Friday, February 19, 2016

စစ်တက္ကသိုလ် အမှတ်စဉ် ၄၃ အလံတော်နေ့



. . . ဒီနေ့ဟာ စစ်တက္ကသိုလ် အမှတ်စဉ် ၄၃ ရဲ့ အလံတော်နေ့ ဖြစ်ပါတယ်။ အမှတ်စဉ် ၄၃ အမှတ်အသားပါတဲ့ အလံတော်ကို ကျောင်းဆင်းခါနီးမှာ ဗိုလ်လောင်းတစ်ဦးကတစ်ဦးကို လက်ဆင့်ကမ်း တပ်ဆင်ဂုဏ်ပြုကြရာကနေ အလံတော်နေ့ သတ်မှတ်ခဲ့ကြတာပါ။ စစ်တက္ကသိုလ်မှာ Intake Flag တပ်တဲ့ ဓလေ့ထုံးစံ ဘယ်တုန်းက စခဲ့တယ် မသိပေမယ့် ၁၉၉၀ ကျော် ကာလတွေမှာ အဲသည်ဓလေ့ ရှိနေပြီး နောက်ပိုင်းမှာလည်း ဆက်လက် ထိန်းသိမ်းထားကြသလားဆိုတာတော့ မသေချာပါဘူး။
.
 . . . Intake Flagဆိုတာ ကျောင်းဆင်းပွဲမှာ ကျောင်းဆင်းတပ်ခွဲက ကိုင်ဆောင်ရတဲ့ အလံဖြစ်ပြီး ပုံစံတော့ အနီရောင်အောက်ခံ ဘယ်ဘက်အပေါ်ထောင့်မှာ စစ်တက္ကသိုလ် အလံ နဲ့ ညာဘက် အောက်ထောင့်မှာတော့ ကျောင်းဆင်းအပတ်စဉ်နံပါတ်ကို မြန်မာလို ရေးထားပါတယ်။ အဲသည် အလံတော် ပုံစံတူ ငါးလက်မ သုံးလက်မလောက် ရှိတဲ့ ဖိုင်ဘာပလတ်စတစ် ပြားလေးကို ရင်ထိုးသဖွယ် ဝတ်ဆင်ကြတဲ့ ဓလေ့ကို ပြောခြင်းဖြစ်ပါတယ်။ အဲသည်အလံကို လူနည်းတဲ့ အပတ်စဉ်တွေတုန်းက တစ်ပတ်စဉ်လုံးမှာ တစ်ခုတည်း ထားပြီး အလှည့်ကျ ဝတ်ဆင်ကြပေမယ့် ကျွန်တော်တို့ အပတ်စဉ်မှာတော့ တပ်ရင်း နှစ်ခုမှာ အလံတော် နှစ်ခုထားပြီး တစ်ပြိုင်တည်း နှစ်ခု ဝတ်ဆင်ကြပါတယ်။ ကျောင်းဆင်းအပတ်စဉ်က ဗိုလ်လောင်းတွေ အလှည့်ကျ ဝတ်ဆင်ကြတာဖြစ်လို့ ဘယ်လိုစနစ်နဲ့ အလှည့်ကို သတ်မှတ်သလဲ ပြောပြပါ့မယ်။
 . . .        ကျွန်တော်တို့ အပတ်စဉ်က ဗိုလ်လောင်း လေးရာကျော်ရှိတာမို့ တပ်ရင်းနှစ်ခု ခွဲလိုက်တဲ့အခါ တပ်ရင်းတစ်ရင်း လူနှစ်ရာကျော်ပါတယ်။ အဲသည် လူနှစ်ရာမှာ တပ်ရင်းအလိုက် ဗျူဟာနံပါတ်လို့ခေါ်တဲ့ နာမည်ကို  မြန်မာအက္ခရာစဉ်အတိုင်း နံပါတ်တပ်ထားတာ ရှိပါတယ်။ တပ်ရင်းတစ်ရင်းစီမှာ ဗျူဟာနံပါတ် တစ်ကနေ နှစ်ရာကျော် ရှိသလောက်ထိ နံပါတ်တွေ ကိုယ်စီ ရှိကြပါတယ်။ ကျောင်းဆင်းပွဲလုပ်ဖို့ ရက်ကို ခန့်မှန်းလို့ ရပြီဆိုတာနဲ့ Intake Flag ကို စတင် ဝတ်ဆင်ကြပါတယ်။ ကျောင်းဆင်းဖို့ ရက်ငါးဆယ် လိုတဲ့နေ့မှာ ဗျူဟာနံပါတ် ၅၀ တပ်ထားတဲ့ ဗိုလ်လောင်းက Intake Flag ကို ဝတ်ဆင်ခွင့်ရပါတယ်။ နောက်နေ့မှာ ကျောင်းဆင်းဖို့ ၄၉ ရက်လိုတဲ့ နေ့မို့ ဗျူဟာနံပါတ် ၄၉ တပ်ထားတဲ့ ဗိုလ်လောင်းကို လွှဲပေးရပါတယ်။ အဲသည်လို လွှဲတာက ရော့အင့် မင်းတပ်တော့ ဆိုပြီး လွှဲပေးတာမျိုး မဟုတ်ဘဲနဲ့ စစ်ရေးပြနဲ့ စနစ်တကျ လွှဲပေးရတာပါ။ 
.
. . .         ရုံးဖွင့်ရက်မနက် တန်းပေါင်းစီ ရှိတဲ့ နေ့တွေမှာ မနက်ပိုင်း စစ်ရေးပြ အစီအစဉ်တွေ အပြီးမှာ လုပ်လေ့ရှိပါတယ်။ ရုံးပိတ်ရက်ဆိုရင်တော့ တပ်ပြင်ထွက်ဖို့ တန်းစီရင်း လုပ်လေ့ရှိပါတယ်။ ကျောင်းတွင်းမှာ မရှိဘဲ တပ်ပြင်လေ့ကျင့်ခန်း ရှိရင်လည်း လေ့ကျင့်ခန်းလုပ်တဲ့ တောတွင်းတစ်နေရာမှာပဲ ဖြစ်ဖြစ် စစ်ရေးပြနဲ့ အလံကို လွှဲလေ့ရှိပါတယ်။ တပ်ပြင်လေ့ကျင့်ခန်းမှာ တပ်တဲ့ အလံက ဒီဇိုင်းတစ်မျိုးပါ။
.
. . .  Intake Flag ဝတ်ဆင်ခွင့်ရတဲ့နေ့မှာ ဝတ်ဆင်ထားတဲ့ ဗိုလ်လောင်းဟာ ဗိုလ်လောင်းတွေ အားလုံးရဲ့ အထွတ်အထိပ် အလေးအမြတ်ပြုတာ ခံရပါတယ်။ ဗိုလ်လောင်းအချင်းချင်း ရာထူးခန့်အပ် အုပ်ချုပ်စနစ်ရှိတဲ့ စစ်တက္ကသိုလ်မှာ Intake Flag တပ်ထားတဲ့သူဟာ အားလုံးထက် မြင့်မားတဲ့ အလေးဂရုပြုမှုကို ရပါတယ်။ ဗိုလ်လောင်းတပ်ရင်းမှူး၊ ဗိုလ်လောင်း တပ်ရင်းတာဝန်မှူး၊ ဗိုလ်လောင်းတပ်ခွဲမှူး စတဲ့ ခန့်အပ်တာဝန်ပေးခံထားရတဲ့ အရာရှိဗိုလ်လောင်းတွေ အားလုံးထက် Intake Flag တပ်ထားတဲ့ ဗိုလ်လောင်းက ပိုအဆင့်မြင့်ပါတယ်။ စားရိပ်သာထဲမှာပဲ ဖြစ်ဖြစ်၊ မြို့ထဲက စားသောက်ဆိုင်ထဲမှာပဲ ဖြစ်ဖြစ် Intake Flag ဝင်လာရင် အားလုံးက သတ်မှတ်ထားတဲ့ စည်းကမ်းများအတိုင်း အလေးအမြတ် ပြုကြရပါတယ်။
 .
. . .       Intake Flag ဝတ်ဆင်ခွင့်ရတဲ့ ဗိုလ်လောင်းဟာ အဲသည်နေ့မှာ သူငယ်ချင်းတွေနဲ့ ညီငယ်တွေကို တတ်နိုင်သလောက် ကျွေးမွေးတဲ့အလေ့ ရှိပါတယ်။ ဗိုလ်လောင်းတွေ ငွေကုန်ကြေးကျ များမှာစိုးလို့ မကျွေးရလို့ စည်းကမ်းထုတ်ဖူးတာတွေလည်း ရှိပါတယ်။ 
.
. . .         ကျွန်တော်တို့ အပတ်စဉ်က ၂၀၀၁ ခုနှစ် ဧပြီလ ၆ ရက်မှာ ကျောင်းဆင်းပွဲ လုပ်တာမို့ ၂၀၀၁ ခုနှစ် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့မှာ ဗျူဟာနံပါတ် ၄၃ ဗိုလ်လောင်းက Intake Flag ဝတ်ဆင်ရပါတယ်။ အဲဒါကို အစွဲပြုပြီး Intake Flag ၄၃ တပ်တဲ့၊ ကျောင်းဆင်းဖို့ ၄၃ ရက်အလို ဖြစ်တဲ့ ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့ကို စစ်တက္ကသိုလ် အပတ်စဉ် ၄၃ ရဲ့ ကျောင်းဆင်းအထိမ်းအမှတ်နေ့ Intake Day အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ကုသိုလ်ကောင်းမှုများပြုကြပါတယ်။ သေဆုံး ကျဆုံးတဲ့ သူငယ်ချင်းများကို အမျှအတန်းများ  ပေးဝေကြပါတယ်။ သူငယ်ချင်းတွေ စုနိုင်သလောက် စုစည်းတွေ့ဆုံကြပြီး အပတ်စဉ်ရဲ့ စည်းလုံးညီညွတ်ရေး အချင်းချင်း ကူညီရိုင်းပင်း နိုင်ရေးအတွက် နှစ်စဉ် စုစည်းတိုင်ပင် ဆွေးနွေးကြပါတယ်။
.
. . .         အရင်အပတ်စဉ်တွေက နောင်တော်တွေ သူတို့ရဲ့ Intake Flag တွေကို ဘယ်လို စီမံခဲ့ကြတယ် မသိပေမယ့် အပတ်စဉ် ၄၃ အလံတော်ကို ရန်ကုန်မြို့က ဗိုလ်တစ်ထောင်ဘုရား ဌာပနာတော်မှာ ထည့်သွင်းပူဇော်ထားပါတယ်။ နောင်နှစ်တွေမှာ ကျောင်းဆင်းလာတဲ့ ညီငယ်တွေလည်း သူတို့ Intake Flag ကို ဗိုလ်တစ်ထောင်ဘုရား ဌာပနာတော်မှာပဲ ပူဇော်ထားတာကို တွေ့ရပါတယ်။
.
. . . ပုံမှာပါတဲ့ အပေါ်တန်းဘယ်ဘက်က စစ်တက္ကသိုလ်အလံ ဖြစ်ပြီး ညာဘက်ကတော့ အပတ်စဉ် ၄၃ အလံ ဖြစ်ပါတယ်။ အောက်က ရောင်စုံ အလံလေးတွေက တပ်ခွဲရှစ်ခွဲ ကိုယ်စားပြုတဲ့ အရောင်ပါ အလံများဖြစ်ပါတယ်။ နာရီလက်တံလှည့်တဲ့အတိုင်း ရေတွက်ရရင် အနော်ရထာ၊ ဘုရင့်နောင်၊ အောင်ဇေယျ၊ အောင်ဆန်း၊ ကျန်စစ်သား၊ ဆင်ဖြူရှင်၊ မြ၀တီ၊ ဗန္ဓုလတို့ ဖြစ်ပါတယ်။