၁၉၉၈ ခုနှစ် မေလ ၂၅ ရက်နေ့တွင် စစ်တက္ကသိုလ်သို့ စတင်ရောက်ရှိခဲ့သည်။ ရောက်သည့် နှစ်မှာပင် ဝိဇ္ဇာ နှင့် သိပ္ပံ ဘာသာတွဲ စနစ်မှ အထူးပြုဘာသာရပ် စနစ်သို့ ပြောင်းလဲသည့်အခိုက် ဖြစ်၍ အထူးပြုဘာသာရပ် စနစ်၏ ဒုတိယမြောက် အပတ်စဉ် ဖြစ်ခဲ့သည်။ မြန်မာ့ သမိုင်းစဉ်လာ သူရဲကောင်းများ ဖြစ်သော အနော်ရထာ၊ ဘုရင့်နောင်၊ အောင်ဇေယျ၊ အောင်ဆန်း၊ ကျန်စစ်သား၊ ဆင်ဖြူရှင်၊ မြဝတီနှင့် ဘုရင့်နောင် ဟူသော တပ်ခွဲ ရှစ်ခွဲတွင် နီ၊ ပြာ၊ ဝါ၊ စိမ်း၊ လိမ္မော်၊ အပြာနု၊ နီညို နှင့် ခရမ်းရောင် ဟူသော သင်္ကေတများကို ကိုယ်စားပြု ခဲ့ကြသည်။
ပထမနှစ် အခြေခံ စစ်သင်တန်း ပြီးဆုံးချိန်တွင် ဗိုလ်လောင်းအသိအမှတ်ပြု ဒေါက်တင်ပွဲကို ကျင်းပပြီးနောက် တက္ကသိုလ် ပညာရပ်များကို သင်ကြားခဲ့ကြသည်။ စာပေပညာရပ်များကို အထူးပြုဘာသာရပ် ရှစ်ခုဖြင့် သင်ယူခဲ့ကြသည်။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ပထဝီဝင်၊ ဓာတုဗေဒ၊ ရူပဗေဒ နှင့် ကွန်ပြူတာသိပ္ပံ ဘာသာရပ်တို့ ဖြစ်ပါသည်။
ပထမနှစ် နှစ်ဝက်စာမေးပွဲ ပြီးဆုံးချိန်တွင် မြန်မာပြည် အလယ်ပိုင်း ရှိ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး တဝိုက် ရှေးဟောင်း ဘုရားပုထိုးများ၊ သမိုင်းဝင် ခံတပ်ဟောင်း များကို သွားရောက် လေ့လာခဲ့ကြသည်။ ဒုတိယနှစ်ဝက် အတန်းတင် စာမေးပွဲများ ပြီးဆုံးသောအခါ မိဘရပ်ထံသို့ခွင့်တစ်လ ပြန်ကြရသည်။
ဒုတိယနှစ်တွင်လည်း အလားတူပင် မြန်မာပြည် အလယ်ပိုင်းရှိ စက်ရုံ အလုပ်ရုံများသို့ သွားရောက် လေ့လာရင်း အပန်းဖြေခရီး တစ်ပတ်တာ သွားခဲ့ကြသည်။ အတန်းတင် စာမေးပွဲများ ပြီးဆုံး၍ မွေးရပ်ဌာနေမှ ပြန်လာသော အခါတွင် စစ်တတ္ကသိုလ်တွင် နောက်ဆုံးနှစ် ဗိုလ်လောင်းများအဖြစ် ကျောင်းတော်ကြီး၏ ကွပ်ကဲသူများတာဝန်ကိုထမ်းဆောင် နေကြရပြီ ဖြစ်သည်။
တတိယနှစ်တွင်မူ တစ်မူထူးခြားစွာ ပြည်သူ့ဘဝ လေ့လာရေး ခရီးစဉ်အဖြစ် ရွာကြီးတစ်ရွာတွင် အခြေပြု၍ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို တစ်ပတ်တာ ဆောင်ရွက်ခဲ့သည်။ ခရီးရှည် ချီတက်ထိုးဖောက်ခြင်း သင်ခန်းစာနှင့် အောင်စစ်သည်တိုက်စစ် ပြိုင်ပွဲတို့သည် ဗိုလ်လောင်းဘဝ၏ နောက်ဆုံး လေ့ကျင့်ခန်းများ ဖြစ်ပါသည်။
သုံးနှစ်တာကာလ စာပေပညာ စစ်ပညာများကို သင်ယူဆည်းပူးပြီးနောက် ၂၀ဝ၁ ခုနှစ် ဧပြီလ ၆ ရက် တွင် ကျောင်းဆင်းပွဲရက်သို့ ရောက်ရှိလာခဲ့သည်။ နံနက်ပိုင်းတွင် ကျင်းပသော ကျောင်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့သည်။ တစ်ဆက်တည်း ကျင်းပသော ရာထူးခန့် အခမ်းအနားတွင် စစ်ရာထူးခန့်ချုပ် ဗိုလ်ချုပ်တင်ငွေက မြန်မာ့တပ်မတော် ပြန်တမ်းဝင်အရာရှိ ဒုတိယဗိုလ်များအဖြစ် ခန့်အပ်ပေးခဲ့သည်။ နေ့လည်ပိုင်းတွင် ဘွဲ့နှင်းသဘင် အခမ်းအနားကို ကျင်းပပြီး စစ်တက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် တင်ဦးက အထူးပြုဘာသာရပ် အသီးသီးအလိုက် ဝိဇ္ဇာဘွဲ့၊ သိပ္ပံဘွဲ့နှင့် ကွန်ပြူတာသိပ္ပံဘွဲ့များကို ချီးမြှင့်အပ်နှင်းခဲ့သည်။
