
အိန္ဒိယနိုင်ငံ၊ Khadakwasla အရပ်မှာ ဖွင့်လှစ်ထားတဲ့ ဒီတက္ကသိုလ်ဟာ နောင်တချိန်မှာ အိန္ဒိယတပ်မတော်ကို ခေါင်းဆောင်မယ့် အရာရှိငယ်တွေကို လေ့ကျင့်မွေးထုတ်ပေးနေတဲ့ နာမည်ကျော် စစ်ကျောင်းကြီးတခု ဖြစ်ပါတယ်...။ NDA ကို ၁၉၅၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပြီး အဆောက်အဦးတွေ တည်ဆောက်ထားပုံကတော့ အမေရိကန် West Point စစ်တက္ကသိုလ်က အဆောက်အဦးတွေ ပုံစံအတိုင်း နမူနာယူ တည်ဆောက်ခဲ့တာလို့ သိရပါတယ်။ ဗိုလ်လောင်းဝင်ခွင့်အတွက် ၆ လတစ်ကြိမ် ရေးဖြေ စာမေးပွဲတွေကို ကျင်းပပြုလုပ်ပေးပါတယ်...။ ရေးဖြေစာမေးပွဲ အောင်မြင်တဲ့သူတွေကို စိတ်ပညာပိုင်း ဆိုင်ရာ ဆန်းစစ်မှုနဲ့ အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု (Group Test) တွေမှာ ထပ်မံ အကဲဖြတ် စစ်ဆေးပါတယ်။ အဲဒီဆန်းစစ်မှုတွေ အောင်မြင်တဲ့သူတွေဆီကိုတော့ Medical Check-up လာရောက်စစ်ဆေးခံဖို့ အိမ်တိုင်ရာရောက် စာပို့ပြီး အကြောင်းကြားပေးပါတယ်။ ဆေးစစ်မှု လာရောက်ခံယူတဲ့သူတွေထဲကမှ စစ်ဆေးမှု အရပ်ရပ်တိုင်းမှာ အရည်အချင်းအမြင့်မားဆုံးနဲ့ အောင်မြင်ခဲ့တဲ့ ဖြေဆိုသူ အနည်းဆုံး အယောက် ၃ဝဝ မှ အများဆုံး ၃၅ဝ ကိုသာ ထပ်မံ စိစစ်ရွေးထုတ်ပြီး ဗိုလ်လောင်းအဖြစ် လက်ခံ ခေါ်ယူ လေ့ကျင့်ပေးတာဖြစ်ပါတယ်...။
NDA မှာ ဗိုလ်လောင်းတပ်ရင်း(၄)ရင်း ဖွဲ့စည်းထားပြီး ဗိုလ်လောင်းတွေဟာ သင်တန်းကာလ (၃)နှစ် တက်ရောက် သင်ကြားကြရပါတယ်...။ ပထမ ၂ နှစ်မှာ ဖော်ပြပါ တက္ကသိုလ်ဘွဲ့(B.Sc., B.A., B.Sc. Computer Science)တွေအတွက် စာပေဘာသာရပ်တွေနဲ့ စစ်အခြေခံပညာရပ်တွေကို လေ့ကျင့် သင်ကြားရပါတယ်...။ နောက်ဆုံးနှစ်မှာတော့ မိမိတို့ လျှောက်ထားခဲ့တဲ့ လက်ရုံးတပ်ဖွဲ့ (ကြည်း၊ ရေ၊ လေ)အလိုက် သက်ဆိုင်ရာ စစ်ပညာတွေကို ဆက်လက် ဆည်းပူး လေ့လာကြရပါတယ်...။ သင်တန်းကာလ ၃ နှစ်ပြီးဆုံးတဲ့အခါ တပ်မတော်(ကြည်း) လျှောက်ထားတဲ့သူတွေက Dehra Dun အရပ်မှာ ဖွင့်လှစ်ထားတဲ့ Indian Military Academy(IMA) ကို ဆက်လက် သတင်းပို့ကြရပါတယ်...။ တပ်မတော်(လေ) မှာ တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားခဲ့တဲ့သူတွေက Hyderabad အရပ်မှာ ဖွင့်လှစ်ထားတဲ့ Air Force Academy ကို ဆက်လက်တက်ရောက်ရပါတယ်...။ တပ်မတော်(ရေ) လျှောက်ထားခဲ့တဲ့ အရာရှိတွေက ရေတပ် လေ့ကျင့်ရေးဋ္ဌာနချုပ် အသီးသီးကို သွားရောက်ကြရပါတယ်...။
ဒီနေရာလေးမှာ NDA ရဲ့ ကျောင်းဆင်းပွဲ ဗီဒီယိုဖိုင်ကို တင်ပေးလိုက်ပါတယ်...။ ကျောင်းဆင်း ဗိုလ်လောင်းတွေရဲ့ လှုပ်ရှားမှုတွေက အားမာန်အပြည့်နဲ့မို့ ကြည့်ရသူကို စိတ်ဓာတ်တက်ကြွစေပါတယ်...။ နောက်ဆုံး ကျောင်းဆင်းတပ်ရင်း ထွက်ခွာတဲ့အခါ စစ်တီးဝိုင်းက Auld Lang Syne တီးလုံးကို တီးမှုတ်ပေးတာ တွေ့ရပြီး အိန္ဒိယ တပ်မတော်(လေ) တိုက်လေယာဉ်တွေက စစ်ရေးပြကွင်းပေါ် ဂုဏ်ပြု ဖြတ်သန်းတာကိုလည်း မိတ်ဆွေတို့ တွေ့မြင်နိုင်မှာဖြစ်ပါတယ်...။
No comments:
Post a Comment