတို့ တပည့်တွေကိုကြည့် ရင်းဝမ်းသာပီတိဖြစ်နေတဲ့နည်းပြတွေ။ သူတို့ သားတွေ အတွက်ဂုဏ်ယူဝမ်းသာနေတဲ့မိဘတွေ ဆရာတွေ ။အားလုံးရဲ့ ပြုံးပျော်မှုတွေနဲ့ ပြည့်လျှံနေတဲ့အချိန် မှာ နောင်တော်တပ်ရင်းကို အလေးပြုလျက် မျက်ရည်ကျနေတဲ့ နောက်ရံတပ်ရင်းဆိုတဲ့ ညီငယ်တွေ စစ်ရေးပြကွင်းထဲမှာရပ်နေတာကို ဘယ်သူမှသတိမပြုမိကြဘူး။ ဟုတ်ပါတယ် ကျတော်တို့ က အရံပဲလေ။
နောက်ရံတပ်ရင်းထွက်ခွာချိန်မှာတော့ စစ်ရေးပြကွင်းထဲမှာ ကင်မရာမန်း ကလွဲပြီးဘယ်သူမှ
မရှိတော့ပါဘူး။ နောက်ရံတပ်ရင်းရဲ့ စစ်သီချင်းသံကဟိန်းနေတယ်။
♫ ♪နောင်တော်စစ်သည်များတို့ တိုင်းပြည်အတွက်အလုပ်လုပ်နှင့်ကြ
နောင်တော်စစ်သည်များတို့ တိုင်းပြည်အတွက်ပေးဆပ်နှင့်ကြ
ပေးအပ်တဲ့တာဝန်တွေကိုကျေပြွန်စွာထမ်းဆောင်ကြ
ရဲစိတ်မာန်ချီ စစ်သွေးကြွကြွ
အမိစစ်တက္ကသိုလ်မြေမှ ဆည်းပူးခဲ့တဲ့ပညာများ
တိကျစွာအသုံးချလို့ လုံ့ လ ၀ရိယ ရှိကြ
တာဝန်ကျရာတပ်သီးသီးကို ခရီးဆက်ရာမှာ
တို့ တစ်တွေကိုသတိရဘို့ မလို
တိုင်းပြည်ကိုသာအဆတန်ဘိုးကာကွယ်ကြ.....♫ ♪
သီချင်းစာသားက အားနဲ့ မာန်နဲ့ ဆိုနေတဲ့ကျတော်တို့ ကို ငိုသံပါစေခဲ့တယ်။
သူတို့ ဟာကျတော်တို့ ရဲ့ လက်ဦးဆရာဆိုလည်းမမှားဘူး။ မိဘရင်ကခွဲထွက်လာတဲ့ လူမမယ်အရွယ်ကို အနုနည်းနဲ့ တစ်ဖုံ အကြမ်းနည်းနဲ့ တစ်မျိုး အနီးကပ်သွန်သင်ခဲ့တဲ့ကျောင်းသားတွေ ဖြစ်သလို အစ်ကိုတွေ လည်းဖြစ်တယ်။ စစ်တက္ကသိုလ်မှာ ကျတော်တို့ အပြစ်အမျိုးမျိုးလုပ်မိခဲ့ကြတယ်။ သူတို့ ကလည်း အပြစ်အမျိုးမျိုးပေးခဲ့ကြတယ်။ ဒါပေမယ့်သူတို့ မကြိုက်ဆုံးက ငိုတဲ့အပြစ်ပဲ ။ကျတော်တို့  ငိုရင်သူတို့ တအားစိတ်ဆိုးတယ်။ မျက်ရည်ဆိုတာ ကျရှုံးခြင်းရဲ့ နမိတ်လို့ သူတို
့ကသင်ပြတယ်။ လောကဓံကိုအံကြိတ်တတ်အောင်သူတို့ စံနမူနာပြပေးခဲ့ကြတယ်။ ကျတော်တို့  ခိုးခိုးပြီးငိုတယ် ။သူတို့ ကလည်း ဒီဘ၀ကတက်လာတာမို့  မိအောင်ဖမ်းတယ်။ ဒီနေ့ ကျတော်တို့ ငိုနေတာကိုရောသူတို့ သိကြလား။ သူတို့ မသိချင်ယောင်ဆောင်သွားခဲ့တယ်လို့ ကျတော် ထင်တယ်။
ကျတော်မှတ်မိသေးတယ်။ ကျတော်တို့ ကပထမနှစ် ၊ ကျတော့် ဂါဒီယံ နောက်ဆုံးနှစ် ကျောင်းဆင်းတော့ ကျောင်းဆင်းပြီးနောက်တစ်နေ့ မှာသူတာဝန်ကျတဲ့မိခင်တပ်ကိုသွားဘို့  ယာဉ်တန်းဆီကိုကျတော်တို့ လိုက်ပို့ တယ်။ယာဉ်တန်းနားရောက်တော့ အရာရှိဆောင်းဦးထုပ် ပိကပ်ကိုဆောင်းထားတဲ့ပခုံးပေါ်ကအပွင့်တစ်ပွင့်နဲ့  စမတ်သိပ်ကြတဲ့ ကျတော်တို့ ဂါဒီယံကို အလေးပြုလျက်နှုတ်ဆက်တယ်။ သူက ကျတော်တို့ ပထမနှစ် ဂါဒီယံသုံးယောက်စလုံးကို ခေါင်းလေးတွေပြန်ပုတ်ပြီး လိမ်လိမ်မာမာနေခဲ့ကြကွာလို့ ပြန်ပြောတယ်။ ကျတော်တို့ အားလုံး ရှိုက်သံတွေနဲ့ ပါ။ယာဉ်တန်းဆီကိုတစ်ဖြေးဖြေးလမ်းလျှောက်သွားတဲ့ သူ့ ကို ကျတော်လှမ်းအော်တယ်
"အစ်ကိုကြီး....."
