ကုလားကြီးပေါင်မုန့် (ခ) ABDUL MUNAB (အဗ္ဗဒွလ်မိုနားဖ်)
ဘာဘူကြီး ABDUL MUNAB သည် ၁၉၁၆ ခုနှစ်၊ မေလ (၁)ရက်နေ့တွင် မွေးဖွားပြီး India Pakistan သား ဖြစ်ပါသည်။ ဘင်္ဂလီလူမျိုး၊ အစ္စလာမ်ဘာသာကိုးကွယ်ပါသည်။ ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိသျှတပ်နှင့်ပါလာပြီး အလုပ်အကိုင်မှာ Tea Shop Keeper ဟု ၎င်း၏ ကိုယ်ရေးရာဇ၀င်တွင် ဖော်ပြထားပါသည်။ ကိုယ်ရေးရာဇ၀င်တွင် ဇနီးရှိသည်ဟု ဖော်ပြထားသော်လည်း မြန်မာပြည်သို့ ၀င်လာသောအခါ ဇနီးပါမလာပါ။ ၎င်းသည် Thrss Three and Brothers ကုမ္ပဏီတွင် ပေါင်မုန့်ဖုတ် အလုပ်သမားအဖြစ် လုပ်ကိုင်ပြီး ၎င်းမုန့်တိုက် (၎င်းမုန့်တိုက်သည် ယခုအခါ နာရီစင်အနီးရှိ ၀င်းကျော်ကဖေးဆိုင်ပင် ဖြစ်ပါသည်) မှ ပေါင်မုန့်များ၊ သရဖူမုန့်တိုက်မှပေါင်မုန့်များ၊ စိန်ကိတ်မုန့်တိုက်မှပေါင်မုန့်များကို ထိုအခါက လေ့ကျင့်ရေးတပ်၊ အုပ်ချုပ်မှုအကူအတတ်သင်ကျောင်း (ယခု - တအခ)စသဖြင့် တပ်များတွင် လှည့်လည်ရောင်းချကြောင်း သိရပါသည်။ စစ်တက္ကသိုလ်သည် ဗထူးမှ (၁၉၅၇)ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့မှ (၂၆)ရက်အတွင်း ပြောင်းရွှေ့ရောက်ရှိသောအခါ ဘာဘူကြီးသည် အသက် (၄၁)နှစ်ရှိပြီ ဖြစ်ပါသည်။ စစ်တက္ကသိုလ်တွင် ဗိုလ်လောင်း အမှတ်စဉ် (၁)မှ ပေါင်မုန့်ရောင်းသည်မှာ (၂၀၀၃၊ ၂၀၀၄) ခုနှစ်ခန့်အထိ (၄၆)နှစ်တိုင်တိုင်ရောင်းခဲ့ပါသည်။ အသက်အရွယ်အားဖြင့် ကြည့်ပါက (၈၈)နှစ်ရှိပြီ ဖြစ်ပါသည်။ ထိုခုနှစ်က ပေါင်မုန့်ရောင်းရန်အသွား တအခ ကျောင်းအုပ်ကြီး အိမ်ရှေ့တွင် ၎င်း၏စက်ဘီးနှင့်ဆိုင်ကယ်တိုက်မိ၍ ပွန်းပဲ့ဒဏ်ရာများ ရရှိသည်ကတစ်ကြောင်း၊ အသက်အရွယ်ကြီးရင့်သည်က တစ်ကြောင်းတို့ကြောင့် ပေါင်မုန့် မရောင်းတော့ဘဲ အိမ်တွင်သာ နားနားနေနေ နေခဲ့ပါသည်။ မကွယ်လွန်မီ (၃/၄)လခန့်အလိုတွင် စိတ်မူမှန်မှု မရှိတော့ဘဲ ကွယ်လွန်ခါနီး (၅)ရက်အလိုတွင် အိပ်ယာထဲလဲခဲ့ပါသည်။ ဘာဘူကြီးသည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂)၊ လမ်း (၂၀)ဗလီတိုက်ခန်းတွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ပါသည်။ ကွယ်လွန်ချိန်တွင် အသက် (၉၆)နှစ်ရှိပြီ ဖြစ်ပါသည်။