စစ်တက္ကသိုလ် အပတ်စဉ် လေးဆယ့်သုံး ဗိုလ်လောင်း သင်တန်းမှ ထူးချွန်ဆုရရှိသူများမှာ ဆင်ဖြူရှင်တပ်ခွဲမှ ဗိုလ်လောင်း ဝင်းကိုကို (အောင်စစ်သည်ဆု)၊ အောင်ဆန်းတပ်ခွဲမှ ဗိုလ်လောင်း သန်းဝင်းအောင်(လေ့ကျင့်ရေးထူးချွန်ဆု)၊ ဗိုလ်လောင်း မောင်မောင်လွင် (စာပေထူးချွန်ဆု ဝိဇ္ဇာ)၊ ဗိုလ်လောင်း ထွန်းနိုင်ဝင်း ( စာပေထူးချွန်ဆု သိပ္ပံ) တို့ဖြစ်သည်။
တာဝန်ကျရာ မိခင်တပ် အသီးသီးတွင် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ပြီးသောအခါ အများစုမှာ ရန်ကုန်တက္ကသိုလ်၊ စစ်တက္ကသိုလ် နှင့် ရုရှားနိုင်ငံ တက္ကသိုလ် အချို့တွင် မဟာဘွဲ့သင်တန်းများ တက်ရောက်ခဲ့ကြသည်။ သုံးနှစ်တာ ပညာများ ဆက်လက်ဆည်းပူးပြီးနောက် သင်တန်းများ ပြီးဆုံးသောအခါ ကာကွယ်ရေးဝန်ကြီးဌာန ဦးစီးရုံးကြီးများနှင့် ညွှန်မှူးရုံးများတွင် ဦးစီးအရာရှိများအဖြစ် လည်းကောင်း၊ မြို့ပြဘက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် ဦးစီးအရာရှိများအဖြစ် လည်းကောင်း၊ တပ်မတော် တက္ကသိုလ်များနှင့် စစ်သင်တန်းကျောင်း အသီးသီးတွင် စာပေနှင့် စစ်ပညာဆိုင်ရာ နည်းပြအရာရှိများအဖြစ်လည်းကောင်း၊ တပ်ရင်း တပ်ဖွဲ့များတွင် တပ်စုမှူး တပ်ခွဲမှူးများအဖြစ် လည်းကောင်း မိမိတို့ ကျရာတာဝန်များကို ထမ်းဆောင်ခဲ့ကြပါသည်။
ယခုအခါ တပ်မတော်တွင် ဆက်လက် တာဝန်ထမ်းဆောင်သူများက ဗိုလ်မှူး အဆင့်ဖြင့် တပ်ရင်းတပ်ဖွဲ့များတွင် ဌာနချုပ်တပ်ခွဲမှူး၊ တပ်ခွဲမှူး တာဝန်များကိုလည်းကောင်း၊ ဦးစီးရုံးများတွင် ဦးစီးအရာရှိ(ဒုတိယတန်း) တာဝန်များကို လည်းကောင်း၊ တပ်မတော် တက္ကသိုလ်များတွင် လက်ထောက်ကထိက များအဖြစ်လည်းကောင်း၊ မြို့ပြဘက်ဆိုင်ရာ ဝန်ကြီးဌာနများ နှင့် ပြည်ထောင်စုအဆင့် ဗဟိုအဖွဲ့အစည်းများတွင် လက်ထောက်ညွှန်ကြားရေးမှူး နှင့် ဦးစီးအရာရှိများအဖြစ် လည်းကောင်း၊ ပြည်သူ့ရဲတပ်ဖွဲ့တွင် ရဲမှူး အဆင့်ဖြင့် လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အသီးသီးတို့တွင် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ အဖြစ်လည်းကောင်း နိုင်ငံတော်တာဝန်များ ထမ်းဆောင်လျက် ရှိနေကြပါသည်။
(၆-၄-၂၀၁၂)
Saturday, February 21, 2009
Subscribe to:
Posts (Atom)