သူတစ်ချက်မှပြန်မလှည့်ကြည့်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတာလဲကျတော်တို့ မသိဘူး။
ဟုတ်လိမ့်မယ်။ စစ်တက္ကသိုလ်ဗိုလ်လောင်းတိုင်း အဲဒီနေ့ ကိုကျော်ဖြတ်ဘူးကြလိမ့်မယ်။ ကျတော်တို့ ဂါဒီယံအုပ်ရဲ့ ဘေးမှာကျတော့်သူငယ်ချင်းသုံးယောက် သူတို့ ဂါဒီယံ ဒုဗိုလ်ကို ထိုင်ကန်တော့နေတာလဲကျတော်တို့ မြင်ခဲ့ရတယ်။ သူတို့ ဟာတစ်နှစ်ကြီးတစ်နှစ်ငယ်တွေချည်းပဲ။ ဒါပေမယ့်သူတို့ တစ်ဦးချင်းပေါ်ထားတဲ့သစ္စာတရား မေတ္တာတရားက ဘာနဲ့ မှလဲမရဘူး။
ကျတော်ပထမနှစ်တုံးက ကျတော့်ဂါဒီယံကိုလှမ်းခေါ်တော့ သူဘာလို့ လှည့်မကြည့်ခဲ့သလဲဆိုတာ ကျတော်သိခွင့်ရခဲ့တယ်။ အဲဒါကကျတော်ကျောင်းဆင်းတဲ့နေ့ ။ ကျတော်ရဲ့ ဂျူနီယာနှစ်ယောက် ကျတော့်ကိုယာဉ်တန်းဆီလိုက်အပို့ သူတို့ ကိုကျတော်တစ်ချက်မှလှည့်မကြည့်ခဲ့ဘူး။ ဘယ်လှည့်ကြည့်လို့ ရမလဲဗျာ။ သူတို့ သိပ်လေးစားပါတယ်ဆိုတဲ့ သူတို့ စီနီယာကျတော်က မျက်လုံးမှာမျက်ရည်တွေနဲ့ ကိုးးးးးး။ ကျတော်အဲလောက်တော့သိက္ခာရှိပါသေးတယ်။ သူတို့ ငိုတိုင်းကျတော် စိတ်ဆိုးမာန်ဆိုးနဲ့ အပြစ်ပေးခဲ့တာ။ ကျတော်ကသူတို့ ရှေ့ ငိုလို့ ဘယ်ဖြစ်မလဲ။
ဒါတွေဟာဘာကြောင့်လဲ...။ ဒီအချိန်အိပ် ဒီအချိန်စား ဒီအချိန်မှာနား ဒီအချိန်မှာစာကျက် ဒီအချိန်မှာ အပြစ်ပေး ဒီအချိန်မှာအပြစ်ခံ ဆိုတဲ့ အချိန်ဇယားတစ်ခုအောက်မှာ သံပတ်ပေးထားတဲ့ ၁၇ နှစ် ၁၈ နှစ်ဆိုတဲ့ယောက်ကျားတွေ။ ခံစားချက်ဆိုတာဘာမှန်းမသိတဲ့ စက်ရုပ်လိုလူသားတွေ။ တပ်ပြင်ထွက်ရင် ရီစရာကိုမရီတတ် ငိုစရာကိုမငိုတတ် မျက်နှာထားတင်းတင်းနဲ့ လက်သီးကိုကျစ် နေအောင်ဆုပ်ပြီး မြို့ ထဲလမ်းလျှောက်တဲ့ သံပတ်ရုပ်တွေ သူတို့ အားလုံးဘာကြောင့်ဒီနေ့ မှာ မျက်ရည်ကျလဲ။ ကျတော်တို့ ငိုတာမဟုတ်ဘူးဗျမျက်ရည်ကျတာ။ ထိန်းထားရက်နဲ့ ကျတာ ။ ဒါကဘာကြောင့်လဲ...။
ကျတော်ကတော့ အဲဒီဆောင်ပုဒ်လေးကိုသတိရလိုက်တယ်
(ရဲဘော်စိတ်ဟူသည် ရဲဘော်အချင်းချင်းပေါ်ထားရှိသေး မေတ္တာတရား သံယောဇဉ်တရား သစ္စာစောင့်သိမှုတရားပင်ဖြစ်သည်။)
ဟုတ်တယ်....အဲဒီနေ့ က
( စက်ရုပ်တွေမျက်ရည်ကျတဲ့နေ့ )
ထူးဝေ
https://www.facebook.com/htoo.wai.948?ref=ts&fref=ts မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment