၂၂-၂-၂၀၁၃ နေ့ဟာ ကျွန်တော်တို့ အမှတ်စဉ် ၄၃ ဗိုလ်လောင်းသင်တန်း ရဲ့ အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ အခြား အပတ်စဉ်များက သူတို့ အပတ်စဉ်နေ့အဖြစ် ကျောင်းဆင်း ပြန်တမ်းဝင် ခန့်အပ်ခံရတဲ့နေ့ကို သတ်မှတ်ကြပေမယ့် ကျွန်တော်တို့ကတော့ ကျောင်းဆင်းဖို့ ၄၃ ရက်အလို၊ ကျောင်းသားဗျူဟာနံပတ် ၄၃ အပတ်စဉ်အလံတော် ဆင်ယင်တဲ့နေ့ကို အပတ်စဉ်နေ့အဖြစ် သတ်မှတ်ခဲ့ကြတာက ကျွန်တော်တို့ အပတ်စဉ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် ဧပြီလ ၆ ရက်နေ့မှာ ကျောင်းဆင်း ပြန်တမ်းဝင်အဖြစ် ခန့်အပ်ခံရပြီးနောက် အပတ်စဉ် အထိမ်းအမှတ် အလံတော်ကို ရန်ကုန်မြို့က ဗိုလ်တစ်ထောင်ဘုရား ဌာပနာတိုက်မှာ သွားရောက် လှူဒါန်းခဲ့တာကလည်း ကျွန်တော်တို့ အပတ်စဉ်က စတင်ပြုလုပ်ခဲ့တဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။
ကျောင်းဆင်းပြီး ပထမဆုံးကျရောက်တဲ့ အပတ်စဉ် အထိမ်းအမှတ်နေ့ကို ရန်ကုန်မြို့ ဗိုလ်တစ်ထောင်ဘုရားမှာ ကျင်းပခဲ့ပါတယ်။ ကျင်းပတယ် ဆိုတာထက် ဘုရားမှာ ညနေပိုင်းစုဝေးကြပြီး ကုသိုလ်ကောင်းမှု ပြုကြတာပဲ ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ ကျွန်တော်တို့ဟာ ဒုတိယဗိုလ်အဆင့်သာ ရှိပါသေးတယ်။ ၄၆၄ ယောက် ကျောင်းဆင်းတဲ့ အထိမ်းအမှတ်နဲ့ ဘုရားကို ဖယောင်းတိုင် ၄၆၄ တိုင် ထွန်းညှိပူဇော်ပြီး အလှူငွေများ လှူဒါန်းခဲ့ပါတယ်။ အဲသည်တိုတောင်းတဲ့ အချိန်အတွင်းမှာတောင်မှ ကျောင်းဆင်းခဲ့တဲ့ အရေအတွက် မပြည့်တော့ပါဘူး။ တစ်ယောက်လျော့နေပါပြီ။
ဒီလိုနဲ့ နှစ်စဉ်နှစ်တိုင်း ဖေဖေါ်ဝါရီလ ၂၂ နေ့ ရောက်လုပြီ ဆိုတာနဲ့ ကုသိုလ်ကောင်းမှု ပြုဖို့ ပြင်ကြဆင်ကြ၊ အဲသည်နေ့ဟာ ရုံးဖွင့်ရက်ဖြစ်နေတယ်ဆိုရင် အနီးဆုံး အားလပ်ရက် တစ်ရက်ရက်မှာ ကျင်းပဖို့ အစီအစဉ် ဆွဲကြနဲ့။ ဖေဖော်ဝါရီလ ၂၂ ဟာဆိုရင် ကျွန်တော်တို့တွေရဲ့ စည်းလုံးညီညွတ်မှုကို ဖော်ကျူးရာ ကုသိုလ်ပြုရာ ဆုံဆည်းကြရာ နေ့တစ်နေ့ ဖြစ်လာခဲ့ပါတယ်။
ကျောင်းဆင်းကတည်းက ဖေဖော်ဝါရီလ ၂၂ ရက်နေ့ပေါင်း ၁၁ ခါ ကျော်ဖြတ်ခဲ့ပြီးပါပြီ။ လောကဓမ္မတာအရ ကျောင်းအတူဆင်းခဲ့ကြတဲ့ ညီအစ်ကိုတစ်တွေဟာ တစ်နှစ်ပြီး တစ်နှစ် လျော့လျော့လို့သာ လာတာနဲ့အမျှ ညီအစ်ကိုတွေရဲ့ သံယောဇဉ် နဲ့ စည်းလုံးညီညွတ်မှုတွေဟာလည်း တိုးတိုးလို့သာ လာပါတော့တယ်။ ဒီလိုနဲ့ ၄၃ ညီအစ်ကိုတွေဟာ ကုသိုလ် အတူပြုကြ၊ အတူဆုံဆည်း စားသောက်ကြ၊ ဘောလုံးအတူကန်ကြ၊ အားနည်းတဲ့သူကို အားကြီးတဲ့သူက ကူညီထောက်မကြနဲ့ ချီတက်နေရင်း နိုင်ငံတော်နဲ့ တပ်မတော်က အားထားရတဲ့ မိဘပြည်သူတွေကို အလုပ်အကျွေးပြုနိုင်စွမ်းရှိတဲ့ သားကောင်းရတနာတွေ ဖြစ်အောင် အစဉ်ကြိုးစားလျက် ရှိနေကြပါတယ်။
ဒီဘလော့ထဲမှာပဲ ဖော်ပြပြီးသား ကဗျာလေးတစ်ပုဒ်ကို အကြောင်းတိုက်ဆိုင်လို့ ထပ်မံ ဖော်ပြလိုက်ပါတယ်။
တက်လှမ်းချင်း ရသများ
ဟိုနေရာဆီ ငါတို့သည်လျှင်
ကိုယ်စီရောက်လာ ဟိုတစ်ခါတည့်
များစွာသောင်းသဲ အားမာန်ခဲ၍
ဆင်နွှဲချီတက် ရှေ့ဆီဆက်ဖို့
အားတက်ဖွယ်ပ မေ့မရ။
ခရီးအစ အတိတ်က။
နောက်များမကြာ သည်နေရာ၌
တစ်ခါပြန်ဆုံ တွေ့ကြတုံသော်
စုံလင်ပြည့်ဝ မတွေ့ရတော့
ဘဝတက်လမ်း တစ်ဆင့်လှမ်းရင်း
သင်ခန်းစာတွေ ရလိုက်ကြ။
ဩော် . . . ဩော် သူတို့ ကျန်ခဲ့ကြ။
လောကဓမ္မ သဘာဝ။
ယခုရောက်လာ ဤနေရာဝယ်
တစ်ခါထပ်မံ ဆုံကြပြန်လည်း
ကျန်ရစ်သူမှာ များလှစွာမို့
တွေ့သာတွေ့ကြ နည်းလွန်းစွတည့်
ဘဝရှေ့ဆက် တစ်ဆင့်တက်ရင်း
ရင့်ကျက်မှုတွေ ရပြန်ကြ။
သူတို့ထပ်မံ ကျန်ခဲ့ကြ။
ဩော် . . .
ခရီးအစ တူထွက်ကြလည်း
လောကလမ်းမှာ မင်း သူ ငါတို့
တစ်ခါပြန်ဆုံ မပြည့်စုံနှင့်
နှစ်ခါပြန်ဆုံ နည်းခဲ့တုံနှင့်
သို့ဆုံကြစဉ် ရှေးယခင်ကို
မြင်ယောင်တွေးတော ရင်ခုန်မောရင်း
နောင်သောအခါ နောင်နေရာ၌
ငါပင်ငါမှ ပါနိုင်စ . . . ဟု
ရခဲ့သံဝေ တွေးမိချေသည်
မြင့်လေခက်လေ လောကလမ်း။
ကိုယ်စီဖြတ်သန်း တို့လျှောက်လှမ်း။ ။
" စစ်တက္ကသိုလ်ကျောင်းဆင်း နောင်ညီများသို့ . . . "
မောင်စိမ်းနောင် (လယ်ဝေး)
ဒုတိယဗိုလ်မှူးကြီး မျိုးထွန်း (ငြိမ်း)
စတသ(၂၇)
( စစ်တက္ကသိုလ် နှစ်လည်မဂ္ဂဇင်း ၂၀၁၀ )
No comments:
Post a Comment